မန္တလေးမြို့ရှိ အနှိပ်ခန်းတခုတွင် ခိုက်ရန်ဖြစ်ပွားရာမှ လူသတ်မူဖြစ်
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၆၂ လမ်းပေါ်ရှိ အနှိပ်ခန်းတခုတွင် သြဂုတ်လ ၈ ရက်နေ့က လက်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းဟောင်း ၂ ဦး ခိုက်ရန်ဖြစ်ပွားကြရာမှ လူသတ်မှုဖြစ်ခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက သိရသည်။
အဆိုပါဆိုင်၏ လက်ရှိဝန်ထမ်း ၅ ဦးနှင့် ဝန်ထမ်းဟောင်း ၂ ဦးတို့ စကားများရန်ဖြစ်ကြပြီး ဓါးခုတ်မှုဖြစ်ပွားကာ အသက် ၃၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးက တာဝန်ရှိသူတဦးက “၈ ရက်နေ့ မနက်အစောပိုင်းက အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားပြီး ဓားနဲ့ခုတ်တာကနေ လူသတ်မှုအထိ ဖြစ်ခဲ့ကြတာပါ၊ အခု ၂ ဖက်စလုံးက အပြန်အလှန် အမှုဖွင့်ထားပါတယ်” ဟု ပြောသည်။
ဖြစ်စဉ်မှာ KTV ဆိုင်တွင် လက်ရှိလုပ်ကိုင်နေသည့် အနှိပ်ခန်းဝန်ထမ်းဟောင်း အောင်မျိုးဝင်းသည် သူငယ်ချင်းဖြစ်သူ သာကျော်နှင့် အတူ အဆိုပါ အနှိပ်ခန်းတွင် အလုပ်လုပ်နေသည့် ဇနီးသည်ထံ လာရောက်ရာမှ ဆိုင်ဝန်ထမ်းများနှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဟု ရဲမှတ်တမ်းများအရ သိရသည်။
စကားများရန်ဖြစ်ပြီး ဓားဖြင့် ခုတ်ခဲ့ခြင်းကြောင့် သာကျော် သေဆုံးခဲ့ပြီး ရန်ပွဲတွင် ပါဝင်သူ အမျိုးသား ၇ ဦးမှာ အသက် ၃၀ ဝန်းကျင်အရွယ်များဖြစ်ကာ အနှိပ်ခန်းဝန်ထမ်း ၂ ဦးနှင့် KTV ဆိုင်ဝန်ထမ်း အောင်မျိုးဝင်းတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် မန္တလေးအထွေထွေ ရောဂါကုဆေးရုံးကြီးသို့ တက်ရောက် ကုသနေရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ KTV ဆိုင်ဝန်ထမ်း အောင်မျိုးဝင်းက သူငယ်ချင်းဖြစ်သူကို သေဆုံးအောင်ပြုလုပ်ခဲ့မှုနှင့် ၎င်းကိုယ်တိုင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် အနှိပ်ခန်းဆိုင်မန်နေဂျာ သူရိန်၊ ဖက်တီး (ခ) ဝတုတ် (ခ) မင်းဝေဦး၊ ဟိန်းဇော်ပါ ၅ ဦးကို လူသတ်မူ ပုဒ်မ ၃၀၂ အပါအဝင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂၊ ၃၂၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အနှိပ်ခန်းဆိုင်မန်နေဂျာ သူရိန်ကလည်း ရန်ပွဲအတွင်း သေဆုံးခဲ့သူ သာကျော်နှင့် KTV ဆိုင်ဝန်ထမ်း အောင်မျိုးဝင်းတို့ကို ရာဇသတ်ကြီးပုဒ်မ ၄၅၂၊ ၃၂၆၊ ၁၁၄ (ပိုင်နက်ကျူးလွန်မူ၊ လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမူ၊ အားပေးကူညီမူ) တို့ ဖြင့် အပြန်အလှန် အမှုဖွင့်လှစ်ထားကြကြောင်း သိရသည်။
အဆိုပါ တိုင်ကြားမှုများကို မဟာအောင်မြေမြို့နယ် အမှတ် (၉) မြို့မရဲစခန်းက လက်ခံ၍ အမှုဖွင့်လှစ် ဆောင်ရွက်ပေးထားပြီး အမူနှင့်ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတက်ကုသနေသူ ၃ ဦးနှင့် အနှိပ်ခန်းဝန်ထမ်းတဦးကို ဖမ်းဆီးရမိထားပြီးဖြစ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် အနှိပ်ခန်းဝန်ထမ်း ၂ ဦးကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်တွင် ဘုန်းကြီးကျောင်းသားအား သတ်ဖြတ်ခဲ့သည့် သံဃာတော်ကို ဖမ်းဆီးရမိ
မန္တလေးမြို့လယ် ပစ်ခတ်မှု သေနတ်သမား သေဒဏ်နှင့် ထောင် ၁၀ နှစ် ကျခံရန် အမိန့်ချ