မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း မြေပြိုကျမှုများ ဖြစ်ပွားနေခြင်းကြောင့် တောင်ကြောတခုလုံး၏ မြေသားအခြေအနေကို မြေသားထပ်မံ မပြိုကျရေးအတွက် ဘူမိဗေဒ ပညာရှင်များနှင့် အမြန်ဆုံး စမ်းစစ်ရန် စိစဉ်မည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ညွှန်ကြားလိုက်သည်။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်ပြိုကျမှုမှ သေဆုံးသူများ ရုပ်အလောင်း ဆက်လက်ရှာဖွေသည့် နေရာသို့ ယနေ့ နေ့လည်ပိုင်းက ရောက်ရှိလာပြီး တောင်ပေါ်ရှိ နောက်ဆက်တွဲ တောင်ပြိုကျမှု ဖြစ်နိုင်သည့် အခြေအနေများကို ဒရုန်းကင်မရာဖြင့် အနီးကပ်ကြည့်ရှု့ပြီး ပြည်ထောင်စုအဆင့်ဖြင့် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ကာ အမြန်ဆုံး စစ်ဆေးရန် ပြောကြားခဲ့သည်ဟု ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
မိကွန်ချမ်းက “ပညာရှင်တွေက ဒီတောင်တလျှောက်လုံး လိုက်ကြည့်စစ်ဆေးမယ်။ ပြိုနိုင်တဲ့ နေရာတွေဆိုရင် မပြိုအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုထိန်းသိမ်းမလဲဆိုတာ အမြန်ဆုံး လုပ်မယ်လို့ ဒုသမ္မတက ပြောတယ်။ ပညာရှင်တွေက မြေတိုင်း စမ်းသပ်စစ်ဆေးရေးတွေ လုပ်မယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက် ဘယ်လောက်အနေအထားရှိတယ်ဆိုတာ ထွက်လာတာနဲ့ တန်းလုပ်မယ်လို့ ပြောခဲ့တယ်” ဟု ဆိုသည်။
ထိုကိစ္စ အကောင်အထည်ဖော်ရေးအတွက် မည်သည့် ဘတ်ဂျက်ဖြင့် သုံးစွဲမည်ကို အတိအကျ မသိရသေးသော်လည်း လက်ရှိ မွန်ပြည်နယ်တွင် ရေဘေး အန္တရယ်များကလည်း ကျရောက်နေသည့်အတွက် သဘာဝဘေးအန္တရယ်အတွက် အသုံးပြုရန် မွန်ပြည်နယ်အနေဖြင့် ရထားသည့် ကျပ်သိန်း ၅ ထောင်ထဲက သုံးရေးထက် ပြည်ထောင်စုရန်ပုံငွေမှ သုံးစွဲမည့် အနေအထားမျိုး ရှိနိုင်သည်ဟု သူက ဆက်ဆိုသည်။
ပေါင်မြို့နယ် တောင်ရိုးတလျှောက် မြေပြိုကျမှုများဖြစ်နေသည်က ၇ နေရာအထိ ရှိနေကြောင်း၊ ပေါင်မြို့နယ်တွင် သဲဖြူကုန်း ကျေးရွာတွင် မလတ်တောင်၊ ကျွဲခြံကျေးရွာ၊ မွန်စုပိုင်းနှင့် ကျွဲခြံဘူတာဆင်းသည့် လမ်းထိပ်၊ မုကျိကျေးရွာတွင် ပေါ်တော်မူဘုရားအနီး၊ ရွာသစ်ကျေးရွာတွင် တောင်ပေါ်ရှိ ဇာရိဖ္တိုလ် ဘုန်းကြီးကျောင်း၊ ပေါင်မြို့တွင် မိုးနိုင်းရပ်ကွက်နှင့် ဖြူဘရွာ တို့တွင် မြေပြိုမှုများ ဖြစ်ခဲ့ကြောင်း ပေါင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။
