နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးခဲ့သည်ဟု ယူဆကာ တရားစွဲဆိုထားသည့် အိမ်အကူ မကရင်မအမှုမှ သံသယ တရားခံ ဒေါ်သိင်္ဂီစုကို တရားခွင်တွင်း ပြည့်ပြည့်စုံစုံ ထုချေ တင်ပြခွင့်ပေးရန် ၎င်း၏ခင်ပွန်းဖြစ်သူ တပ်မတော် အရာရှိ က အသနားခံစာ တင်ပြကြောင်း ရန်ကုန် တောင်ပိုင်းခရိုင်တရားရုံးမှ တရားသူကြီး ဦးအောင်မြင့်က ပြောသည်။
အဆိုပါ အသနားခံစာ မူရင်းကို ရန်ကုန်တိုင်းတရားရုံးသို့ တင်ပြမည်ဖြစ်ကြောင်း တောင်ပိုင်းခရိုင်တရားရုံးမှ သိရ သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က“သူ့ဇနီးက ၁ နှစ်နဲ့ ၂ လ အချုပ်ခံထားရတဲ့ အပေါ်မှာ သူမကြည့်ရက်တော့တဲ့ အတွက်ကြောင့် ဒီအမှုကို ပြည့်ပြည့်စုံစုံ ထုချေခွင့်ပြုစေချင်ပါတယ်လို့ ပြောတယ်။ ပြည့်စုံစွာ ထုချေ တင်ပြခွင့်ပြုပါလို့ လျှောက်လွှာ တင်တယ်ပေါ့”ဟု ပြောသည်။
ဆက်လက်ပြီး ၎င်းက“တရားရုံးမှာ သူ့ကို ၃၀၂ (၂) နဲ့ စွဲချက်တင်ထားတဲ့ အချက်အလက်တွေကို ခုခံချေပတာတွေ တင် မကတော့ဘူး။ သူ တင်ပြချင်တဲ့ ကိစ္စမှန်သမျှ နောက်ဆုံးပိတ် မကရင်မနဲ့ သူနဲ့ ဘုရားဖူးသွားတာတွေ ပင်လယ် ကမ်းခြေ ကို သွားတာတွေ ဆယ်လ်ဖီ ရိုက်တာတွေက အစ အမှုနဲ့ မပတ်သက်တဲ့ ကိစ္စတွေကအစ တင်ပြခွင့် ပေးထားတယ်။ ဒါကိုလည်းပဲ တရားခံရှေ့နေလည်း သိတယ်။ တရားခွင်မှာ ရှိတဲ့ ပုဂ္ဂိုလ်တွေ အားလုံးသိကြတယ်”ဟု ရှင်းပြ သည်။
ယနေ့ရုံးချိန်းတွင် ဒေါ်သိင်္ဂီစုသည် ၎င်း၏ ရှေ့နေများကို ပါဝါရုပ်သိမ်းလိုက်သည့် အတွက် စစ်ဆေး မေးမြန်းမှုကို မလုပ်နိုင်ခဲ့ဘဲ လာမည့်ရုံးချိန်းကို သြဂုတ်လ ၂၇ ရက်သို့ ချိန်းဆိုခဲ့သည်။
ဒေါ်စန်းစန်းမြင့်က“ပါဝါ ရုပ်တာ ၄ ယောက် မြောက်ပေါ့။ အမှုသည်နဲ့ ရှေ့နေကြားမှာတော့ ရှေ့နေတွေကလည်း အမှု သည်တွေ အပေါ်မှာ ကျေနပ်မှု မရှိရင် ရုပ်မှာပဲ။ အမှုသည်တွေကလည်း ကျေနပ်မှု မရှိရင် ရုပ်မှာပဲ။ ဒါကတော့ သူတို့ အခွင့်အရေး အရ ရုပ်တာပေါ့”ဟု ဆိုသည်။
အိမ်အကူ မကရင်မ သေဆုံးမှုတွင် တပ်မတော် အရာရှိ၏ ဇနီး အိမ်ရှင် ဒေါ်သိင်္ဂီစုကို ထောင်ဒဏ် တသက်တကျွန်း အထိ အပြစ်ပေးနိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ (၂) ဖြင့် ယခုနှစ် ဇန်နဝါရီလ၂၃ ရက်မှ စပြီး စွဲချက်တင်ထားခြင်း ဖြစ် သည်။
ပုဒ်မ ၃၀၂ (၂) သည် လူသတ်မှု ကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ် တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ် အထိ အလုပ် ကြမ်း နှင့် ထောင်ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
သံသယ တရားခံ ဒေါ်သိင်္ဂီစုက သေဆုံးခဲ့သည့် အိမ်အကူ မကရင်မနှင့် အတူနေထိုင်ခြင်း မရှိသဖြင့် ကိုယ်ထိ လက် ရောက် ရန်ဖြစ်ခြင်း၊ စကားများခြင်းများ၊ ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်နှင့် ထုခြင်းများ မရှိကြောင်း သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုထွားသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက်ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ် ချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် နာတာရှည် ရောဂါများ ရှိကြောင်းကိုလည်း ထွက်ဆိုခဲ့ဖူးသည်။
အိမ်အကူ မကရင်မသည် ဝမ်းဗိုက်ဒဏ်ရာကြောင့် အူပေါက် သေဆုံးခြင်း ဖြစ်ကြောင်း တရားရုံးတွင် တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ ဆရာဝန်က ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် သက်သေ ထွက်ဆိုထားသည်။
၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှု၌ တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ဦး တင်သွင်းထားကြောင်းလည်း သိရသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
ဆက်စပ် ဖတ်ရှုရန်
မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ
ဥပဒေအကာအကွယ်လိုအပ်ဆဲ အိမ်အကူအလုပ်သမများ