ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်နှင့် ကယားပြည်နယ် မယ်စဲ့မြို့ကို ဆက်သွယ်ထားသည့် နယ်စပ် ကုန်သွယ်ရေး ဂိတ် (BP-13) ကို ယခုနှစ်ကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက သိရသည်။
ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန မယ်စဲ့ ဂိတ်စခန်း တာဝန်ခံ ဦးစီးအရာရှိ ဦးသန့်စင်က“ဒီဘက်က လမ်းဖောက်တာက ပြီးသလောက် ရှိနေပြီ။ ၉၉ ရာခိုင်နှုန်းလောက် ဖြစ်နေပြီ။ ထိုင်းဘက်က နည်းနည်း ကျန်သေးတယ်။ အောက်တိုဘာလမှာ ပြီးမှာဆိုတော့ ဂိတ်ပေါက် တရားဝင် ဖွင့်မယ်ဆိုတာ အကြမ်းဖျင်း အနေနဲ့က ဟုတ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ကုန်သွယ်မှုအနေနှင့် ကုန်ဝင် ကုန်ထွက် ရှိသော်လည်း တရားဝင် ဖွင့်လှစ်ထားခြင်း မဟုတ်သောကြောင့် မြန်မာ ဘက်မှ ထိုင်းသို့ ကုန်ပစ္စည်း တင်ပို့မည်ဆိုလျှင် မယ်ဟောင်ဆောင် ခရိုင်သို့ အရင်ဆုံး တင်ပြ တောင်းဆိုရသဖြင့် ကုန် သွယ်မှု ပြုလုပ်ရာတွင် ကြန့်ကြာသည့် အခြေအနေ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ဦးသန့်စင်က“တရားဝင်ဖွင့်လိုက်တယ် ဆိုရင် ကုန်သွယ်မှုက လွယ်ကူသွားမှာပေါ့။ နောက်ပြီး ခရီးသွားအနေနဲ့လည်း ဒီဘက် က မယ်စဲ့ကနေ လွိုင်ကော်-တောင်ကြီး – အင်းလေးတို့ သွားလို့ရတဲ့ အနေအထားမျိုးဖြစ်တယ်။ ရှမ်းပြည်ဘက်က ပဲ၊ပြောင်း ဒါမျိုးတွေလည်း ပို့သွားနိုင်မယ်။ အခုတော့ လမ်းလည်း ကောင်းပြီ နှစ်ဖက်လည်း MOU ထိုးပြီးပြီဆိုတော့ ဂိတ် ဖွင့်ရင် ကုန်သွယ်မှုက ကောင်းသွားမယ်လို့ ယူဆရတယ်”ဟု ပြောသည်။
၂၀၁၇ ခုနှစ် မတ်လတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ခရီးသွားလာခွင့်နှင့် ကုန်သွယ်ခွင့် စသည့် အချက်များ ပါဝင် သော သဘောတူညီချက် မူကြမ်း ၇ ချက်ကို နှစ်နိုင်ငံ MOU ရေးထိုးထားကြောင်း သိရသည်။
ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန(လွိုင်ကော်) ရုံးခွဲ ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ်က“ခရီးသွားဆိုရင် ဘယ် အထိ ခွင့်ပြုမယ် ဒါတွေ မလုပ်ရသေးဘူး။ ကျနော်တို့ ခရီးသွားဘက်က တောင်းဆိုတာကတော့ ဒီဂိတ်ကို နိုင်ငံတကာပွိုင့် အနေနဲ့ ခရီးသွားတွေ ဝင်ထွက်လို့ရတဲ့ ဂိတ်ပေါက်အဖြစ် တောင်းတာ။ ခွင့်ပြုဖို့ မပြုဖို့ကတော့ ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ သဘောတူညီချက် တောင်းတာ”ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက“နောက်တချက်က ကျနော်တို့ဘက်က အင်းလေး အထိပေးမယ်။ သူတို့ဘက်ကိုလည်း မယ်ဟောင် ဆောင်က တဆင့် ချင်းမိုင် အထိပေးပေါ့။ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ ၆ ညအိပ် ၇ ရက် ပေးဆိုပြီး အဲဒီလို တောင်းထားတယ်။ အဲဒီ နှစ်ချက်ထဲကနေ ဘယ်ဟာကို အရင်ခွင့်ပြုမယ် ဆိုတာ ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက် စောင့် နေတယ်”ဟု ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး ကယားပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီးက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေး ညိုနှိုင်းလျက် ရှိကြောင်း ဦးလင်းဇော်ထွဋ်က ပြောသည်။
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် ခရိုင်သည် နှစ်စဉ် နိုင်ငံခြားသားခရီးသွား ၃ သန်းခန့် ဝင်ရောက်လျက် ရှိသောကြောင့် အဆို ပါ မယ်စဲ့နယ်စပ် ကုန်သွယ်ရေးဂိတ် (BP-13) ဖွင့်လှစ်မည်ဆိုလျှင် ကယားပြည်နယ်၏ နယ်စပ် ကုန်သွယ်ရေးသာမက ခရီး သွား ဝင်ရောက်မှုပါ တိုးလာမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်း-မြန်မာ (ကယားပြည်နယ်) နယ်စပ် ကုန်သွယ်ရေး အနေနှင့် အမေရိကန် ဒေါ်လာ ၁ သန်း လျာထားပြီး တနှစ်ပတ်လုံး ဆိုလျှင် ဒေါ်လာ ၁ သန်းကျော်မှ ၂ သန်း နီးပါးဝင်ရောက်ကြောင်း မယ်စဲ့ နယ်စပ် ကုန်သွယ်ရေး ဂိတ် စခန်း တာဝန်ခံ ဦးသန့်စင်က ပြောသည်။
“လောလောဆယ်က တရားဝင် မဟုတ်တော့ ကုန်သွယ်မှုမှာ အဟန့်အတားဖြစ်နေတဲ့ သဘောပေါ့”ဟု ၎င်းက ဆိုသည်။
ကုန်သွယ်မှုအနေနှင့် စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်၊ ပဲမျိုးစုံနှင့် ပြောင်းများ ထိုင်း နိုင်ငံသို့ တင်ပို့ပြီး သွင်းကုန်အနေနှင့် အချိုမှုန့်၊ ကော်ဖီမစ်၊ အချိုရည်နှင့် ဓာတ်မြေသြဇာများ ဝင်ရောက်လျက် ရှိသည်။
လက်ရှိ မြန်မာ-ထိုင်း နယ်နိမိတ် သတ်မှတ်မှုသည်လည်း မပြီးပြတ်သေးခြင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းတွင် ဘုရင့်ဘေးမဲ့ သစ် တောကြိုးဝိုင်း ရှိနေခြင်း တို့ကြောင့် ပြည်ထောင်စု အဆင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနိုင်မှသာ နယ်စပ် ဖြတ်သန်းမှု ခွင့်ပြုပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။