မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် ယနေ့မနက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် သေဆုံးသူ ၁ဝ ဦး ရှိပြီး လူ ၃ဝ ခန့် မြေကြီးအောက်တွင် ပျောက်ဆုံးနေကြောင်း ထိုနေရာတွင် ရောက်ရှိနေသည့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။
သဲဖြူကုန်းကျေးရွာ၊ မုတ္တမ တောင်ခြေရှိ ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသည့် ဘုန်းတော်ကြီး ကျောင်းနှင့် နေအိမ် ၇ လုံးသည် ယနေ့ မနက် ၈ နာရီခန့်က မြေကြီးပြိုကျမှု အောက်တွင် ပျက်စီးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ မြေကြီးအောက်မှ ကယ်ဆယ်နိုင်ခဲ့သူများထဲတွင် ၁၀ ဦးသေပြီး ၁၅ ဦးမှာ ဒဏ်ရာ ရထားကြောင်း ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။
ကိုဘိုဘိုဝင်းက “မြေကြီးတွေက ဂဝံမြေကြီးတွေဖြစ်နေတော့ မြေကြီးအောက်က ပိနေတဲ့ လူတွေကို ခက်ခက်ခဲခဲ ကယ်ထုတ်နေရတယ်။ အခု အစိုးရဌာနဆိုင်ရာတွေကရော အရပ်ဘက်လူမှုအဖွဲ့အစည်း တွေကပါ အကုန် ဝိုင်းလုပ်နေကြတယ်။ အောက်မှာ ပျောက်နေတဲ့သူတွေကို ဆက်ရှာနေကြပါတယ်” ဟု ဆိုသည်။
တောင်ပြိုကျသည့် မြေသည် ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်းမကို ကျော်လွန်ကာ ပေ ၂၀ ခန့်အထိ ရောက်ရှိနေပြီး ကားလမ်းမပေါ်တွင် အသွားအလာ ပြုလုပ်၍ မရသေးကြောင်း မုဒုံ လူမှုကူညီရေးအဖွဲ့မှ ဦးမိုးမြင့်ရှိန်ကလည်း ပြောသည်။
တောင်မြေဖြစ်သည့် အပြင် ကျောက်တုံးများပါ ပြိုကျလာသည့်အတွက် ထိခိုက်ဒဏ်ရာနှင့် သေဆုံးသူ ယခုလို များပြားခြင်း ဖြစ်ကြောင်း၊ လမ်းပေါ်က မြေများကို ရှင်းလင်းရေး လုပ်နိုင်မှသာ လမ်းပွင့်ပြီး အခြေအနေ အသေးစိတ်ကို ပြောနိုင်မည်ဖြစ်ကြောင်း သူက ရှင်းပြသည်။
၎င်းက “ကျနော်တို့ လက်ရှိက ပေါင်မြို့နယ်ဘက်က ကူညီရေးအဖွဲ့တွေကလည်း လမ်းပိတ်နေတော့ သူတို့ဘက် အခြမ်းကနေပဲ လုပ်နေရ၊ ကျနော်တို့ မုတ္တမဘက်က အဖွဲ့တွေကလည်း ဒီဘက်ကနေပဲ လုပ်နေရသလို ဖြစ်နေတယ်။ လမ်းပွင့်မှ ဟိုဘက်၊ ဒီဘက် ပူးပေါင်းလုပ်နိုင်မယ့် သဘောဖြစ်နေတယ်” ဟု ပြောသည်။
ထို့အပြင် ပေါင်မြို့နယ်၊ နတ်ကျီးချောင်ကျေးရွာရှိ စာသင်ကျောင်းတွင်လည်း ကျောင်းနံရံများ ပြိုကျနေသဖြင့် ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်နေကြကြောင်း ကျုံကကျေးရွာမှ ဒေသခံတဦးက ပြောသည်။
ပေါင်မြို့နယ် တခုလုံးတွင် အဝေးပြေး ကားလမ်းမအောက်ပိုင်း နေရာများတွင် ရေကြီး ရေလျှံနေပြီး တချို့နေရာများတွင် အိမ်ထဲတွင်ပင် ၄ ပေခန့် ရေရောက်နေကြောင်း ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာမှ အသက် ၄၀ အရွယ်ရှိ မဇာဇာဝင်းသိန်းက ပြောသည်။
ကျွဲခြံကျေးရွာ ကမ်းနားပိုင်းတွင် ရေမှာ ဒူးလောက်အထိ ရောက်ရှိနေပြီး ကွက်သစ်ပိုင်းတွင် နေအိမ်များ အားလုံး ရေမြုပ်နေပြီ ဖြစ်ကြောင်း၊ ထို့အတွက် ဘုန်းတော်ကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားကြောင်း သူက ဆက်ပြောသည်။
မဇာဇာဝင်းသိန်း က “ဒီနှစ်မိုးကတော့ တနှစ်မှကို မကြုံဖူးလောက်အောင်ကို မိုးကြီးတာ။ တောင်ပေါ်ကနေ ရေတွေ တောက်လျှောက်ဆင်းလာတာ။ ကျမတသက်တာမှာ ဒါအကြီးဆုံးပဲ” ဟု ဆိုသည်။
မကြာသေးမီ ရက်ပိုင်းကပင် ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်သဖြင့် သတိထားရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ အတည်ပြု ပြောကြားထားသည်။
ဆက်စပ်ဖတ်ရှုရန်- ကရင်နှင့် ပဲခူးတွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်ဟု ဒေါက်တာ ထွန်းလွင် ပြော