ပြင်ဦးလွင်မြို့ရှိ ဓာတ်တော်ချိုင့်ရေတံခွန် ရေမကျသည့် အကြောင်းအရင်းအား ဘူမိဗေဒပညာရှင်များနှင့် ဆန်းစစ်အဖြေရှာရန် အစီအစဉ်ရှိကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးမျိုးသစ်က ဧရာဝတီကို ပြောသည်။
ဦးမျိုးသစ် က “အခုလောလောဆယ်တော့ ရေပြန်ကျတော့ အဆင်ပြေသွားပြီပေါ့။ ဒါပေမဲ့ ဘာကြောင့် ဖြစ်ရတယ် ဆိုတာ ကျနော်တို့လဲ ပညာရှင်မဟုတ်တော့ သေချာမသိနိုင်တဲ့အတွက် Geologist (ဘူမိပညာရှင်) တွေနဲ့ လေ့လာ ဆန်းစစ်မှုတွေလုပ်ဖို့ရှိပါတယ်။ အဖြေရှာတွေ့ရင်တော့ ဒေသခံ ပြည်သူတွေအပေါ် ထိခိုက်နိုင်ခြေရှိ၊ မရှိပေါ် မူတည်ပြီး ဆက်ဆောင်ရွက်သွားမှာပါ” ဟု ပြောသည်။
ပြည်တွင်းပြည်ပ ခရီးသွားများအကြား အထင်ကရ နေရာတခုဖြစ်သော မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ ဓာတ်တော်ချိုင့် ရေတံခွန်သည် သြဂုတ် ၁၁ ရက်က နံနက်ပိုင်းက ရေတံခွန် ဒုတိယ အဆင့်မှစတင်ကာ ရေမကျတော့သဖြင့် သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ အချို့အပါအဝင် ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဒေသခံများ ပြောပြချက်အရ ထိုသို့ဖြစ်ပွားရခြင်းသည် ပထမဆုံးဖြစ်ပြီး ရေမကျရသည့်အဓိက အကြောင်း ရင်းကို ရှာဖွေမတွေ့ခဲ့ရသော်လည်း ရေတံခွန် ဒုတိယအဆင့် မရောက်ခင် နေရာရှိ ရေအိုင်ငယ် အတွင်း ဂလိုဏ် ပေါက်ဖြစ်ကာ ရေများ ယင်းအပေါက်အတွင်းသို့ စီးဆင်းမှုများသဖြင့် ဒုတိယထပ်နှင့် အောက်ဆုံး တတိယထပ်တို့တွင် ရေမကျရခြင်းဖြစ်သည်ဟု သိရသည်။
ထို့ကြောင့် အဆိုပါဂလိုဏ်ပေါက်နေရာအား ကျောက်ဗြုန်းအိတ်များဖြင့် ပိတ်ဆို့လိုက်ရာ သြဂုတ် ၁၂ ရက် တွင် ရေတံခွန် ဒုတိယအဆင့်နှင့် တတိယအဆင့်တို့တွင် ရေပြန်လည်ကျလာခဲ့သည်ဟု ကွင်းဆင်းစစ်သည့် အဖွဲ့တွင် ပါဝင်ခဲ့သော ပြင်ဦးလွင်မြို့နယ် တိုင်းလွှတ်တော် ကိုယ်စား လှယ်ဦးအောင်မင်းက ဧရာဝတီကို ပြောသည်။
ဦးအောင်မင်း က “ဒါကတော့ ဆေးမြီးတိုနဲ့ ကုလိုက်တဲ့သဘောပေါ့လေ။ ရေရှည်အတွက် နောင်ဒီလို မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကိုတော့ သက်ဆိုင်ရာ ဆည်မြောင်းတို့၊ ဘူမိက ပညာရှင် တွေနဲ့ ဒီနေရာကို သေချာလေ့လာဖို့လိုမယ်” ဟု ပြောသည်။
ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ရှမ်းရိုးမတောင်တန်းများသည် အများအားဖြင့် ထုံးကျောက်တောင် အမျိုးအစား များဖြစ်ရာ သဘာဝအရ ရေတိုက်စားခြင်း သို့မဟုတ် လူလုပ်သည့် ပယောဂ တစုံတရာကြောင့် ဖြစ်ခြင်း ဟုတ်မဟုတ် သိရှိအောင် ဖြစ်ပွားခဲ့သည့် ဧရိယာတဝိုက်အား ပိတ်ဆို့ကာ ကွင်းဆင်းစစ်ဆေးမှုများအား ယခုလအတွင်း ဆောင်ရွက်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ယခုတပတ်အတွင်း တင်ပြသွားမည်ဟု ၎င်းက ဆိုသည်။
ရေတံခွန်မှ ရေမကျသည့်နံနက်ခင်းပိုင်းက ၎င်းဧရိယာအနီး ငါးမိုင်းခွဲသည့်အခါအသုံးပြုသည့် မိုင်းခွဲသည့် အသံမျိုး ဒေသခံအချို့က ကြားရသည်ဟု ဆိုသည့်အတွက် လတ်တလောအဖြစ်အပျက်သည် ငါးမိုင်းခွဲမှု နှင့် ဆက်စပ်မှုရှိနိုင်သော်လည်း သေချာလက်ဆုပ်လက်ကိုင် ပြနိုင်သော အခြေအနေ မရှိကြောင်းနှင့် အဆိုပါ ရေအိုင်ငယ်များအတွင်း ဒေသခံအချို့က စီးပွားဖြစ် မဟုတ်သော်လည်း ရှော့တိုက်ငါးဖမ်းခြင်း၊ ငါးမိုင်းခွဲခြင်းများ ရံဖန်ရံခါပြုလုပ်လေ့ရှိသည်ဟု ပြင်ဦးလွင်ဒေသခံတချို့က ဧရာဝတီကို ပြောသည်။
ယင်းရေတံခွန်တည်ရှိရာ ပြင်ဦးလွင် အနီးစခန်းကျေးရွာမှ ကိုကျော်ဆန်းဝင်း က “အမှန်ဆို ဓာတ်တော်ချိုင့် ရေတံခွန်က သစ်တောကြိုးဝိုင်းထဲမှာပါတယ်။ ဒါကြောင့်ဒီနေရာကို ဘူမိရုပ်သွင်သဘာ၀ ထိန်းသိမ်းရေး နယ်မြေ တခုအနေနဲ့ ထိန်းသိမ်း စောင့်ရှောက်မယ်ဆိုရင် ဒေသခံတွေအတွက်ရော၊ ခရီးသွား လုပ်ငန်း အတွက်ပါ ပိုအဆင်ပြေလာနိုင်မယ်” ဟု ဧရာဝတီကို ပြောသည်။
သို့ရာတွင် ဓာတ်တော်ချိုင့်ရေတံခွန်အထက်ရှိ သစ်တောစိုက်ပျိုးမြေ အများစုသည် ထူးဂရုကုမ္ပဏီ အပါအဝင် လုပ်ငန်းရှင်အများစု ပိုင်ဆိုင်သော မြေများဖြစ်သဖြင့် ဓာတ်တော်ချိုင့်ရေတံခွန်ဒေသအား သဘာ၀ ပတ်ဝန်းကျင်နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် ဒေသခံများ၊ အရပ်ဖက် အဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ရန်လိုအပ်သည်ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောသည်။
အမြင့်ပေ ၁၀၀၀ ဝန်းကျင်ရှိသော အဆင့် ၃ ဆင့်ရှိဓာတ်တော်ချိုင့် ရေတံခွန်သည် ပြင်ဦးလွင်မြို့တွင် တည်ရှိရာ သဘာဝပတ်ဝန်းကျင်လှပသဖြင့် နိုင်ငံခြားခရီးသွားအများစု စိတ်ဝင်စားသည့်ဒေသတစ်ခုလည်း ဖြစ်သည်။