သတင်း

မလတ်တောင်ပြိုကျမှုမှ သေဆုံးသူရုပ်အလောင်း ၅၀ ကျော် ရှာဖွေတွေ့ရှိထား

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှုမှ သေဆုံးသူ ရုပ်အလောင်း ၅၁ အထိ ရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

သြဂုတ်လ ၉ ရက်နေ့မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်မြေများ ပြိုကျကာ ကယ်ဆယ်ရေးစခန်း ဖွင့်ထားသော ဥတ္တရာ ရာမ ဘုန်းကြီးကျောင်း၊ နေအိမ် ၂၅ လုံးနှင့် လမ်းပေါ်တွင် ရပ်ထားသည့် ကုန်ကား ၄ စီး အိမ်စီးကား ၁ စီးတို့ တောင်မြေပိခဲ့ခြင်းဖြစ်သည်။

ပေါင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် က “အဓိကက ကျနော်တို့ဆီမှာ တခါမှမဖြစ်ဖူးတဲ့ မိုးရေချိန်နဲ့ရွာလိုက်လို့ဗျ။ မြေပြိုတဲ့နေ့က မိုးရေချိန် လက်မ ၁၄ ဒဿမ ၁၇၊ အဲ့နေ့မတိုင်ခင်နေ့က ၁၆ ဒဿမ ၂၊ ၂ ရက်ပေါင်းရွာတဲ့ မိုးရေချိန်က အညာဒေသတချို့ရဲ့ တနှစ်မိုးရေချိန်လောက်အထိ ဖြစ်ခဲ့တာ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်အထိ တူးဖော်ရေး လုပ်ငန်းများကို ဆက်လက်ပြုလုပ်နေပြီး ပျောက်ဆုံးနေဆဲ လူဦးရေ အတိအကျကို ခန့်မှန်းရန် ခက်ခဲနေဆဲဖြစ်ကြောင်းနှင့် ပေါင်မြို့နယ်အတွင်း နောက်ထက် ၂ နေရာတွင် မြေပျိုမှု ထပ်မံဖြစ်ခြင်းကြောင့် လူသေဆူံးမှု မရှိသော်လည်း နေအိမ် ၂ လုံး ပျက်စီးခဲ့သည်ဟု သူက ဆက်ပြောသည်။

ဦးဇော်မိုးအောင် က “မနှစ်ကလည်း မိုးသည်းပြီး ရေကြီးခဲ့သေးတယ်။ အဲ့တုန်းက ငလျင်လှုပ်တဲ့ သဘောမျိုးဖြစ်တယ်။ တောင်တွေဟာ မြေသား အက်ကွဲကြောင်းတွေ ရှိခဲ့ပုံရတယ်။ အဲ့ဒီကနေ မြေသားတွေ မိုးနဲ့အတူပြိုကျလာတာ” ဟု ဆိုသည်။

လက်ရှိအချိန်ထိ မြေကြီးအောက်ထဲ ပိကျနေသူများ၏ ရုပ်အလောင်းများကို လူမှုကယ်ဆယ်ရေး အဖွဲ့များ မီသတ်တပ်ဖွဲ့ဝင်များ တပ်မတော်သားများ ရဲတပ်ဖွဲ့ဝင်များ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ စုပေါင်းရှာဖွေလျက်ရှိသည်။

ယနေ့မနက်ပိုင်းအထိ မိမိ၏ သမီး၂ ယောက် ပျောက်ဆုံးလျက်ရှိနေပြီး မနေ့ကအထိ မိသားစုဝင် ၇ ဦး၏ ရုပ်အလောင်းကို ရှိထားပြီဟု သဲဖြူကုန်းရွာ ဒေသခံ အသက် ၄၀ နှစ်အရွယ် ဦးသက်နိုင်ဦးက ပြောသည်။

ဦးသက်နိုင်ဦး က “ဒီရက်လောက်အထိဆိုတော့ အသက်ရှင်မှာမဟုတ်တော့ဘူး။ ဒါပေမယ့် ရုပ်အလောင်းလေးလောက်တော့ ပြန်ရချင်တယ်။ ကျနော်က ဖြစ်တဲ့အချိန်မှာ အိမ်နားမှာ မရှိခဲ့ဘူး။ မြေပြိုတာက စက္ကန့်ပိုင်းလောက်လေးနဲ့ကို လူတွေ ရှောင်ပြေးချိန် မရလိုက်ဘူး” ဟု ဆိုသည်။

တောင်ပြိုသည့်နေရာသည် မော်လမြိုင် – ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅ နှင့် ၁၈၄/၆ အကြား တွင်ရှိပြီး သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading