မွန်ပြည်နယ် အပါအဝင် တိုင်းနှင့်ပြည်နယ် ၃ ခုတွင် လာမည့် ၃ ရက်အတွင်း မိုးဆက်လက် ရွာသွန်းနေဦးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)မှ သိရသည်။
“မွန်၊ ကရင်၊ တနင်္သာရီကတော့ နောက် ၃ ရက်လောက် အထိ မိုးကောင်းနိုင်သေးတယ်ပေါ့။ ကရင်မှာဆိုလည်း မိုးရေ ချိန် ၇ လက်မကျော် ရှိတယ်။ မွန်ကတော့ တော်တော်လေးကို များသွားတယ်။ ၁၀ လက်မကျော်ပေါ့။ တနင်္သာရီ ဆို လည်း ၈ လက်မ နီးပါးလောက် ရတယ်”ဟု မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။
မုတ်သုံလေ အားကောင်းသည့် အတွက် ဆက်လက် မိုးကြီးဦးမည်ဟုလည်း ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ဖြစ်သွားတဲ့အနေအထားမှာ လေထုတွင်း အစိုဓာတ် (Moisture) လည်း ကောင်းကောင်းရနေ တော့ မိုးကြီးနေတာပေါ့။ နောက် နှစ်ရက် သုံးရက် လောက်အထိတော့ ဆက်ပြီး မိုးကြီးနေဦးမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မုတ်သုံလေ အားကောင်းထားတော့ ဆက်ပြီးတော့ အားကောင်းဦးမယ့် အနေအထားမျိုး ဖြစ်နေတယ်။ တဖြည်းဖြည်း တော့ အောက်တော့ဆင်းသွားပြီ”ဟု ဦးကျော်မိုးဦးက ပြောသည်။
မွန်ပြည်နယ် ဘီးလင်းမြစ်ရေသည် လတ်တလောတွင် စိုးရိမ်ရေမှတ်အောက် ၃၆ စင်တီမီတာအထိ ပြန်ကျနေသော် လည်း မိုး ဆက်လက် ရွာသွန်းပါက ပြန်လည် မြင့်တက်လာမည့် အခြေအနေ ရှိနေကြောင်း မိုး/ဇလ က သတိပေးထားသည်။
ဦးကျော်မိုးဦးက“ဘီးလင်းမြစ်ရေက စိုးရိမ်ရေ အမှတ်အောက်မှာ ၃၆ စင်တီမီတာပေါ့။ မိုးများနေတဲ့ အတွက်ကြောင့် မနက်ဖြန်ကတော့ နည်းနည်း အတက်ပေးထားတယ်။ စိုးရိမ်ရေ အမှတ်အောက်ကို ဒီနေ့မနက်ပဲ ပြန်ကျသွားတာ။ မိုးဆက်ရွာ လာဦးမယ်ဆိုရင် သူလည်း ပြန်တက်လာမယ့် အနေအထားရှိတယ်”ဟု ရှင်းပြသည်။
ယနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ သံဖြူ ရပ်ကွက် တွင် မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၃ ဦးထိ ရှာဖွေတွေ့ရှိထားပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
မြေပြိုမှုကြောင့် လူနေအိမ်များပြိုကာ လမ်းများပိတ်ဆို့နေပြီး ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်လျက်ရှိရာ ညနေ ၄ နာရီခန့်အထိ ပိတ်မိသူ၂၇ ဦးအား ကယ်ဆယ်ရရှိထားကာ ပျောက်ဆုံးသူများလည်း ရှိနေသေးကြောင်း သိရသည်။
မွန်ပြည်နယ်တွင် လူဦးရေ ၇ ထောင်ကျော် ရေဘေး သင့်လျက်ရှိပြီး လတ်တလောတွင်ပင် ကျောင်းတချို့ ပိတ်ထားရ ကာ ကယ်ဆယ်ရေးစခန်း ၆၀ ကျော် ရှိနေပြီဖြစ်ကြောင်း မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇင်မင်းကိုက ပြောသည်။
ဦးဇင်မင်းကိုက“လောလောဆယ် ကယ်ဆယ်ရေးစခန်းကတော့ ၆၀ ကျော်၊ ဒုက္ခသည် လူဦးရေကတော့ ၇ ထောင် ကျော်။ ပိတ်ထားတဲ့ ကျောင်းတွေတော့ ရှိတယ် စာရင်းဇယားတော့ အတိအကျမရသေးဘူး။ မွန်ပြည်နယ်မှာ ၁၀ မြို့နယ် ရှိတာ အစုံပဲ”ဟု ရှင်းပြသည်။
မွန်ပြည်နယ် မြို့နယ်တချို့တွင် ယနေ့ ဆက်လက်ပြီး မိုးရွာသွန်းမှု များပြားခဲ့ရာ ပေါင်မြို့တွင် မိုးရေချိန် ၁၄ ဒသမ ၁၇ လက်မ၊ ကျိုက်မရောမြို့တွင် ၁၄ ဒသမ ၁၃ လက်မ၊ မော်လမြိုင်မြို့တွင် ၁၄ ဒသမ ၀၁ လက်မ၊ မုဒုံမြို့တွင် ၁၃ ဒသမ ၁၉ လက်မ၊ ကျိုက္ခမီမြို့တွင် ၁၁ ဒသမ ၂၆ လက်မ၊ ချောင်းဆုံမြို့တွင် ၉ ဒသမ ၄၅ လက်မအထိ သည်းထန်စွာ ရွာသွန်း ခဲ့ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။
မြန်မာ တနိုင်ငံလုံးအနေဖြင့် ဇူလိုင် ၁၀ ရက်နေ့ နံနက်အထိ မိုးလေဝသ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသ ကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီ၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက် နှင့် ရခိုင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလ က ယနေ့ ညနေပိုင်း တွင် သတင်း ထုတ်ပြန်ထားသည်။
ဆက်စပ် ဖတ်ရှုရန် –
မုတ်သုံလေ အားကောင်းနေ၍ မိုးဆက်လက်ရွာဦးမည်ဟု မိုးဇလပြော
ကရင်နှင့် ပဲခူးတွင် ရေကြီးမှုအန္တရာယ် ပိုဆိုးလာနိုင်ဟု ဒေါက်တာ ထွန်းလွင် ပြော