ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ လွှတ်တော်များကို ကျော်၍ ပြည်ထောင်စုလွှတ်တော်ထံ တင်ပြဆောင်ရွက်နေမှုများသည် စည်းကျော်၊ ဘောင်ကျော် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့် က မန္တလေး ခရီးစဉ်တခုတွင် သတိပေးပြောဆိုခဲ့သည်။
သမ္မတ ဦးဝင်းမြင့် က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသားနှင့်တိုင်းဒေသကြီး)၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများအား မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ယခုလ ၂ ရက်နေ့က တွေ့ဆုံရာတွင် ယင်းသို့ သတိပေး ပြောဆိုသွားခြင်းဖြစ်သည်။
ထိုသို့ပြောကြားခဲ့သည့် မိန့်ခွန်းအနက် ဥပဒေပြုရေးမဏ္ဍိုင်မှ အရေးကြီးသူများဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ကြေညက်နေရန် လုပ်ဆောင်ဖို့ သတိပေး ပြောဆို သွားသည်ကို တွေ့ရသည်။
သမ္မတ ဦးဝင်းမြင့် က “လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း ကိုယ်သည် ပြည်နယ်၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့အတွက် ပြည်နယ်၊ တိုင်းအစိုးရကို မေးခွန်းထုတ်မယ်၊ အဆိုတင်မယ်၊ ဥပဒေကြမ်းပြုမယ်၊ ဒါဟာ ပြည်နယ်၊ တိုင်း လွှတ်တော် ဆိုင်ရာ နည်းဥပဒေအရ ပေးထားတဲ့သူ့တာဝန်ဖြစ်တယ်၊ ဒါကို သူကနေ အဲဒီတာဝန်ကို ကျော်ပြီးတော့ ပြည်နယ်၊ တိုင်းလွှတ်တော်မှ တဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို တင်သွင်းပါတယ်ဆိုရင် အဲဒီကတည်းက သွားပြီ၊ ပေးထားတာက ဒူးနေရာ ဒူး၊ တော်နေရာ တော်၊ သူ့တာဝန်နဲ့သူ ပိုင်းခြားပြီးပေးထားတာ” ဟု ပြောသည်။
သမ္မတက ဆက်၍ “ပြည်နယ်၊ တိုင်းလွှတ်တော်မှာ မေးခွန်းထုတ်ရမယ်၊ အဆိုပြုရမယ်၊ ဒါကို ဘယ်လောက်ပြောပြော အခုအချိန်ထိ ကန့်လန့်လုပ်နေသလား၊ သိသိကြီးနဲ့လုပ်နေသလားမပြောတတ်ဘူး၊ အဲဒီလိုအဆိုတွေကို ပြောနေကြတော့ ကျနော့်ဆီကို ရောက်ပါတယ်၊ အဲဒီတော့ ကျနော်က ဥပဒေသမား ဖြစ်တဲ့အတွက် ကိုယ့်ပြည်နယ်၊ တိုင်းမှာပဲ လုပ်ပါ၊ စည်းကျော်ဘောင်ကျော်ပြီး မလုပ်ပါနဲ့လို့ မှတ်ချက်ပေးတယ်၊ ပြည်ထောင်စုအဆင့်က လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ကို အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တဆင့် ပြန်တင်ခိုင်းနေရတယ်” ဟု ပြောဆိုသည်။
ယခုအခါ ဒုတိယအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်အနေဖြင့် ပုံမှန်အစည်းအဝေး ၁၄ ကြိမ်ခေါ်ယူထားပြီးဖြစ်သလို အရေးပေါ်အစည်းအဝေး ၂ ကြိမ်၊ အထူးအစည်းအဝေး ၁ ကြိမ် ခေါ်ယူထားကာ တိုင်းဒေသကြီးနှင့် ကိုက်ညီမှုမရှိသည့် ဥပဒေ၊ နည်းဥပဒေများ ပြဌာန်းပေးခဲ့ခြင်းမျိုး မရှိသေးဟု မန္တလေးတိုင်း ဒေသကြီးလွှတ်တော် မှတ်တမ်းများအရ သိရသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ဌေး က ၎င်းတို့ တိုင်းဒေသကြီးနှင့် မကိုက်ညီသည့် ဥပဒေ၊ နည်းဥပဒေဟူ၍ ပြဌာန်းချက်မရှိကြောင်း ထို့အတူ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင်လည်း မရှိကြောင်း ထိုကဲ့သို့သော ဥပဒေ၊ နည်းဥပဒေများ မရှိသေးသော်လည်း ပြဌာန်းပြီး ဥပဒေများကို ပြန်လည်သုံးသပ်သည့် ကော်မတီတရပ် လိုအပ်ကြောင်း ထောက်ပြသည်။