ထိုမြေပြိုကျသည့် နေရာများထဲတွင် ၄ နေရာလောက်သည် ခြံပိုင်ရှင်များက မိမိတို့ခြံအတွင်းရှိ တောင်မြေများကို ဖြိုချရောင်းစားခဲ့ခြင်း၏ အကျိုးဆက်များနှင့် သက်ဆိုင်ကြောင်း၊ ယခုကို တောင်ရိုးတလျှောက် စမ်းသပ်စစ်ဆေးမှုများ အမြန်ဆုံး ပြုလုပ်နိုင်မည်ဆိုလျှင် တောင်မြေပြိုကျနိုင်သည့် နေရာများ ရှိလာလျှင် လူများဘေးကင်းရေးအတွက် ရွှေ့ပြောင်းသင့်သည်များကို ရွှေ့ပြောင်းနိုင်ရန် ပြုလုပ်နိုင်မည်ဟု သူက ဆက်ပြောသည်။
ဦးဇော်ဇော်ထူး က “မြေတူးရောင်းချတာ မလုပ်ရဘူးလားလို့ မေးရင် လုပ်ရမှာပါ။ ဒါပေမယ့် စနစ်တကျ လုပ်ဖို့လိုတယ်။ ကျနော်တို့ ကျေးလက်လမ်း၊ ရွာချင်းဆက်လမ်းတွေလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဖို့၊ လမ်းတွေချဲ့ဖို့ မြေမလိုဘူးလားဆို လိုပါတယ်။ အဲ့ဒီလို လိုတဲ့မြေတွေကို တူးမယ်ဆိုရင် စနစ်တကျနဲ့ တောင်ပြိုမှုမရှိတဲ့ နည်းစနစ်နဲ့ လုပ်ဖို့လိုတယ်။ တူူးမယ့်နေရာဟာ လူတွေအတွက် အန္တရယ်မရှိတဲ့နေရာဖြစ်ဖို့လိုသလို မြေသားစမ်းသပ်မှုတွေ လုပ်ပြီးမှ တူးသင့်တယ်” ဟု ဆိုသည်။
မလတ်တောင် ပြိုကျမှုကြောင့် သေဆုံးခဲ့သည့် ရုပ်အလောင်း ထုတ်ယူနိုင်ခဲ့သည်မှာ ၅၇ ဦးအထိ ရှိလာပြီး ခေတ်မီ မြေပြင်စမ်းသပ်ရေး စက်ဖြင့် စမ်းသပ်မှုတွင် ၃ နေရာတွင် ရုပ်အလောင်းများ ရှိနေသည်ဟု သိထားရသော်လည်း ၃ ဦးရှိနေသည့် နေရာတနေရာကတော့ တိကျသေချာနေပြီး ထုတ်ယူရန် ဆောင်ရွက်နေသည်ဟု ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အတည်ပြုသည်။
သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မလတ်တောင်မြေများ ပြိုကျကာ ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်ထားသည့် ဥတ္တရာ ရာမ ဘုန်းကြီးကျောင်းနှင့် နေအိမ် ၂၇ လုံး၊ လမ်းပေါ်တွင် ရပ်ထားသည့် ကုန်ကား ၄ စီး၊ အိမ်စီးကား ၁ စီးနှင့် ထော်လာဂျီတစီးတို့ တောင်မြေပိခဲ့သည်။
မြေကြီးအောက်တွင် ပိကျနေသည့် ရုပ်အလောင်းများကို လူမှုကယ်ဆယ်ရေး အဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ သဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ စုပေါင်းက မြေတူးစက်ကြီးများဖြင့် ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။
မလတ်တောင်ပြိုသည့်နေရာသည် မော်လမြိုင် – ရန်ကုန် အဝေးပြေးကားလမ်း မိုင်တိုင် ၁၈၄/၅ နှင့် ၁၈၄/၆ တို့အကြားတွင် ပြိုကျခဲ့ခြင်းဖြစ်သည်။
You may also like these stories:
သဘာဝဘေး ကူညီရန် အမိန့်စောင့်စရာ မလိုဟု တပ်မတော်သားများကို ညွှန်ကြားထား
မလတ်တောင်ပြိုကျမှု သေဆုံးသူ ၃၀ ၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိ
ပေါင်မြို့နယ်တွင် မြေပြိုမှုကြောင့် လူ ၁ဝ ဦးသေဆုံး၊ ၃၀ ခန့် ပျောက်ဆုံးနေ