သတင်း

တိုက်ပွဲများကြောင့် ပလက်ဝ ဒေသခံ ၂၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ အကြား ယခုလအတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲဒဏ်ခံရမည်စိုးရိမ်၍ ဒေသခံ ကျေးရွာ ၂ ရွာမှ ရွာသူ၊ ရွာသား ၂၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးသွားကြသည်။

ထွက်ပြေးတိမ်းရှောင်သွားသော အဆိုပါကျေးရွာသားများမှာ ဘောင်ဝနှင့် ကျောက်ဖြာရွာတို့မှ ဖြစ်ပြီး အောက်သဲမဝ ကျေးရွာတွင် သွားရောက်ခိုလှုံနေကြသည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ (KACC) ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ဧရာဝတီသို့ ပြောသည်။

ဦးကျော်ငြိမ်းက “ပြီးခဲ့တဲ့ ၅ ရက်နေ့ကနေ ၇ ရက်နေ့လောက်ထိ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ၊ ဘောင်ဝရွာက ဒေသခံ ၂၀၀ ကျော်နဲ့ ကျောက်ဖြာရွာက ဒေသခံ ၄၀ ကျော် အခု အောက်သဲမဝ ကျေးရွာ ဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာခဲ့ကြတယ်။ ကလေးနဲ့ အသက်ကြီးရွယ်အိုတွေ အများစုပါတယ်။ ဘောင်ဝရွာကတော့ တရွာ လုံး ပြေးလာတာ” ဟု ပြောသည်။

အောက်သဲမဝကျေးရွာသို့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာသည့် ရွာ ၂ ရွာအနက် ဘောင်ဝရွာ အိမ် ထောင်စု ၃၇ စု လူဦးရေ ၂၀၄ ဦး၊ ကျောက်ဖြာရွာမှ ၄၉ ဦး စုစုပေါင်း ၂၅၃ ဦးရှိကြောင်း KACC ကဆိုသည်။

အောက်သဲမဝရွာသို့ ထွက်ပြေး တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင် ၂၅၃ ဦးအတွက် ပလက်ဝမြို့နယ်ရှိ လူမှု ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက သုံးပတ်စာ ဆန်အိတ်များ ထောက်ပံ့ပေးထားပြီး ကျောင်းတက်နေသည့် ကလေးငယ်များအတွက် မြို့နယ်ပညာရေးမှူးဖြင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးသွား ရန် စီစဉ်ထားကြောင်း KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။

အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဌာနကို ဆက်သွယ်သော်လည်း ဖုန်းကိုင် ဖြေဆိုမှု မရှိပေ။

ဘောင်ဝရွာသည် ပလက်ဝမြို့တောင်ဘက် ၁၀ မိုင်ဝန်းကျင်မှာ တည်ရှိပြီး လက်ရှိတွင် ထိုအနီးအနားတွင် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားကြောင်း ဒေသခံများက ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ပလက်ဝမြို့နယ်ထဲမှာ ကျနော်တို့ ၇ ရက်နေ့တုန်းကတော့ ထရန်အိုင်ဘက်မှာ ဖြစ်တယ်။ အဲမှာတော့ ကျနော်တို့ ဘက်က ထိခိုက် ဒဏ်ရာရရှိမှု နည်းနည်းရှိတယ်၊ ဟိုဘက်ကတော့ အလောင်း တချို့နဲ့ M-22 ရိုင်ဖယ် ၅ လက် ရလိုက်တယ်” ဟု ပြောသည်။

တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ ယနေ့တိုင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၁) မှာ အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၃၄၇၇ ဦး နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု KACC က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲရှောင်များနှင့် ရေဘေးသင့် ပြည်သူများကို ကူညီစောင့်ရှောက်ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကျပ် ၈၄၆.၆၁ သိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကျပ် ၈၃၉.၂ သိန်း၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ကျပ်သိန်း ၃၀၀၊ ချင်းပြည်နယ်အတွင်းရှိ စေတနာရှင် ပြည်သူများ နှင့် အဖွဲ့အစည်းများက ကျပ် ၃၈၁.၀၄ သိန်း စုစုပေါင်း ကျပ် ၂၃၆၆.၈၄ သိန်းကို ချင်းပြည်နယ်အစိုးရက လက်ခံရယူထားပြီး ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှာလည်း တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စုစုပေါင်း ဒေသခံ လေးသောင်းကျော် နေရပ်စွန့်ခွာ တိုက်ပွဲရှောင်နေကြရကြောင်း သိရသည်။

Loading