ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၌ ပြီးခဲ့သည့် လဆန်းပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မူလတန်း ကျောင်းဆရာ ကိုနေဇော်လင်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရသည်။
၂၇နှစ်ရှိ မူလတန်းကျောင်းဆရာ ကိုနေဇော်လင်းမှာ သြဂုတ်လ ၅ရက်နေ့က နံနက်ပိုင်းက သရက်ပြင် ရွာမှ ကြာညိုပြင်ရွာ သို့ စာသင်ရန် လာရောက်စဉ် စိုင်ဒင်တံတားပေါ်၌ တပ်မတော်သားများက မသင်္ကာ သဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည် သြဂုတ်လ ၇ရက်ေ့က တပ်မတော်မှ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးကာ အကြမ်းဖက်မှု တိုက် ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ဘူးသီးတောင်မြို့နယ် တရားရုံး၌ ချုပ်ရမန် နှစ်ပတ် ယူထားကြောင်း ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေက ပြောသည်။
“သူကိုခေါ်သွားပြီး ၂ ည အိပ်လောက် ကျနော်တို့ဆီကိုလည်း ဆက်သွယ်မှု မလုပ်တော့ စုံစမ်းတယ်။ ၆ ရက်နေ့ ညနေ ပိုင်းမှာပဲ တပ်က စခန်းကိုလွှဲထားတယ်ဆိုပြီး သတင်းရတော့ နောက်နေ့ မနက် စောစော စခန်းကို လိုက်သွားတယ်။ ကျနော်နဲ့တော့ တွေ့ခွင့် မရဘူး၊ စားစရာ သောက်စရာတွေ ပေးခွင့်ရတယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကိုနေဇော်လင်းကို ညောင်ချောင်းနယ်မြေ နယ်ခြားစောင့် ရဲစခန်းမှ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) ၊ ပုဒ်မ ၅၀ တို့ဖြင့် အမှုဖွင့်ထားကြောင်းလည်း မြိုနယ် ပညာရေးမှူး ဦးသန်းဖေက ပြောသည်။
“ညောင်ချောင်းရဲကနေ ကျနော်တို့ဆီကို ပို့တဲ့ ရုံးစာအရ သူ့မှာ အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့် ခံထား ရတယ်၊ ဖုန်းထဲမှာ မသင်္ကာဖွယ်ရာ မက်ဆေ့ချ် တခုတွေ့တယ်၊ ကျနော်တို့ ဌာန အနေနဲ့ ကတော့ အထက်ကို တင်ပြထားတယ်၊ အမှုကတော့ ဥပဒေ အတိုင်းပဲ ရင်ဆိုင် ဖြေရှင်း သွားရမှာပေါ့ ” ဟု ဆက်လက်ပြောကြားသည်။
မူလတန်းပြ ကျောင်းဆရာ ကိုနေဇော်လင်းမှာ ဘူးသီးတောင်မြို့နယ် ပြင်ချောင်းရွာတွင် တာဝန်ကျနေ သူဖြစ်ပြီး၊ ထို ရွာသားများမှာ ကြာညိုပြင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းသို့ စစ်ရှောင်ရင်း ဝင်ရောက် ခိုလှုံ နေရသည့်အတွက် ယင်း နေရာရှိ စစ်ရှောင် ကလေးငယ်များအား လာရောက် စာသင်ကြားနေသူ တဦးလည်း ဖြစ်ကြောင်း လည်း သိရသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ သတင်းရ၍ အဆိုပါ ကျောင်းဆရာ ကိုနေဇော်လင်းအား ခေါ်ယူ စစ်ဆေးခဲ့ရာတွင် တပ်မတော်စစ်ကြောင်းများ သွားလာနေသည့် အခြေအနေများကို ဖုန်းမက်ဆေ့ချ် အပြန်အလှန်ပို့ပြီး ပြောဆိုထားသည်ကို တွေ့ရှိရသည့် အတွက် ယခုကဲ့သို့ အမှုဖွင့်ရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် ကိုနေဇော်လင်းမှာ ရသေ့တောင်မြို့နယ် မူညှင်း တောင် ကျေးရွာဇာတိဖြစ်ပြီး ပညာရေး ဌာနတွင် မူလတန်းပြ ကျောင်းဆရာအဖြစ် တာဝန်ထမ်း ဆောင် နေသည်မှာလုပ်သက် ၃ နှစ်ကျော် ရှိပြီ ဖြစ် ကြောင်း လည်း သိရသည်။
You may also like these stories:
ရသေ့တောင် မြို့နယ် အုပ်ချုပ်ရေးမှူး နုတ်ထွက်
မြောက်ဦးတွင် ပစ်ခတ်ခံရ၍ အရပ်သား ၁ ဦး သေဆုံး
ကျောက်တော်က ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် ၂ ဦးမိုင်းထိ ၁ ဦးသေဆုံး