သတင်း

မန္တလေး ကုတင် ၅၀၀ အရိုးအထူးကု ဆေးရုံအုပ်ကြီးနှင့် စာရေး ၂ ဦး စစ်ဆေးခံနေရ

Want create site? Find Free WordPress Themes and plugins.

တင်ဒါလုပ်ငန်းများနှင့် ပက်သက်၍ အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံထားသည့် မန္တလေးမြို့ ကုတင် ၅၀၀ အရိုးရောဂါ အထူးကု ဆေးရုံအုပ်ကြီးနှင့် စာရေး ၂ ဦးအား ဌာနတွင်း စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ သိရသည်။

အစစ်ဆေးခံနေရသူများမှာ ကုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးကြည်လွင်၊ ဌာနခွဲစာရေးကြီး ဦးအောင်ကျော်ဦး၊ အငယ်တန်းစာရေး ဦးဆန်းထွဋ်တို့ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့က စတင်၍ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းဟု သိရသည်။

မန္တလေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှုး ဒေါ်သန်းသန်းမြင့် က “သူတို့ကို ကျမတို့ရဲ့ ကုသရေး ဦးစီးဌာနက ရှေးဦးစုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ညွှန်ကြားလာတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေတာ မှန်ပါတယ်၊ တိုင်ကြားတဲ့သူတွေရော၊ အတိုင်ကြားခံရသူတွေကိုပါ စစ်ဆေးနေတာပါ၊ စစ်ဆေးမှုအခြေအနေကို ကျမအနေနဲ့ ပြောလို့မရပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါစုံစမ်းစစ်ဆေးမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ ညွှန်ကြားချက်ဖြင့် စစ်ဆေးမှုကို မန္တလေးတိုင်း ကျန်းမာရေးဦးစီးဌာနမှ အရာရှိတဦး၊ အနာကြီးရောဂါကု ဆေးရုံကြီး (ရေနံ့သာ) ဆေးရုံအုပ်ကြီး၊ မကွေးတိုင်းကျန်းမာရေး ဦးစီးဌာန တိုင်းဦးစီးမှုး ပါဝင်ဖွဲ့စည်းထားသောအဖွဲဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

တိုင်ကြားခံရသူ တဦးဖြစ်သည့် ဌာနခွဲစာရေးကြီး (ယခုကုသရေးဦးစီးဌာန ဦးစီးအရာရှိ အုပ်ချုပ်/စီမံ) ဦးအောင်ကျော်ဦး က “သူတို့စွပ်စွဲထားတာကို တခုမှကို လုပ်မထားပါဘူး၊ အခု ဝန်ကြီးဌာနက ရှေးဦးစုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေပါပြီ၊ အခုသူတို့တိုင်ကြားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အထောက်အထား၊ စာရွက်စာတမ်း အပြည့်အစုံနဲ့ ဖြေရှင်နေပါတယ်၊ ဒီကိစ္စတွေကို ရှင်းပြီးရင်ပါဝင်နေတဲ့ ဝန်ထမ်းတွေကိုလည်း ဝန်ထမ်း စည်းမျဉ်း စည်းကမ်းဆိုင်ရာနဲ့ အရေးယူပေးဖို့၊ လိုအပ်လာရင် သူတို့ကို အမှုဖွင့်တာတွေလုပ်ဖို့ စီစဉ်သွားမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ဆေးရာတွင် တိုင်ကြားသူများအား စတင်စစ်ဆေးခဲ့ပြီး တိုင်ကြားခဲ့မှုနှင့်ပက်သက်သည့် သက်သေခံပစ္စည်းများကို တောင်းယူခဲ့သဖြင့် စာရွက်စာတမ်းများ၊ ပြေစာဘောင်ချာများ၊ အသံဖိုင်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သူ ဦးမောင်လွင် က “လက်မှတ်ထိုးတိုင်ကြားခဲ့သူအားလုံးကို ခေါ်ယူစစ်ဆေးပါတယ်၊ စစ်ဆေးတဲ့အဖွဲ့က တိတိကျကျ မှန်မှန်ကန်ကန် စစ်ဆေးတာကိုလည်း တွေ့ရပါတယ်၊ သက်သေခံ အသံဖိုင်တွေရော ပေးခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဌာနတွင်း စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေး ကော်ရှင်မှ ညွှန်ကြားရေးမှုး ဦးကျော်စိုး က “တိုင်ကြားစာတိုင်းကို အဂတိမြောက်လား၊ မမြောက်လားဆိုတာကို ဥပဒေနဲ့အညီဆုံးဖြတ်ရပါတယ်၊ ဒါကိုလည်း ကော်မရှင်နာများက အစည်းအဝေးထိုင်ပြီးတော့မှ စဉ်းစားဆုံးဖြတ်ကြတာပါ၊ အဲဒီဆုံးဖြတ်ပြီးတော့မှ ကော်မရှင်တဦး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့တယ်၊ သေသေချာချာကို စုံစမ်းစစ်ဆေးတာမျိုးတွေကို လုပ်ပြီးတော့မှ ခိုင်မာမှုရှိမှ အဂတိဥပဒေနဲ့ အမှုဖွင့်အရေးယူတာမျိုးပါ၊ စုံစမ်းစစ်ဆေးတယ်ဆိုတာကလည်း အဖြစ်မှန်ပေါ်ဖို့အတွက်ပါပဲ၊ အထောက်အထားခိုင်လုံမှုမရှိဘဲ တရားစွဲမယ်ဆိုရင် နစ်နာမှုတွေက အားလုံးအတွက် မကောင်းနိုင်ပါဘူး၊ ဒါကြောင့်မို့လို့ ကျနော်ပြောချင်တာက ဌာနတွင်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုတဲ့ အပေါ် သက်ဆိုင်ရာဘက်ကိုပဲ မေးကြည့်ပါလို့ ပြောချင်ပါတယ်”ဟု ပြောသည်။

