သြဂုတ်လ ၁၂ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီး ကျဆုံး ခြင်း ၆၉နှစ် ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခွင့်ပြုသော်လည်း “ကရင့်အာဇာနည်”ဟု မသုံးရန် အစိုးရက တားမြစ်သည့် အပြင် ရန်ကုန်မြို့ တချို့နေရာများ၌ စုဝေးရန် ခွင်ပြုချက် မရကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌသို့ သြဂုတ်လ ၈ ရက် နေ့စွဲဖြင့် ပေးပို့သည့် စာတွင် တိုင်းအတွင်း “အချို့မြို့နယ်များတွင် စာပေယဉ်ကျေးမှု ကော်မတီများသည် ကရင့် အာဇာနည် စောဘဦးကြီးနေ့ အခမ်း အနား ကျင်းပရန် စီစဉ်ထားကြောင်း သိရှိရပြီး၊ ၎င်းအခမ်း အနားအား ကရင့်အာဇာနည် အသုံးအနှုန်းကို အသုံးမပြုရန်” အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပါရန် အသိပေးကြောင်း ရေးသား ထားသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်သော ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး (ဒေါ်) ဂါ့မိုးမြတ်မြတ်သူက ကရင်အာဇာနည် ဟူသော အသုံးအနှုန်း အသုံးမပြုရန် ပြောဆို ခြင်းမှာ ရှုပ်ထွေးမှုများ မရှိစေရန် ဖြစ်သည်ဟု ဆိုသည်။
“အခုဟာက မနှစ်ကတည်း ရှုပ်ထွေးသွားတာတွေ ရှိခဲ့တယ်။ ရှုပ်ထွေးသွားပြီးတော့ အာဇာနည်ကို မသုံးဖို့ ပြည်ထောင်စုက ညွှန်ကြားထားတာ ရှိတယ်။ ပြည်ထဲရေးကလည်း ညွန်ကြားထားတာ ရှိတယ်။ အဲဒီအတွက်ကြောင့် ဒီက လုံ/နယ်ဝန်ကြီး ရယ် ဝန်ကြီးချုပ်ရယ်က ကျမကို အဲ့လိုမျိုး အာဇာနည်တော့ မသုံးပါနဲ့။ အာဇာနည်ဆိုတဲ့ စကားလုံးကို မသုံးဖို့ပဲ ပြောတာပါ။ ဒီ အာဇာနည်ဆို တော့ အကုန်လုံးက ရှုပ်ထွေးကုန်လို့ပါ” ဟု သူကဆိုသည်။
ယမန်နှစ်ကလည်း အာဇာနည် ဟူသော အသုံးအနှုန်းကို အစိုးရက အသုံးပြုခွင့် တားမြစ်ပိတ်ပင်ခဲ့ သည့် အပြင် ဟင်္သာတတွင် ကရင့်အာဇာနည်နေ့ ကျင်းပခဲ့သည့် စီစဉ်သူများကို ဧရာဝတီတိုင်းအစိုးရ က တရားစွဲခဲ့မှုများ ရှိခဲ့သည်။
ဝန်ကြီး ဒေါ်ဂါ့မိုးမြတ်မြတ်သူက ယမန်နှစ်က ဖြစ်ရပ်များတွင် ပွဲစီစဉ်သူများ၏ ခံယူချက် ကောင်းမွန် သော်လည်း ရှုပ်ထွေးမှု များ ဖြစ်ပေါ်ကာ ပြဿနာ ကြီးထွားခဲ့သည့် အတွက် ယခုနှစ်တွင် ထိုသို့ မကြုံရအောင် အစိုးရအဖွဲ့က ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ဒီဘက်မှာလည်း အာဇာနည်ခေါင်းဆောင်လည်း ရှိခဲ့တယ်။ မန်းဘခိုင်တို့လိုပေါ့။ ကရင်အမျိုးသား တွေအတွက် စောဘဦးကြီးဟာ ကရင်ပြည်နယ်ရအောင် လုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်ကြီးတဦး ဖြစ် တယ်၊ ကရင်တွေ အနေနဲ့ကလည်း သူ့ကို ခေါင်းဆောင်လို့ ထားတယ်။ အဲဒါကို လိုချင်တာက ကရင် ပြည်နယ်ဆိုတော့ ကရင်ပြည်နယ် ပေးလိုက်ပြီလေ။ အဲ့ဒီလို အစိုးရဘက်က ခံယူတယ်။ ဒါပေမယ့် သူ့ကို အောက်မေ့သတိရဖွယ် အခမ်းအနားက လုပ်လို့ရတယ်။ အာဇာနည်လေး တခုပဲ မထည့်ခိုင်း တာ” ဟု ဧရာဝတီ သတင်းဌာနသို့ပြောဆိုသည်။
