ချင်းပြည်နယ် ပလက်ဝမြို့နယ် အောက်သဲမဝ ကျေးရွာဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် တိုက်ပွဲရှောင် ၂၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
တပ်မတော်နှင့် ရက္ခိုင့်စစ်တပ်(AA) တို့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်မှ ၈ ရက်အထိ ပလက်ဝမြို့နယ် ဘောင်ဝ ရွာနှင့် ကျောက်ဖြာရွာ အနီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားသည့်အတွက် ဒေသခံ ၂၀၀ ကျော်သည် အောက်သဲမဝ ကျေးရွာဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ရကြောင်း ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC)မှ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောသည်။
“အခုက စားနပ်ရိက္ခာ လိုနေတာပေါ့။ ကျန်းမာရေး စောင့်ရှောက်မှု အတွက်လည်း ဆေးဝါးတွေ လိုအပ်နေတယ်။ လော လောဆယ် တပတ်စာ သူတို့ အတွက် ဆန်၊ ဆီ၊ ဆား ထောက်ပံ့ပေးထားတယ်။ ရေကြီးနေတော့ သွားလို့ အဆင်မပြေ သေးဘူး။ မြို့နယ် အုပ်ချုပ်ရေးမှူးကိုလည်း တင်ပြထားတယ်။ နောက်အပတ်လောက်ဆို သွားပို့နိုင်မယ် ထင်တယ်”ဟု ၎င်းက ပြောပြသည်။
အောက်သဲမဝ ကျေးရွာသို့ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြသူ ၂၀၀ ကျော် အနက် ဘောင်ဝရွာမှ အိမ်ထောင်စု ၃၇ စု လူဦးရေ ၂၀၄ ဦးနှင့် ကျောက်ဖြာရွာမှ ၄၉ ဦး စုစုပေါင်း ၂၅၃ ဦး ရှိကြောင်း KACC က ဆိုသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က“သူတို့ဆီက စာရင်းကို မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ချက်ချင်း ကျနော်တို့ဆီတင်၊ ကျနော်တို့က ဒေါက်တာ ဝင်းမြတ်အေးတို့ကို ချက်ချင်းတင်ပြီး ထောက်ပံ့ မှုကို ပေးတယ်။ ဆန်၊ ဆီ၊ ဆား၊ ပဲ ၄ မျိုးကတော့ စာရင်းရတာနဲ့ ချက်ချင်း ထုတ်ပေးတယ်။ နောက်ပြီးတော့ ထုတ်ပေး နိုင်အောင်လည်း ကျနော်တို့မှာ အရန်တွေ ထားတာ ရှိတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ဆက်သွယ်ရင် နောက်ကျစရာ အကြောင်းမရှိဘူး။ ချက်ချင်း ထောက်ပံ့ပါတယ်”ဟု ပြောသည်။
တပ်မတော်နှင့် AA တို့ ပလက်ဝ မြို့နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် သဲမဝ အပါအဝင် နန်မတာ၊ လယ်လှ စသည့် ကျေးရွာအုပ်စု ၃ စုရှိ အစိုးရ စာသင်ကျောင်းများ ပိတ်ထားရခြင်းကြောင့် ထိုဒေသများတွင် နေထိုင်သော ဒေသခံ ကလေးငယ်များ အပါအဝင် နေရပ်စွန့်ခွာ တိမ်းရှောင်လာသော ဘောင်ဝရွာနှင့် ကျောက်ဖြာရွာမှ တိုက်ပွဲ ရှောင် ကလေးငယ်များလည်း ပညာသင်ကြားခွင့် ဆုံးရှုံးမည်ကို စိုးရိမ်နေကြရကြောင်း ဦးကျော်ငြိမ်း က ဆိုသည်။
“ကျောင်းတွေ ပိတ်ထားလို့ ကလေးတွေ စာသင်ဖို့ အခက်အခဲ ဖြစ်နေတယ်။ အရေအတွက် ဘယ်လောက် ရှိတယ်ဆိုတာ တော့ ကျနော်လည်း အတိအကျ မသိဘူး။ အဲဒီမှာ မူလွန်ကျောင်းတွေ ရှိတယ်။ အ လ က ကျောင်းတွေ ရှိတယ်။ ထခွဲ ၃ ကျောင်းရှိတယ်”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် တပ်မတော်နှင့် AA တိုက်ပွဲများသည် ပလက်ဝမြို့နယ် အတွင်း လုံးဝ ရပ်တန့်သွားခြင်း မရှိသေးဘဲ မကြာ ခဏ ပြန်လည် ဖြစ်ပွားလျက် ရှိနေကြောင်း ဝန်ကြီး ဦးစိုးထက်ကလည်း ပြောပြသည်။
၎င်းက ဆက်လက်၍“ဆရာ/ဆရာမတွေလည်း မသင်ရဲဘဲ ပလက်ဝမြို့ပေါ်ကို ပြေးလာတယ်။ တိုက်ပွဲ ဖြစ်နေတဲ့ နေရာ ကျတော့လည်း သင်ရတာ နည်းနည်း အဆင်မပြေ ဖြစ်တာပေါ့နော်။
တိုက်ပွဲအတွင်းမှာတော့ သင်ဖို့ကတော့ လောလော ဆယ် ဘယ်လိုမှ မရနိုင်သေးဘူး ဖြစ်နေမယ်။ ဒေသခံတွေကလည်း တခြားနေရာကို ရွှေ့ပြီးသင်ဖို့ကလည်း မဖြစ်နိုင်ဘူး၊ လုံခြုံတဲ့နေရာ ဆိုရင်လည်း ပလက်ဝနား တဝိုက်ပဲ ရှိတော့ အဲဒီကိုလည်း ကလေးတွေ သွားနိုင်မှာလည်း မဟုတ်ဘူး။ ဒီဟာကလည်း ကျနော် ထင်ပါတယ် အကြာကြီးတော့ မဖြစ်လောက်ဘူး။ ယာယီကတော့ ဒီလိုဖြစ်နေတာ ပေါ့”ဟု ပြော သည်။
တပ်မတော်နှင့် AA တို့ ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ် အတွင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ စတင်၍ ယနေ့တိုင် ဖြစ်ပွား နေသော တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်ရှိ ကျေးရွာပေါင်း ၂၁ ရွာမှ အိမ်ထောင်စု ၇၅၉ စု လူဦးရေ ၃၄၇၇ ဦး နေရပ် စွန့်ခွာ တိမ်းရှောင် နေကြရသည်ဟု KACC က ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ပွဲရှောင်များနှင့် ရေဘေးသင့် ပြည်သူများကို ကူညီစောင့်ရှောက်ရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကျပ် ၈၄၆. ၆၁ သိန်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကျပ် ၈၃၉.၂ သိန်း၊ ချင်းပြည်နယ် အစိုးရက အဖွဲ့ ကျပ်သိန်း ၃၀၀၊ ချင်းပြည်နယ် အတွင်းရှိ စေတနာရှင် ပြည်သူများနှင့် အဖွဲ့အစည်း များက ကျပ် ၃၈၁.၀၄ သိန်း စုစုပေါင်း ကျပ် ၂၃၆၆.၈၄ သိန်းကို ချင်းပြည်နယ် အစိုးရက လက်ခံရယူထားပြီး ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း၌လည်း တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စုစုပေါင်း ဒေသခံ ၄ သောင်းကျော် နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရသည်။
You May Also Like This Story:
တိုက်ပွဲများကြောင့် ပလက်ဝ ဒေသခံ ၂၀၀ ကျော်နေရပ်စွန့်ခွာ ထွက်ပြေးနေရ