တိုင်ကြားခံရသူတ ဦးဖြစ်သည့် ဌာနခွဲစာရေးကြီး (ယခုကုသရေးဦးစီးဌာန ဦးစီးအရာရှိ အုပ်ချုပ်/စီမံ) ဦးအောင်ကျော်ဦး ကလည်း “သူတို့က အဂတိကို ၅ လပိုင်းက တိုင်ထားတယ်၊ အဂတိကလည်း တိုင်ကြားတာကို စစ်ဆေးမှာပဲလေ၊ အဂတိမြောက်တယ်ဆိုရင် ဘယ်လိုတွေလုပ်ဆောင်နေတယ်ဆိုတာ အားလုံးအသိပဲလေ၊ ကျနော့်အမြင် ပြောရရင် အဂတိမမြောက်လို့ ကျနော်တို့ ဝန်ကြီးဌာနကို လွှဲပေးတယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

တင်ဒါခေါ်ယူခြင်းကိစ္စများ၊ ရေ၊ မီးပေးဝေခြင်း ကိစ္စများ၊  ယာဉ်ရပ်နားခ ကောက်ခံခြင်းကိစ္စ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနပိုင် ပစ္စည်းများ အလွဲသုံးစားပြုခြင်းကိစ္စ စသည့်အချက်များဖြင့် ဆေးရုံဝန်ထမ်းများအပါအဝင် ဆေးရုံဝန်း အတွင်း အလုပ်လုပ်သည့် လုပ်ငန်းရှင်များ စုစုပေါင်း ၁၄ ဦးက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားထားကြခြင်းဟု သိရသည်။

မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေး ကော်ရှင်မှ ညွှန်ကြားရေးမှုး ဦးကျော်စိုး က “ကျနော်တို့ဆီကို တိုင်ကြားလာတဲ့ စာတွေကို လျို့ဝှက်အဆင့် သတ်မှတ်ထားပါတယ်၊ ဘာကြောင့်လဲဆိုတော့ အားလုံးတန်းတူ ဘက်လိုက်မှုမရှိဘဲနဲ့ ဥပဒေပါ အခွင့်အရေးကို ပေးထားခြင်းပဲ ဖြစ်ပါတယ်၊ ကော်မရှင်ဥပဒေပုဒ်မ ၂၀ ဃမှာလည်း တိုင်ကြားစာတွေနဲ့ ပက်သက်ပြီး လျှို့ဝှက်အနေနဲ့ သတ်မှတ်ရမယ်လို့ ပြဌာန်းထားပြီးသားဖြစ်ပါတယ်၊ ဒါကြောင့် တိုင်ကြားစာ လက်ခံရရှိတယ်၊ မရဘူးဆိုတာမျိုးကို ကျနော်တို့အနေနဲ့ ဖြေကြားပေးလို့ မရပါဘူး” ဟု ပြောသည်။

တိုင်ကြားထားသည့်အချက်များတွင် ဆေးရုံဝင်းအတွင်း လ္ဘက်ရည်ဆိုင်နေရာ၊  ကား၊ ဆိုင်ကယ် အပ်နံဌာနအတွက် တရားဝင် တင်ဒါသတ်မှတ်ငွေကြေးထက် ပိုမိုပေးဆောင်ရခြင်း၊ တင်ဒါအောင်မြင်ရေး အကြောင်းပြကာ လာဘ်ငွေတောင်းခြင်း၊ တင်ဒါစည်းမျဉ်း စည်းကမ်းများ ဖောက်ဖျက်ဆောင်ရွက်ခြင်း၊ လုပ်ပိုင်ခွင့်အပေါ် အလွဲသုံးစားပြုခြင်းတို့ ပြုလုပ်ခဲ့သည်ဟုဆိုကာ ၂၀၁၉ ခုနှစ် မေလ ၂၈ ရက်နေ့ က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားထားသူ ဦးမောင်လွင် က “ကျနော့်ဆီကနေ တင်ဒါကိစ္စနဲ့ပက်သက်ပြီး ငွေသိန်း ၄၀ ယူထားပြီးတော့ တင်ဒါကို မပေးတဲ့အပြင် ငွေလည်း ပြန်မပေးပါဘူး၊ တင်ဒါကို အခြားတဦးကို ပေးလိုက်ပြီလို့ သိရပါတယ်၊ ဒါကြောင့် အဂတိတိုက်ဖျက်ရေးကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်၊ အဂတိကို တိုင်ခဲ့ပေမယ့် ဌာနတွင်းစစ်ဆေးဖို့ ပြန်လွဲလိုက်တယ်လို့ ထင်ပါတယ်၊ ဌာနတွင်း စစ်ဆေးချက်တွေကမှ တဆင့် အဂတိကို ပြန်ပို့မယ်လို့ ထင်ပါတယ်၊ အခုစစ်ဆေးမှုက မှန်မှန်ကန်ကန် ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

ဦးမောင်လွင်သည် ဆေးရုံကြီးဝန်းအတွင်းရှိ ကား၊ ဆိုင်ကယ်အပ်နှံရာဌာနအား ၂၀၁၀ ခုနှစ်မှ လက်ရှိအချိန်ထိ လုပ်ကိုင်နေသူဖြစ်ပြီး လာမည့်နှစ်အတွက် တင်ဒါရရှိစေရန် မျှော်လင့်ချက်ဖြင့် ငွေကျပ်သိန်း ၄၀ ပေးခဲ့ရသည့် အပြင် လစဉ်ပေးဆောင်ရငွေနှင့် ငွေလက်ခံဖြတ်ပိုင်း၌ ကွာခြားမှုများရှိနေသည်ဟု ဆိုသည်။

ဦးမောင်လွင် က “ကျနော်လစဉ် ပေးသွင်းရတဲ့ငွေက ဆယ်သိန်းနဲ့ ကိုးသောင်းခွဲ၊ သူတို့ ကျနော့်ကို ပြန်ပေးတဲ့ ဘောင်ချာက ၃ သိန်း ၈ သောင်းခွဲဆိုတော့ နိုင်ငံတော်ကို သွင်းတဲ့ငွေမှာ ကွာဟတယ်၊ တင်ဒါကို ကျနော်ပြန်ရမယ်ဆိုလို့ ပေးရတဲ့ငွေက သိန်း ၄၀၊ အဲဒီလိုကွာဟချက်တွေကြောင့် ကျန်တဲ့ငွေတွေက သူတို့ အဂတိစားထာတာတွေပေါ့” ဟု ပြောသည်။