ဦးခင်မောင်ဌေး က “တကယ်တမ်းက ပြဌာန်းပြီးဥပဒေတွေကို ပြန်လည်သုံးသပ်တာမျိုးက မရှိသေးတာ၊ အမှန်တကယ်က ပြဌာန်းပြီးသား ဥပဒေတွေက လက်တွေ့မှာ သုံးသလားဆိုတာကို လေ့လာသုံးသပ်သင့်တယ်၊ ဒါကို လွှတ်တော်က ပြဌာန်းပြီးပြီကွာ ဒါကိုကျင့်သုံးရမှာပဲ ဆိုတာမျိုးက လုံး၀ မဖြစ်သင့်ဘူး၊ အဲဒါကို ကျနော်လည်း မကြိုက်ဘူး၊ ဥပမာဗျာ လွှတ်တော်က ပြဌာန်းတဲ့ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာရမယ်၊ မလိုက်နာရင် အရေးယူရမယ်၊ ဒီအထိမှန်တယ်၊ အဲဒီအပြင် မိမိလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာက ထုတ်ပြန်တဲ့အမိန့်တွေ ညွှန်ကြားချက်တွေကိုလည်း မလိုက်နာရင် အရေးယူရမယ်ဆိုတာက ဥပဒေနဲ့ဆန့်ကျင်သွားပြီ” ဟုဆိုသည်။
၎င်းကဆက်၍ “အဲဒီလိုပဲ အမိန့်တွေ၊ ညွှန်ကြားချက်တွေက လွှတ်တော်မှာ ပြဌာန်း အတည်ပြုတဲ့ ဥပဒေ၊ နည်းဥပဒေတွေထက် ဌာနဆိုင်ရာက ထုတ်ပြန်တဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေက ဥပဒေကဲ့သို့ အာဏာတည်နေရင် ဥပဒေပြုရေးက ဘာထူးတော့မှာလဲ၊ ဒါကြောင့် ဥပဒေများ ပြန်လည်သုံးသပ်တဲ့ ကော်မတီတရပ် ဘယ်လွှတ်တော်မှာမှ အခုအချိန်ထိ မရှိသေးသလို ပြန်လည်သုံးသပ်တဲ့သူလည်း မရှိသေးဘူး” ဟု လည်းဆိုသည်။
တိုင်းဒေသကြီး အစိုးရမှ လုပ်စေချင်သည့် ကိစ္စရပ်များကို တိုင်းလွှတ်တော်၌ပင် တင်ပြရမည်ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် အဆင့်မှ လုပ်စေချင်သည့် ကိစ္စ ရပ်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များမှ တဆင့် တင်သွင်းရမည်ဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးကလည်း သမ္မတ မိန့်ခွန်းအပေါ် အခြေခံ၍ ထောက်ပြသည်။
ဒေါက်တာ လှမိုး က “သူ့ကဏ္ဍနဲ့သူ ပိုင်းခြားထားပြီးသားဖြစ်တယ်၊ မြို့နယ်တခုမှာ တိုင်းလွှတ်တော် ကိုယ်စားလှယ် ရှိတယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းရှိတယ်၊ ဒါကို သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ဆောင်ကြရမှာပဲ ဖြစ်တယ်၊ ဒါကို တိုင်းလွှတ်တော်မှာ တင်ပြီးတော့မှ အဲဒီကနေတဆင့် ပြည်သူ့လွှတ်တော်အား တိုက်တွန်းပါသည် ဆိုတာမျိးနဲ့ ပြည်သူလွှတ်တော်မှတဆင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပါသည်ဆိုတာမျိုးက သဘာဝကျတဲ့ ကိစ္စမှ မဟုတ်ပဲ၊ သူ့စည်း ကိုယ့်စည်းခွဲခြားသိရမယ့် အရာတွေပဲဖြစ်တယ်”ဟု ပြောသည်။
လွှတ်တော်များသည် ပြည်သူ့ ဘဏ္ဍာ အများအပြား အသုံးပြုနေခြင်းဖြစ်ပြီး တိုင်းနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် သမ္မတ ပြောသကဲ့သို့ ဥပဒေ၊ လုပ်ပိုင်ခွင့်၊ သဘောတရာများကို သေသေချာချာ နားလည်ရန်လိုအပ်ကြောင်း သို့မဟုတ်ပါက အကျိုးရှိရှိ အသုံးပြုရမည့် အချိန်များ အလဟဿ ကုန်ဆုံးသွားမည်သာ ဖြစ်သည်ဟု ချမ်းမြသာစည်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ကလည်း ပြောသည်။
ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအတွက် လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်များ စသည့် အခွင့်အရေးများ ရှိနေသော်လည်း ပြဌာန်းပြီး သောဥပဒေအချို့က တိုင်းနှင့်ပြည်နယ်တို့၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားခြင်းကြောင့် ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအတိုင်းရရှိနိုင်အောင် ပြဌာန်းပေးရန် လိုအပ်သည်ဟုလည်း ထောက်ပြသည်။
