မြန်မာပြည် အောက်ပိုင်း ဒေသများတွင် ဖြစ်ပေါ်နေသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်သော ရေကြီး၊ ရေလျံ၊ မြေပြိုမှုများကို ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် တပ်မတော်သားများ အနေဖြင့် အထက်အမိန့် စောင့်ရန် မလိုဘဲ ပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
မြန်မာပြည် အောက်ပိုင်း ဒေသများ ဖြစ်သည့် မွန်၊ ကရင်နှင့် တနသာၤရီဒေသများတွင် သဘာဝ ဘေးအန္တရာယ် ကြီးကြီးမားမား ရင်ဆိုင်နေရချိန် တပ်မတော်က ဒေသဆိုင်ရာ တပ်များကို ချက်ချင်း သွားရောက်ကူညီပြီးမှ အကြောင်းကြားရန် ညွှန်ကြားထားသည်ဟု တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အမိန့်စောင့်စရာ မလိုဘူး။ ဖြစ်တာနဲ့ ချက်ချင်းကူညီ၊ ပြီးမှ ကျနော်တို့ကို အကြောင်းကြား။ လိုအပ်တယ်ဆိုရင် ထပ်ပြော။ ကျနော် တို့ ဖြည့်ဆည်းပေးဖို့ လိုတာတွေ ဆက်ဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ အခုလည်း အဲဒီဘက်မှာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရောက်နေပါပြီ။ လိုအပ်ရင် သုံးလို့ရအောင် ရဟတ်ယာဉ်တွေလည်း ပို့ဆောင်ထားပြီး ဖြစ်ပါတယ်” ဟု ပြောသည်။
ရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမ သဲ ဖြူကုန်းကျေးရွာအုပ်စုရှိ မလက်တောင်ပြိုကျမှုကြောင့် လူသေဆုံးသူ ၅၄ ဦး အလောင်းရရှိပြီး ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ဝင်းမြတ်အေးက “ကယ်ဆယ်ရေးတွေကလည်း လုံလောက်အောင် ဆောင်ရွက်နေတယ်။ လူမှုအဖွဲ့ အစည်းတွေကလည်း ကူညီတယ်။ တပ်မတော် တို့ မီးသတ်တို့ ကြက်ခြေနီတွေရော အများကြီးပဲ။ အစိုးရ ဌာနဆိုင်ရာတွေလည်း အများကြီးပဲ။ ကျနော်တို့ ရောက်တာနဲ့ ချက်ချင်း အရေးပေါ်ကိစ္စတွေကို အကုန် ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်”ဟု ဝန်ကြီးက ရှင်းပြသည်။
ယနေ့တွင်လည်း မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူက မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က လှူဒါန်းသည့် ဆန်အိတ်နှင့်အလှူငွေများ ပေးအပ်ပွဲသို့ တက်ရောက်ပြီးမှ နေပြည်တော် ပြန်မည် ဖြစ်ကြောင်း၊ ဒုတိယ သမ္မတနှင့် အဖွဲ့သည် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများ ရှိရာ စခန်း ၈ ခုသို့ သွားရောက်ခဲ့ကြောင်း သိရသည်။
ဒေါက်တာ ဝင်းမြတ်အေး က “အခုတော့ သဘာဝ ဘေးအန္တရာယ်ဒေသအဖြစ် ကြေညာဖို့ မလိုသေးဘူး။ အခု အခြေအနေအရ ပြောတာ။ အမြဲတန်းလည်း စောင့်ကြည့်နေတယ်။ ဒုတိယ သမ္မတ သွားတယ်ဆိုတာ သမ္မတနဲ့ အတိုင်ပင်ခံကိုယ်စား သွားတာ ဖြစ်ပါတယ်။ ညွှန်ကြားချက်ကတော့ ဆောင်ရွက်သင့်တာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်ဖို့ ဆိုတဲ့ ညွှန်ကြားချက်က ရှိပြီး သားပါ။ အဲဒီအတိုင်းပဲ ဆောင်ရွက်ကြရပါတယ်”ဟု ပြောသည်။
မွန်ပြည်နယ်ရှိ ရေဘေးအတွက် အားလုံးက နိုင်သလောက် ဝိုင်းကူညီနေကြပြီး တပ်မတော်သားများ၊ ပြည်သူများ စုပေါင်း ကူညီလျက် ရှိကြောင်း၊ တပ်ရင်းတပ်ဖွဲ့ နှင့် နီးသည့် နေရာများတွင် တပ်မတော်၏ ကူညီထောက်ပံ့မှုမှာ ၁၀၀ ရာခိုင်နှုန်း ရကြောင်း၊ တပ်နှင့် ဝေးသည့် နေရာများတွင် ပြည်သူများက ဝိုင်းကူနေကြောင်း မွန်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ပြောသည်။
ဦးမျိုးဝင်း က “တပ်နဲ့ ဝေးတဲ့ နေရာတွေကျတော့ ပြည်သူတွေ လွှမ်းခြုံတဲ့နေရာကျတော့လည်း တပ်တွေက မရောက်နိုင်ဘူး။ မရောက်နိုင်တဲ့ အခါမှာ ပြည်သူတွေက ဝိုင်းလုပ်ထားတာတွေလည်း အများကြီးပဲ။ အကုန်လုံးကတော့ ဒီအချိန်မှာ ကူညီနေကြတဲ့လူတွေကလေ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းအတွက်ဆိုပြီး ခေါင်းစဉ်တပ်တာထက် ကို တကယ်ဖြစ်နေတဲ့အပေါ်မှာ တို့ဝိုင်းလုပ်မှာ ဖြစ်မယ်ဆိုတဲ့ စိတ်ဓါတ်အပေါ် အခြေခံပြီး လုပ်နေတာပဲ များပါတယ်”ဟု ရှင်းပြသည်။