မန္တလေးမြို့ ကုတင် ၅၀၀ အရိုးရောဂါအထူးကုဆေးရုံကြီး တင်ဒါလုပ်ငန်းများနှင့် ပက်သက်၍ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက် ၁/၂၀၁၇ အရ လုပ်ဆောင်ခဲ့ရခြင်းကြောင့် ဦးမောင်လွင်မှာ တင်ဒါရရှိခဲ့ခြင်းမရှိဘဲ ငွေကြေး ပိုမိုပေးဆောင်သူက တင်ဒါအောင်မြင်ခဲ့ရခြင်းဟု ဦးအောင်ကျော်ဦးက ပြောသည်။

ဦးအောင်ကျော်ဦး က “တင်ဒါလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ ဦးမောင်လွင်က ပြောတယ်၊ ဘယ်လိုမညီတာလဲဆိုတာကို တိတိကျကျ ပြောဖို့ လိုပါတယ်၊ နောက် သိန်း ၄၀ ပေးထားတယ်ပေါ့၊ တကယ်တမ်းပေးထားတယ်ဆိုရင် သူ့ဆီမှာ လက်ခံ တခုခုတော့ ရယူထားရမှာဖြစ်တယ်၊ ဒီတော့ သူက မပေးထားဘဲနဲ့ ပြောနေတာပဲဖြစ်တယ်လို့ ပြောချင်တယ်၊ တင်ဒါကိစ္စ ကလည်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ ၁/၂၀၁၇ ဆိုတဲ့ ပေတံနဲ့တိုင်းလိုက်လို့ သူတို့ မရဘဲ ပြုတ်ကျန်ခဲ့ရတာပဲဖြစ်တယ်၊ သူသည် စက်ဘီး၊ ဆိုင်ကယ်၊ ကားအပ်နှံခြင်းလုပ်ငန်းကို ၂၀၁၀ ကတည်းက လုပ်လာတာဖြစ်တယ်၊ လက်ရှိအချိန်မှာတော့ ၁/၂၀၁၇ နဲ့အညီ လုပ်ဆောင်ခဲ့တာကြောင့် သူတို့မရတော့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက စ၍ လူနာ၊ လူနာစောင့်များထံမှ တဦးလျှင် ၁၀၀၀ ကျပ်နှုန်း ကောက်ခံခြင်း၊ ဆေးရုံအတွင်း တင်ဒါလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များထံမှ အခါကြီး ရက်ကြီးများတွင် အလှူခံခြင်း စသည်တို့ကိုလည်း ပြုလုပ်ကြောင်း တိုင်စာတွင် ဖော်ပြထားသည်။

အဆိုပါဆေးရုံအတွင်း တည်ဆောက်ထားခဲ့သည့် ခြေတုလက်တုနှင့် အားပြုကိရိယာ အလုပ်ရုံ တည်ဆောက်စဉ်က ဌာနခွဲစာရေးကြီး (ယခုကုသရေးဦးစီးဌာန ဦးစီးအရာရှိ အုပ်ချုပ်/စီမံ) ဦးအောင်ကျော်ဦးသည်  နိုင်ငံတော်က ချပေးခဲ့သည့် ဆောက်လုပ်ရေးပစ္စည်းများကို ကူမဲမြို့ရှိ ၎င်းပိုင်စက်သုံးဆီဆိုင် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပို့ဆောင်ခြင်း၊ ဆေးရုံပိုင်လူနာတင်ယာဉ်များကို ကိုယ်ပိုင်လုပ်ငန်းများကွင် အသုံးပြုခြင်းများ လုပ်ဆောင်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြပါရှိသည်။

