တာမိုးညဲက တပ်မတော် တပ်ရင်းဌာနချုပ်ကို TNLA နှင့် MNDAA ပူးပေါင်းတိုက်ခိုက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲမြို့တွင် အခြေစိုက်ထားသော ခလရ ၂၉၀ တပ်ရင်းဌာနချုပ်ကို ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)တို့ ပူးပေါင်းပြီး လာရောက် တိုက်ခိုက်ခဲ့သည်ဟု တပ်မတော်က ပြောသည်။
တာမိုးညဲမြို့ အခြေစိုက် ခလရ ၂၉၀ တပ်ရင်းဌာနချုပ်ကို TNLA နှင့် MNDAA ပူးပေါင်းတပ်များက သြဂုတ်လ ၈ ရက်နေ့ ည ၇ နာရီကျော်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာသည့်အတွက် နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဝေးကနေ ပစ်တာတော့ ရှိတယ်ဗျ။ ကျနော်တို့ဆီ က ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိဘူး။ ည ၇ နာရီကျော်ကျော် လောက်မှာ ဖြစ်တာ။ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါဘူး” ဟု ပြောသည်။
နှစ်ဖက် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားပြီးနောက် TNLA နှင့် MNDAA တပ်ဖွဲ့ဝင်များ နောက်ပြန်ဆုတ်သွားကြ ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တာမိုးညဲမြို့ဒေသခံများကတော့ TNLA နှင့် MNDAA ပူးပေါင်း တပ်ဖွဲ့သည် သြဂုတ်လ ၂ ရက် (သောကြာနေ့) က မြို့ဝန်းကျင်းကို ရောက်ရှိလာပြီး သြဂုတ်လ ၈ ရက်မှာတော့ မြို့ထဲထိဝင်လာ၍ ည ၇ နာရီ ၂၀ မိနစ် လောက် မှာ စစ်တပ်ကုန်းကို ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။
ကျောက်မဲမြို့မှ ဇီဝိတဒါနလူမှု ကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က “တိုက်ပွဲက ၁ နာရီလောက် အပြန် အလှန် ဖြစ်ခဲ့တယ်၊ မဟာမိတ်တပ်ဖက်က ပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ သိရတယ်၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာမှာ မဟာမိတ်တပ်ပေါင်းစုဖက်က တာမိုးညဲမြို့အတွင်း ဝင်ရောက်လာပြီးတော့ ခလရ ၂၉၀ ကို ပစ်ခတ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်”ဟု ပြောသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော်မှ အပစ်ရပ်စဲ ရေးကြေညာထားသည့် ကာလအတွင်း တပ်ရင်းဌာနချုပ်သို့ တိုက်ခိုက်လာခြင်းသည် ငြိမ်းချမ်းရေးကို မလိုလား သည့် သဘောဖြစ်နေကြောင်း ဆိုသည်။
“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဖြစ်မြောက်အောင်အတွက် အပစ်ရပ်ထားတာ ဖြစ်တယ်၊ ဒါကို တပ်ရင်း ဌာနချုပ်ကို လာပြီး နှောက်ယှက် ပစ်ခတ်တယ်ဆိုတာတော့ သူတို့အနေနဲ့ ငြိမ်းချမ်းရေးကို မလိုလားတဲ့ သဘောကြောင့် ဆောင်ရွက်တာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ထိုတိုက်ပွဲ အခြေအနေနှင့် ပတ်သက်ပြီး TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံများ ပြောခွင့်ရပုဂ္ဂိုလ်များထံ ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့သဖြင့် သီးခြား မှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။
TNLA သတင်းနှင့်ပြန်ကြားရေးဌာနကတော့ TNLA တပ်ဖွဲ့နှင့် မြန်မာတပ်မတော် တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၀၉ တို့ တာမိုးညဲမြို့အနီးမှာ သြဂုတ်လ ၈ ရက်နေ့ ည ၇ နာရီ ၂၅ မိနစ်မှ ၇ နာရီ ၅၀ မိနစ်အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်နှင့် TNLA ကြား ၂၀၁၉ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့မှ ၉ ရက်နေ့ထိ တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားထား ကြောင်း သြဂုတ်လ ၈ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
TNLA နှင့် MNDAA သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်စစ်တပ်(AA)တို့ဖြင့် မြောက်ပိုင်းမဟာ မိတ်အဖွဲ့ဟု ဆိုကာ စစ်ရေး–နိုင်ငံရေး မဟာမိတ်ဖွဲ့ထားသည်။
ထို့နောက် TNLA၊ MNDAA၊ AA၊ KIA တို့သည် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ အမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်မတော်(N DAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့ ပါဝင် ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်း ရေးကော်မတီ(FPNCC)အဖွဲ့ဝင်လည်း ဖြစ်သည်။
လက်ရှိတွင် အစိုးရ–တပ်မတော်နှင့် TNLA၊ MNDAA၊ KIA၊ AA တို့သည် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ် (Bilateral)ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးလျက်ရှိကြသည်။
You may also like these stories:
TNLA ၏ ပလောင်ပြည်နယ်ရရေး ကြိုးပမ်းမှု အပေါ် ဗိုလ်ချုပ်ယွက်စစ် ဝေဖန်
ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ အတူတွဲတွေ့ရန် အဆိုပြုချက် အစိုးရလက်ခံ