ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန်ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့်ကျောင်းဆရာ ၁ ဦး အပါအဝင် ဒေသခံ ၃ ဦးတို့ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း သတင်း ရရှိသည်။
ဖမ်းဆီး အမှုဖွင့်ခံရသူများမှာ ကျောက်ရန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင် ၊ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်း၊ ဦးမောင်ဖြူဒေါင်း ၊ ဦးမောင်ထွန်းစိန်နှင့် ကိုကျော်သူစိုးတို့ ဖြစ်ပြီး ယနေ့တွင် ရဲတပ်ဖွဲ့က ဘူးသီးတောင်မြို့နယ် တရားရုံး၌ ချုပ်ရမန်ယူခဲ့ကြောင်း မိသား စုဝင်များက ပြောသည်။
ကိုကျော်သူစိုး၏ မိခင် ဒေါ်မဲမက “ကျမသား ဒီနေ့ တရားရုံးကို ရောက်နေတယ်ကြားလို့ သွားတွေ့ပါ တယ်။ အမှုက ဆူပူ သောင်းကျန်းမှုလို့ ပြောပါတယ်။ ကျမသားမှာ ဘာအဖြစ်မှလည်းမရှိဘူး။ လက်မှာ သူ့နာမည်ကို Kyaw ဆိုပြီး တက်တူး ထိုးထားတာကို တွေ့လို့ ဖမ်းသွားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၈ ရက်နေ့က ကျောက်ရန်ရွာသို့ တပ်မတော် စစ်ကြောင်း ဝင်ရောက်လာပြီး ရွာသားများကို ၃ ရက်ကြာ ခေါ်ယူ စစ်ဆေးခဲ့ပြီး ၅ ဦးကို AA အဖွဲ့နှင့် ပတ်သက်သည်ဆိုကာ ဖမ်းဆီးသွားကြောင်း ရွာသားများက ပြော သည်။
ရွာသား ကိုမောင်ဦးသန်းက “အဲဒီနေ့က ကျနော်တို့ ရွာကို စစ်သားတွေ လာဝိုင်းပါတယ်။ တရွာလုံးကို ခေါ်ပြီးတော့ စစ် ဆေးပြီးတယ်။ ပထမဆုံး ကျောင်းဆရာကို ဖမ်းတယ်။ ကျနော်တို့ကို ဘုန်းကြီး ကျောင်း သိမ်မှာ ထားတယ်။ အပြင်မထွက် ရဘူး။ ၃ ရက်လောက် နေရတယ်။ ၁၁ ရက်နေ့ မှာ ကျောင်းဆရာရယ်။ အုပ်ချုပ်ရေး မှူးရယ်၊ ၅ ဦးကို ဖမ်းခေါ်ပြီးတော့ သူတို့ ရွာကနေ ထွက်သွား ကြ တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ ၎င်းတို့ ၅ ဦးကို AA တပ်ဖွဲ့နှင့် ဆက် သွယ်မှု ရှိသည့်အတွက် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီး အမှုဖွင့်ခံရသူ ဦးနိုင်အောင်ထွန်း၏ ဖခင် ဦးဘသန်းမောင်က “ဒီနေ့ တရားရုံးကို သွားတွေ့ တော့ သားနဲ့တွေ့ခွင့် မရခဲ့ဘူး။ စကားလည်း မပြောလိုက်ရဘူး။ လှမ်းမြင်လိုက်ရတာပဲ ရှိပါတယ်။ မျက်နှာမှာ ဖူးရောင်နေတာကိုတွေ့ပါတယ်။ ကျနော့်သားက ကျောင်းဆရာ လုပ်နေသူ တယောက်ပါ ။ ဘာ AA နဲ့မှလည်း အဆက်အသွယ်မရှိပါဘူး။ သူတို့ စွပ်စွဲပြီး ဖမ်းသွားတာပါ”ဟု ဆိုသည်။
မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းမှာ ရသေ့တောင်မြို့နယ် ဈေးကိုင်းကျေးရွာဇာတိဖြစ်ပြီး ကျောက်ရန်ကျေးရွာတွင် တာဝန်ကျနေသည်မှာ ၃ နှစ်ခန့် ရှိပြီး ဖြစ်ကြောင်းလည်း သိရသည်။
ဘူးသီးတောင်မြို့ နယ် ပညာရေးမှူး ဦးသန်းဖေက“ကျနော်တို့ သိရသလောက်ကတော့ AA နဲ့ ဆက်စပ်မှု ရှိလို့ ဖမ်းတယ်လို့ ကြားတယ်။ ဒီကိစ္စတွေအပေါ်မှာ အထက်ကိုတော့ တင်ပြထားတယ်။ ကျန်တာကတော့ ဥပဒေအတိုင်းပဲ ဆက် လုပ်ရမှာပေါ့ ” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးအမှုဖွင့်ခံရသူ ကိုမောင်ထွန်းစိန်မှာ သရက်ပြင်ရွာမှ ဖြစ်ပြီး ခိုင်းနွားဝယ်ရန် ကျောက်ရန်ရွာသို့ ရောက်နေစဉ် ဖမ်းခံရခြင်းဖြစ်ပြီး သြဂုတ်လ ၂၇ ရက်နေ့ထိ တရားရုံး၌ ချုပ်ရမန် ယူကြောင်း မိသားစုဝင်များက ပြောသည်။
ဘူးသီးတောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွေက “ တပ်က မသင်္ကာဘူးဆိုရင် ကျေးရွာ အုပ်ချုပ်ရေးမှူးပဲ ဖြစ်ဖြစ် ၊ ကျောင်းဆရာပဲဖြစ်ဖြစ် ခေါ်ယူ စစ်ဆေးလို့ ရတာပဲ ၊ဒီလို ရွာတွေဝိုင်း၊ လူတွေစု ၊ ဖုန်းတွေ သိမ်း ပြီး အကြောက်တရား ကြီးစိုးအောင် မလုပ်သင့်ဘူး။ လူ့အခွင့်ရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ ကျနော် အနေနဲ့ မြင် တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကျောက်ရန်ရွာသားများမှာ စိုးရိမ်ထိတ်လန့်၍ ရွာကို စွန့်ခွာပြီး ဘေးလွတ်ရာသို့ ထွက်ပြေး နေရကြောင်း လည်း သိရသည်။
ပြီးခဲ့သည့် သြဂုတ် ၅ ရက်နေ့က ဘူးသီးတောင်မြို့နယ်မှ မူလတန်းကျောင်းဆရာ ကိုနေဇော်လင်း သည် သရက်ပြင်ရွာမှ ကြာညိုပြင် ရွာသို့ လာရောက်စဉ် စိုင်းဒင် ချောင်းတံတား၌ မသင်္ကာမှုဖြင့် တပ်မတော်သားများ၏ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် ချုပ်နှောင် စစ်ဆေးခံနေရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဘူးသီးတောင်က ဖမ်းဆီးခံ ကျောင်းဆရာ အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ခံရ