ဦးတင်အောင်က “တိုင်းနဲ့ပြည်နယ်တွေအတွက် ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှာပါတဲ့ အခွင့်အရေးရှိနေပေမယ့် ပြဌာန်ပြီးတဲ့ ဥပဒေအရ အချို့ကိစ္စရပ်တွေဆိုရင် တိုင်းနဲ့ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့် ပေးမထားဘူး၊ အဲဒီတော့ ကျနော်တို့မှာ လုပ်ပိုင်ခွင့်တော်တော်ခက်တဲ့အရာတွေအခုထိရှိနေသေးတယ်၊ ဒါတွေအားလုံးကို ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်နိုင်သေးရင် တောင်မှ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာပါတဲ့အခွင့်အရေး အတိုင်း ရရှိအောင် ပြဌာန်းပေးသင့်တယ်လို့ ပြောချင်ပါတယ်”ဟု ရှင်းပြသည်။
ဦးတင်အောင်သည်တရားလွှတ်တော်ရှေ့နေတဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်၊ ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်၁ နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ဝင်ရောက်အရွေးချယ်ခံခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဌ၊ ပြည်သူ့ရေးရာကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည်။
သမ္မတ ဦးဝင်းမြင့် က တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအနေဖြင့် ဥပဒေပြုရေးလုပ်ဆောင်ရာတွင် မိမိတို့၏ ပြည်နယ်၊ တိုင်းဒေသကြီးများ၏ ရေမြေသဘာဝ၊ လူမှုစရိုက်၊ စီပွားရေးများကိုလည်း ထည့်သွင်းစဉ်းစားပြီးမှသာ ပြည်နယ်၊ တိုင်းလွှတ်တော်များက ဥပဒေပြုရန် လိုအပ်သည်ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သေးသည်။
သမ္မတ ဦးဝင်းမြင့် က “တကယ်တော့ ဒါပြည်ထောင်စုက ပြဌာန်းရမယ့်အလုပ်တွေ ကိုယ့်အဆင့်နဲ့ကျော်ပြီး လုပ်လိုက်တဲ့အခါကျတော့ ဥပဒေပြုတာ တခုတော့ ဖြစ်ကောင်းဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် လက်တွေ့ အကောင် အထည်ဖော်လို့ မရဘူး၊ ဒီတော့ အချိန်ကုန်ငွေပမ်းလူပမ်းတာပဲရှိမယ်၊ ငွေပမ်းတယ်ဆိုတာက အဲဒီဥပဒေပြုဖို့အတွက် လွှတ်တော်တွေခေါ်ပါတယ်၊ တိုင်းပြည်ရဲ့ ဘတ်ဂျတ်တွေကပေးရတယ်၊ နေ့တွက်စရိတ် တွေပေးရတယ်၊ ခရီးစရိတ်တွေပေးရတယ်၊ ပြီးတဲ့အခါကျတော့ အဲဒီဥပဒေက တိုင်းဒေသကြီးနဲ့ အသုံးမဖြစ်ဘူးဆိုတဲ့အခါ နိုင်ငံတော် ဘဏ္ဍာငွေဟာ လေလွှင့်ဆုံးရှုံးသလိုဖြစ်တတ်ပါတယ်၊ ဒါကြောင့်မို့ တိုင်းဒေသကြီးအတွက် ဥပဒေပြုမယ်ဆိုရင် တကယ်လည်း စိစစ်ရမှာဖြစ်ပါတယ်” ဟု ထောက်ပြခဲ့သည်။
ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ကလည်း “သမ္မတကြီးပြောတာက တည်ဆဲဥပဒေတွေကို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေဘယ်သူပဲဖြစ်နေပါစေ လေးစားလိုက်နာကြရမှာပဲလေ၊ ဒါကို ပြင်နိုင်ရင် ပြင် မပြင်နိုင်ရင် လေးစားလိုက်နာကြရမှာပဲလေ၊ ဆိုကြပါဆို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ လုံးဝမကြိုက်ဘူး၊ ဒါပေမယ့် လက်ရှိအချိန်မှာတော့ လေးစားလိုက်နာနေကြရတာပဲလေ၊ အဲဒီလိုပဲ တည်ဆဲဥပဒေတွေကို လေးစားလိုက်နာကြရမယ်” ဟု ပြောသည်။
ယခုအခါ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့သည်လည်း ပုံမှန်အစည်း အဝေး ၁၃ ကြိမ်ထိ ကျင်းပခဲ့ပြီး ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁ မှ အခန်း ၁၅ အထိ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြု စုစည်းချက်ပေါင်း ၃၇၆၅ ချက်ပါရှိသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်က သြဂုတ်လ ၉ ရက်နေ့က ပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင်သဘောတူလက်ခံခဲ့သည်။
You may also like these stories:
သမ္မတနှင့် မန္တလေးတိုင်း အစိုးရ တွေ့ဆုံပွဲ သတင်းရယူခွင့် ကန့်သတ်ခံရ
မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော
လူ့အခွင့်အရေးကော်မရှင် လူရော မူပါ ပြုပြင်ပြောင်းလဲပါ