ဒီမိုကရေစီ လိုလားသူများ၏ ဆန္ဒပြမှုကြောင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည့် ဟောင်ကောင် လေဆိပ် သည် ယနေ့တွင် ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ပိတ်ဆို့ ဆန္ဒပြမှုကြောင့် တနင်္လာနေ့ ညနေပိုင်းက လေယာဉ် ခရီးစဉ်ပေါင်း ၉၀ ဖျက်သိမ်းခဲ့ရပြီး နောက် ဟောင်ကောင်- ဘန်ကောက် ပြေးဆွဲနေသည့် ကာသေးပစ္စဖိတ် လေကြောင်းလိုင်းနှင့် ဟောင်ကောင် လေကြောင်းလိုင်များ ယနေ့နံနက် ၆နာရီ ၅၅ မိနစ်နှင့် ၈နာရီ ၅၅ မိနစ်တို့တွင် ဘန်ကောက်သို့ စတင်ပျံသန်းနေပြီဟု Bangkok Post သတင်းက ဆိုသည်။
အလားတူ ထိုင်းလေကြောင်းလိုင်း ခရီးစဉ်အမှတ် TG 601 သည်လည်း ယနေ့နေ့လည် ၁၂နာရီ ၄၅ မိနစ်တွင် ဘန်ကောက်သို့ ပြန်လည်ထွက်ခွာကြောင်း သိရသည်။
ဆန္ဒပြသူများ အပေါ် ရဲတပ်ဖွဲ့၏အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချရန်အတွက် ဟောင်ကောင် လေဆိပ် တွင် ဒီမိုကရေစီ အရေးထောက်ခံသူ ထောင်နှင့်ချီ၍ ဝိုင်းဝန်းစုဝေးခဲ့ကြရာ တနင်္လာနေ့ မွန်းလွဲပိုင်းက ဟောင်ကောင်သို့ ဆိုက်လာသူများ နှင့် ထွက်ခွာမည့် ခရီးသည်များ အားလုံး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး လေဆိပ်တွင် သောင်တင်ခဲ့ရသည်။
တနင်္လာနေ့က ဟောင်ကောင်လေဆိပ်သည် ဆန္ဒပြမှုများကြောင့် ဆိုးဆိုးဝါးဝါး အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း လေဆိပ်ကြေညာချက်တွင် ဆိုထားသည်။ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် ဝေဟင်သို့ ပျံတက်ပြီးဖြစ်သည့် လေယာဉ်များ (သို့မဟုတ်) လေဆိပ်တွင် ပြေးလမ်းခွင့်ပြု၍ မြေပြင်ဆင်းသက်ပြီး သည့် လေယာဉ်များသာ အတက်အဆင်း ပြုလုပ်နိုင်ခဲ့ကြသည်။
တရုတ်အစိုးရအဖွဲ့၏ဟောင်ကောင်နှင့်မကာအိုရေးရာရုံးက ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပြီး ဟောင်ကောင် အခြေအနေသည် အကြမ်းဖက်ဝါဒ စတင်အမြစ်ပွားနေပြီဖြစ်ကြောင်းနှင့် ခြိမ်းခြောက်မှု ဖြစ်တည်နေကြောင်း ဆိုသည်။
“ဒီလိုရာဇဝတ်မှုဆန်ဆန် အကြမ်းဖက်မှုဆီ ဦးတည်တာကို မဖြစ်မနေ ကိုင်တွယ်ဖြေရှင်း ရမှာဖြစ်ပါ တယ်။ ဘာမှ သက်ညှာနေစရာ မလိုပါဘူး” ဟု အစိုးရပြောခွင့်ရသူ Yang Guang ၏ စွပ်စွဲပြောဆိုမှု ကို ကြေညာချက်တွင် ဖော်ပြထားသည်။
You may also like these stories:
မြန်မာနှင့် ထိုင်းသို့ လေကြောင်းလိုင်းသစ် ပြေးဆွဲသွားမည်ဟု Flydubai ပြော
အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ အကောင်းဆုံးနဲ့ အညံ့ဆုံး လေဆိပ်များ
အိန္ဒိယနိုင်ငံရဲ့ အလုပ်အများဆုံး လေဆိပ်များ
ကမ္ဘာအနှံ့က အန္တရာယ်အများဆုံး လေဆိပ်များ