ကရင်အမျိုးသားများ တန်းတူညီမျှမှုရရေး၊ ကရင်ပြည်နယ် ရရှိရေး တောင်းဆို တိုက်ပွဲဝင်ရင်း အစိုးရ တပ်များ၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည့် စောဘဦးကြီးအား ကရင်အာဇာနည် အဖြစ် အသိအမှတ် မပြုနိုင်သော လက်ရှိ အရပ်သားအစိုးရ၏ ညွှန်ကြားချက်ကို ကရင်တိုင်းရင်းသားများ အကြား မေးခွန်းထုတ်လျက်ရှိသည်။
သို့သော် ရန်ကုန်မြို့၌ ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကမာရွတ်မြို့နယ်နှင့် ဒဂုံံအရှေ့ပိုင်းတို့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တားမြစ်သဖြင့် လာမည့် တနင်္လာနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လယ်ရှိ မဟာဗန ္ဓုလ ပန်းခြံတွင် စုဝေးစီတန်း လှည့်လည် တော့မည်သာ ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။
ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားအတွက် ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ရုံးသို့ ဇူလိုင်လ ၁၀ ရက်နေ့ကတည်းက စာတင်ခဲ့သော်လည်း အထွေထွေအုပ်ချုပ်ရေးမှူးက ခွင့်မပြုကြောင်း ယခုအပတ်တွင် ဖုန်းဆက် အကြောင်းပြန်ခဲ့သည်ဟု နော်အုန်းလှက ဆိုသည်။
“အရှေ့ဒဂုံက မကွေးစာသင်တိုက်မှာ ကျင်းပဖို့ စီစဉ်တာကိုလည်း ဆရာတော်ကို လက်မခံဖို့ ထွေအုပ် က သြဂုတ် ၈ ရက် က ဖုန်းဆက် ပြောလာတယ်လို့ သိရတယ်၊ အခမ်းအနား သွားလုပ်ရင် ဆရာတော် ကို ပြဿနာ တခုခု ရှာမှာ စိုးလို့ ကျောက်တံတား ရဲစခန်းမှာ ငြိမ်းစုစီ အတွက် အကြောင်းကြားစာ လာတင်တာပါ၊ ၁၂ ရက်နေ့ မနက်မှာ စုဝေးကြမယ်” ဟု နော်အုန်းလှက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
ကရင့်အာဇာနည်နေ့ အခမ်းအနားကို ယခင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ် နယ်မြေများ အတွင်း၌သာ ကျင်းပခဲ့သော်လည်း ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင် ကတည်းက ရန်ကုန်နှင့် ကရင်တိုင်းရင်းသားများ ရှိရာ အခြား မြို့များတွင်လည်း နှစ်စဉ် ကျင်းပခဲ့သည်။
ရန်ကုန်မြို့ ယုဒသန် ခန်းမတွင် ၂၀၁၅ ခုနှစ်ကတည်းက စ၍ နှစ်စဉ် ကျင်းပခွင့်ရခဲ့သော်လည်း ယခုနှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ခွင့်မပြုသဖြင့် ပွဲကျင်းပခွင့် မရခြင်း ဖြစ်သည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကရင့်အာဇာနည်နေ့ ကျင်းပသူ ၅ ဦးကို တရားစွဲရန် ပြင်ဆင်နေ
ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