လက်ရှိ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရာတွင် အောင်မြင်သူ၊ ကျရှုံးသူအားလုံး ကို အထက်တန်း ပြီးဆုံးကြောင်း လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
“ပညာရေးဝန်ကြီးဌာန အနေဖြင့် အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်( Hight Completion Certific ate) ကို တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်မြင်သူရော၊ မအောင်မြင်သူများကိုပါ ယခုနှစ်မှာ စတင်ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
သြဂုတ် ၈ရက် အမျိုးသားလွှတ်တော်တွင် မန္တလေးတိုင်းဒေသကြီး အမှတ် ၇ မှ ကိုယ်စားလှယ် ဦးကျော်တုတ် က တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်း စာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်းမျိုး မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ်၏ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့် စနစ် မည်သည့်အချိန်တွင် စတင်နိုင်မည်ကို သိရှိလိုခြင်း မေးခွန်းအပေါ် လာရောက်ဖြေဆိုစဉ် ပြည်ထောင်စု ဝန်ကြီးက အထက်ပါအတိုင်း ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ သင်ယူပြီးမြောက်ခြင်း လတ်မှတ်ရရှိရန် ကျောင်းခေါ်ချိန်ပြည့်မီခြင်း၊ ပညာရည် စစ်ဆေး အကဲဖြတ်ခြင်း၊ ဘာသာရပ် အလိုက် တတ်မြောက်မှု အဆင့်သတ်မှတ်ခြင်း၊ စာပေအနုပညာ လှုပ်ရှားမှုနှင့် လူမှုရေး ပြစ်ချက် ကင်း၍ ကျောင်းစည်းကမ်း လိုက်နာခြင်းနှင့် အားကစား ကာယလှုပ်ရှားမှုများ ဆောင်ရွက်ခြင်း စသည့် စံသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ယင်းကဲ့သို့ လက်မှတ်ထုတ်ပေးရသည့် ရည်ရွယ်ချက်မှာ အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်(High School Certificate) ရရှိသူသည် National Qualification Framework ၏ Level-3 အဆင့် ပြီးမြောက် သွားမည်ဟု သတ်မှတ်နိုင်မည် ဖြစ်ကြောင်း၊ ယင်းလက်မှတ် ရရှိပါက အသက်မွေးဝမ်းကြောင်း သင်တန်းများ နှင့် အလုပ်အကိုင်များ ရရှိနိုင်ရန် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင်းရှိ ကျောင်းသား၊ ကျောင်းသားမိဘ၊ လူ့အဖွဲ့အစည်းတခုလုံးက တက္ကသိုလ်ဝင် စာမေးပွဲအောင်မှ လူရာဝင်သည်ဟု သတ်မှတ်နေကြသဖြင့် ထိုကဲ့သို့ အသိအမှတ်ပြု လက်မှတ် ထုတ်ပေးမည်ဆိုပါက အလွန် ကောင်းမွန်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများလည်း များစွာ ပွင့်လန်းလာနိုင်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က လွှတ်တော် အစည်းအဝေး အပြီးတွင် မီဒီယာများကို ပြောသည်။
၎င်းက“ဒီလိုလက်မှတ်ရပြီး အလုပ်အကိုင်တွေ ရရှိမယ်ဆိုရင် လူ့အဖွဲ့အစည်းကလည်း လက်ခံလာမှာ ပဲလေ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမယ်ဆိုရင် အောင်မြင်သွားမှာပဲ” ဟုဆိုသည်။
ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဌဖြစ်သူ ဒေါက်တာတင်အောင်က “တက္ကသိုလ် ဝင်တန်း ပြီးဆုံးကြောင်း လက်မှတ် ထုတ်ပေးပြီးရင် ပြီးဆုံးတဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်ချက်နဲ့ဆို ကောင်းပါ တယ်။ လက်မှတ်ထုတ်ပေးပြီး ဒါက ဘာမှမဟုတ်ဘူး ဆိုရင် အသုံးတည့်မှာ မဟုတ်ဘူးလေ။ လမ်းကြောင်းတွေ ပေါ်လာရင်တော့ ကောင်းတာပေါ့” ဟုသုံးသပ်ပြောကြားသည်။
၂၀၁၉ ခုနှစ်က တနိုင်ငံလုံး တက္ကသိုလ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈ သိန်းကျော်ရှိသည့် အနက် ကျောင်းသားကျောင်းသူ ဦးရေ ၂ သိန်းကျော် အောင်မြင်ခဲ့ပြီး အောင်ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
“နိုင်ငံတကာက ကလေးတွေလို ကိုယ့်နိုင်ငံက ကလေးတွေ လုပ်နိုင်တယ်ဆိုတဲ့ အမြင် ရစေချင်တယ်”
နယ်မြို့လေးကတဆင့် တိုင်းပြည်ဂုဏ် ဆောင်ကြမယ့် ကိုရီးယားရောက် မြန်မာ ကျောင်းသားများ
ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ခန်းထဲ ရောက်စေချင်
ဧရာဝတီတိုင်း၌ ၁၀ တန်းစာမေးပွဲ လာမဖြေသည့် ကျောင်းသား ၆ ထောင်ကျော်ရှိ