မွန်ပြည်နယ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် ရေးမြို့နယ်ဘက်ကို ရောက်ရှိနေပြီး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော်က တိုင်းစစ်ဌာနချုပ် အသီးသီးတွင် သဘာဝ ဘေးအန္တရာယ် ကူညီ ကယ် ဆယ်ရေးနှင့် ပတ်သက်သည့် စီမံချက်များ ရေးဆွဲထားသည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အင်အားကတော့ မြို့နယ်တိုင်းမှာ ရှိတဲ့ တပ်တွေရဲ့ အင်အားကို သုံးဖို့တခါတည်း ပြောထားပြီးသား ဖြစ်တယ်။ သဘာဝဘေးအန္တ ရယ် ဖြစ်ပေါ်လာရင် အမိန့်တောင်မှ စောင့်စရာမလိုဘူး။ ချက်ချင်းသွားကူပြီးမှ အကြောင်းကြားဖို့ ပြောထားတယ်။ အဲဒီမှာ ရှိတဲ့ အင်အားတွေကို အကုန်သုံးဖို့ ပြောထားပြီးသား ဖြစ်ပါတယ်”ဟု ပြောသည်။
ထို့ပြင် ယင်းဒေသရှိ စစ်မြေပြင် အင်ဂျင်နီယာတပ်များတွင် ရှိသည့် ဖိုက်ဘာလှေများ၊ ကူညီကယ်ဆယ်ရေးအတွက် ရာဘာလှေများ၊ စက်လှေများကိုလည်း ပို့ထားပြီး ဖြစ်ကြောင်း၊ အရေးပေါ်သုံး စစ်သုံးတဲများလည်း ရှိထားပြီးကြောင်း၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်း များတွင် လိုအပ်ပါက အသုံးပြုနိုင်ရန် ရဟတ်ယာဉ်များလည်း အသင့်ပို့ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
မွန်ပြည်နယ်သို့ ဒုတိယ သမ္မတနှင့် အတူ သွားရောက်ခဲ့သည့် ခရီးစဉ်အရ ပြည်သူများနှင့် တွေ့ ဆုံရာတွင် ၎င်းတို့၏ ပြောပြချက် အရ နှစ် ၃၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုဟု ဆိုကြောင်း၊ တချို့မှာ အရေးပေါ် ပြေးလာရသဖြင့် အဝတ်တထည်၊ ကိုယ်တခုသာ ပါသည်ကို တွေ့ ရကြောင်း၊ ထို့ကြောင့် အစိုးရက အတတ်နိုင်ဆုံး ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ပြန်လည် ထူထောင်ရေးအတွက် လုပ်စရာ ရှိသည်များကို လုပ်ပေးမည် ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနသာၤရီတိုင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည့်အပြင် ရေကြီးမှု နောက်ဆက်တွဲ မြေပြိုမှု များကြောင့် မွန်ပြည်နယ်နှင့် တနသာၤရီတိုင်းသို့ သွားရောက်ရာ လမ်းကြောင်းများမှာလည်း ပြန်တောက်လျက်ရှိသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်မှ မြေပြိုကျမှုနှင့် ပတ်သက်၍ သဘာဝ ပတ်ဝန်းကျင် ထိခိုက်အောင် ဆောင်ရွက်ခဲ့ကြသည့် ကျောက်မိုင်းများကို ပြည်သူလူထုက ဝေဖန်ထောက်ပြမှုများ ပြုလုပ်လျက်ရှိသည်။
နှစ်စဉ် မြန်မာနိုင်ငံသည် ရေကြီး ရေလျှံမှုနှင့် ရင်ဆိုင်ရလေ့ရှိပြီး ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကြောင့် နှစ်တိုင်းလည်း လူ သေဆုံးရလေ့ ရှိသည်။
ပြီးခဲ့သည့် ၂၀၁၇ တွင် တိုင်းနှင့်ပြည်နယ် ၁၄ ခုစလုံး၌ လူဦးရေ ၃၃၅၆၃၅ ဦး၊ အိမ်ထောင်စု ၈၂၁၁၄ စု ရေဘေး သင့်ခဲ့ကာ သေ ဆုံးသူ ၁၀ ဦး ရှိခဲ့ကြောင်း၊ ၂၀၁၈ ဇူလိုင်မှ သြဂုတ် ၅ ရက်နေ့အထိ တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် အိမ်ထောင်စု ၃၂၈၅၄၊ လူဦးရေ ၁၅၂၂၁၁ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး သေဆုံးသူ ၁၇ ဦးရှိခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ စာရင်းများ အရသိရသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၅ နှစ်အတွင်း လူပေါင်း ၄ သန်းခန့် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ တန်ဖိုးခန့် ဆုံးရှုံးခဲ့ကာ ၂၀၁၅ ရေဘေးတခုတည်းကပင် နိုင်ငံ၏ ဂျီဒီပီကို ၃ ရာခိုင်နှုန်းအထိ ထိခိုက် စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားသည်။
You may also like these stories:
မလတ်တောင်ပြိုကျမှုမှ သေဆုံးသူရုပ်အလောင်း ၅၀ ကျော် ရှာဖွေတွေ့ရှိထား
မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