မြန်မာ့ခရီးသွားကဏ္ဍ ဈေးကွက်မြှင့်တင်သည့် အနေဖြင့် မန္တလေးမြို့တွင် ပထမဆုံး အကြိမ် နိုင်ငံပေါင်း ၁၀ နိုင်ငံ ပါဝင်မည့် “အာဆီယံ အစားအစာ ပွဲတော်” ကျင်းပမည်ဟု သိရသည်။
ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနမှ ဒု ညွန်ကြားရေးမှုးချုပ် ဦးအောင်အေးဟန်က “အခုက မိုးရာသီဆိုတော့ ခရီးသွား အထိုက်အလျောက် နည်းတဲ့ရာသီ ဖြစ်တာရယ်၊ အခုလို ဒေသအစုံရဲ့ရိုးရာ အစားအစာတွေကို တနေရာ တည်းမှာ ရရှိနိုင်မယ့် ပုံစံမျိုးနဲ့ ခရီးသွားလုပ်ငန်းကို ကြေညာတဲ့ သဘောပါပဲ” ဟု ဧရာဝတီကို ပြောသည်။
ယင်းပွဲတော်တွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်သော မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် အာဆီ ယံ မိတ်ဖက်နိုင်ငံများ ဖြစ်သော ဂျပန်၊ ကိုးရီးယား၊ တရုတ်နှင့် အိန္ဒိယတို့မှ ကျော်ကြားသော ဒေသထွက် အစားအစာ များအား ပြသ ရောင်းချသွားမည် ဖြစ်သည်။
အာဆီယံ အစားအစာ ပွဲတော်ကို မန္တလေး ကွန်ဗင်းရှင်းစင်တာ၌ သြဂုတ် ၁၇ ရက်နှင့် ၁၈ ရက် တို့တွင် နံနက် ၉ နာရီ မှ ည ၉ နာရီ အထိ ကျင်းပမည် ဖြစ်ကာ အစားအစာ ရောင်းချမည့် ပြခန်းပေါင်း ၁၀၀ ကျော် ပါဝင်မည်ဟု သိရသည်။
မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးသြင်္ကန်ကျော်က “ဒီပွဲမှာ မြန်မာ့ခရီးသွား ဇုန်နယ်မြေ ၁၅ ခုက အစားအသောက်တွေ လာရောက် ပြသမှာ ဖြစ်ပါတယ်။ ပြီးတော့ အစားအသောက်နဲ့ ပတ်သက် ပြီး မြန်မာမှာ ရှေးတုန်းကနေ လက်ရှိ မျက်မှောက်ခေတ် အထိ ပြောင်းလဲလာတဲ့ ပုံစံတွေကိုလည်း သရုပ်ပြသမယ့် အစီအစဉ် ရှိပါတယ်” ဟု ပြောသည်။
ပွဲတော်တွင် မြန်မာနိုင်ငံ အနေဖြင့် ပုဂံ ပုန်းရည်ကြီး၊ ကရင် ရိုးရာ တာလပေါဟင်းရည်၊ ကယား ဝက်အူချောင်း၊ ချင်း ဆားဘူးသီးထောင်း အစရှိသည့် ဒေသထွက် နာမည်ကျော် အစားအစာများအား ပြသ ရောင်းချသွားမည် ဖြစ်ပြီး ကော်ဖီ၊ ဖျော်ရည်ကော့တေး၊ အစားအသောက် အလှဆင်ခြင်းများ စသည့် သရုပ်ပြမှုများလည်း ပါဝင်မည်ဟု မြန်မာနိုင်ငံ စား သောက်ဆိုင် လုပ်ငန်းရှင်များ အသင်းက ဆိုသည်။
ပြည်တွင်း သာမက ပြည်ပနိုင်ငံများပါ ဖိတ်ခေါ်ပြုလုပ်သည့် အစားအစာပြပွဲ ဖြစ်သဖြင့် အစားအစာ ဘေးကင်းလုံခြုံမှု အတွက် ကျန်းမာရေး ဝန်ကြီးဌာနလက်အောက်ရှိ အစားအသောက်နှင့် သက်ဆိုင် သော ဦးစီးဌာနတွင် ပြပွဲ၌ ပြသ ရောင်းချမည့် အစားအစာများ၏ နမူနာများအားလည်းကောင်း၊ ရောင်းချမည့် ဝန်ထမ်းများ၏ ကျန်းမာရေး စစ်ဆေး ချက်များကိုလည်း ဆောင်ရွက်ထားပြီး ဖြစ်သည်ဟု သိရသည်။
ပထမအကြိမ် ရိုးရာအစားအစာပွဲတော်ကို ပြီးခဲ့သည့်နှစ်က ပုဂံတွင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မန္တလေးသို့ ရွေးချယ်ခဲ့ရာ အာဆီယံနိုင်ငံများမှ အစားအစာများ ပါဝင်ပြသမှုသည် ယခုနှစ်မှ စတင်ခြင်း ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနက သိရသည်။
You may also like these stories:
နိုင်ငံခြားသားခရီးသွားများ လည်ပတ်နိုင်မည့် ခရီးစဉ်အသစ်များ ရန်ကုန်တွင် ဖော်ထုတ်မည်
အာဆီယံအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်ဆု မြန်မာ့လုပ်ငန်းရှင် ၁၀ ဦးရရှိ
နိုင်ငံခြားသားများကို ကွန်ဒို ရောင်းချခွင့် ရရှိတော့မည်