ဦးအောင်ကျော်ဦး က “ခြေတု၊ လက်တုစင်တာကို ဆောက်လုပ်တုန်းက ကျနော်ရဲ့ ကူမဲကဆီဆိုင်အတွက် ဆောက်လုပ်ရေး ပစ္စည်းတွေ ခိုးထုတ်တယ်လို့ ပြောတယ်၊ ဒီအဆောက်အဦးက နိုင်ငံတော်ပိုင်ငွေကြေးနဲ့ ဆောက်လုပ်ထားတာ မဟုတ်ဘူး၊ ဂျပန်သံရုံး အသေးစားချေးငွေ ထောက်ပံရေး အစီအစဉ်နဲ့ ဂျပန်နိုင်ငံက လှုဒါန်းထားတာ ဖြစ်တယ်၊ သူတို့ကိုယ်တိုင် ကြီးကြပ်ပြီးဆောက်လုပ်ခဲ့တာဖြစ်တယ်၊ ကျတော်တို့အနေနဲ့က မြေနေရာပဲ ပေးရတာဖြစ်တယ်၊ ဒါကို ခိုးထုတ်တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ နောက်ပြီး တိုင်တဲ့သူက ဆေးရုံကို မှီခိုပြီး taxi ကား မောင်းစားနေတဲ့သူ” ဟု ပြောသည်။

မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမှုတိုင်းသည် အဂတိတိုက်ဖျက်ရေး ဥပဒေဖြင့် ငြိစွန်းမှုမရှိဘဲ အခြားဥပဒေများဖြင့် ငြိစွန်းနေလျှင် အဂတိတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများသို့ လွှဲပြောင်းပေးရကြောင်း သိရသည်။

မြန်မာနိုင်ငံအဂတိတိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှုး ဦးကျော်စိုး က “တချို့ကိစ္စတွေဆိုရင် နစ်နာမှုဖြစ်တာ မှန်နေပေမယ့် အဂတိမှု မမြောက်ဘဲ လိမ်လည်မှုသော်လည်းကောင်း၊  အလွဲသုံးစားမှုသော်လည်းကောင်း ဖြစ်နေတာမျိုးလည်း ရှိတယ်၊ အဲဒီလိုဖြစ်နေပြီဆိုရင် ကျနော်တို့ရဲ့ အဂတိဥပဒေနဲ့ ညှိစွန်းမှုမရှိဘူး၊ ဒါကြောင့် သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာအဖွဲ့ အစည်း၊ ဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရကို လွှဲပြောင်းပေးရတာမျိုးတွေ ရှိပါတယ်၊ ဒါကလည်း ကော်မရှင် ဥပဒေပုဒ်မ ၁၆ ဍ မှာ ပါပါတယ်၊ ဒီလိုလွှဲပြောင်းပေးတဲ့အခါမှာလည်း တိုင်ကြားတဲ့သူကို ကျနော်တို့က အကြောင်းကြားပေးတဲ့အပြင် သက်ဆိုင်ရာဌာနကလည်း စိစစ်ဆောင်ရွက် ပြီးစီးမှု အခြေအနေကို ကျနော်တို့ဆီကို ပြန်လည်တင်ပြပေးဖို့ဆိုပြီး လုပ်ဆောင်ပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲ စာရေး ဒေါ်သူဇာတို့သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု ရန်ပုံငွေ ဘတ်ဂျက်နှင့် တိုင်းဒေသကြီး အစိုးရ ရန်ပုံငွေ ဘတ်ဂျက်တို့မှ ကျေးလက်လမ်း လုပ်ငန်းများ တင်ဒါခေါ်ယူ ဆောင်ရွက်ရာ၌ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ တင်ဒါအောင် ကုမ္ပဏီများထံမှ ငွေကျပ် ၁၀ ဒသမ၂၇၈ သန်းအား ရုံးစရိတ်၊ ငွေထုတ် စရိတ် အကြောင်းပြကာ အကြိမ်ကြိမ် အပိုကြေးဖြတ်တောက် တောင်းခံရယူကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ဥပဒေများဖြင့် အရေးယူဆောင်ရွက်ခဲ့ရာ ဌာနခွဲစာရေးမဒေါ်သူဇာအား ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးချိန်အထိ တိုင်းဦးစီးမှူး၊ ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေဆဲအမှု တခုဖြစ်ပွားခဲ့သည်။

You may also like these stories:

နိုင်ငံတကာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့တွင် မြန်မာ ပါဝင်မည်

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးများ ဘဏ်စာရင်း အဂတိကော်မရှင်ကို ပေးပို့ပြီးဟု ဗဟိုဘဏ်ပြော

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ

လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အဂတိလိုက်စားမှု စုံစမ်းမှု အရှိန်မြင့်

Did you find apk for android? You can find new Free Android Games and apps.
Loading