မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ သဲဖြူကုန်းရွာ မြေပြိုမှု ဖြစ်စဉ်အတွင်း ကျောင်းသား ၁၆ ဦး သေဆုံးခဲ့ရပြီး ၂၈ ဦး ဆေးရုံ တင်ထားရကြောင်း ပညာရေး ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မီဒီယာများကို ပြောသည်။
ဒု ဝန်ကြီးက“မြေပြိုလို့ အသက် ဆုံးရှုံးသွားတဲ့ လူငယ် ၁၆ ဦး အတွက် ငွေကြေး ထောက်ပံ့မှု ဆောင်ရွက်ပေးခဲ့တယ်။ ဆေးရုံတက်နေတဲ့ ကလေး ၂၈ ဦး ရှိတယ်။ အဲဒီအတွက်လည်း ငွေ ၃ သိန်းစီ ကူညီ ထောက်ပံ့ပေးခဲ့တယ်”ဟု ပြောဆို သည်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ၌ သြဂုတ်လ ၉ ရက်က တောင်ပြိုကျမှု ဖြစ်ပွားခဲ့ရာ ယနေ့ ညနေ ၅ နာရီ ကျော် အချိန်အထိ သေဆုံးသူ ၆၅ ဦး၏ ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန် ထား သည်။
ထို့ပြင် ရေကြီး ရေလျှံနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် အတွင်းရှိ ကျောင်း ပေါင်း ၇၀ ကျော်ပိတ်ထားရကြောင်း၊ ကျောင်းပိတ်ရက်များမှာ တကျောင်းနှင့် တကျောင်း မတူညီကြောင်း၊ ပိတ်ထားသည့် ကျောင်းများမှာ မူလတန်းမှ စ၍ အထက်တန်းများ အထိ ပါဝင်ကြောင်း၊ ကျောင်းပြန်ဖွင့်ပါက ကလေးများ၏ လိုအပ်ချက် များကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနက ဆိုထားသည်။
ဒု ဝန်ကြီး ဦးဝင်းမော်ထွန်းက“လက်ရှိမှာ ကျောင်းပေါင်း ၇၀ ကျော် ပိတ်ထားရတယ်။ ရေကျတာနဲ့ ပြန်ဖွင့်မယ်။ အစားထိုး သင်ကြားမှုတွေလည်း လုပ်ပေးမယ်”ဟု ပြောသည်။
မွန်ပြည်နယ် မဲဆန္ဒနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီရိရတနာ က ရေကျသွားပါက ချက်ချင်း စာသင် ကျောင်းများ ပြန်ဖွင့်၍ မရကြောင်း၊ သန့်ရှင်းရေးနှင့် ရေတွင်း၊ ရေကန်များကို ဆေးခပ် သည့် ကိစ္စများ ပြုလုပ်ရန် လိုအပ် ကြောင်း ထိုသို့ မလုပ်ဆောင်ဘဲ သောက်သုံးရေများ သုံးစွဲပါက နောက်ဆက်တွဲ ဝမ်းရောဂါများ ဖြစ်နိုင်ကြောင်း ပြီးခဲ့သည့် နှစ်၏ အတွေ့အကြုံများ ရှိခဲ့ပြီး ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။
၎င်းက“ပြန်လည်ထူထောင်ရေး လုပ်တာ အရမ်း အရေးကြီးပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေက ရေကျတာနဲ့ ပြန်ကြ တာ လေ။ ဆန်အိတ်တွေ ရေမြုပ်တယ်။ အဲဒီဆန်ကို ချက်စားရင် ဗိုက်နာမယ်။ ရေတွင်း၊ရေကန်တွေ ဆေးမခပ်ဘဲ သောက်သုံး မိရင် ဝမ်းရောဂါတွေ ဆက်ဖြစ်မယ်။ အဲဒါတွေကအစ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ လိုအပ်တာပါ”ဟု ပြောသည်။
ဒေါ်သီရိရတနာက ဆက်လက်၍ မိုးများမည်ကို ကြိုသိပြီးသား ဖြစ်သည့်အတွက် လမ်းပိတ်နိုင်သည့် နေရာဒေသများတွင် လမ်းအဆင့်မြှင့်တင်ခြင်း၊ ပင်လယ်ဘက်နှင့် မြစ်ဘက်သို့ ဆင်းသည့် ရေမြောင်းများ ရေစီးရေလာကောင်းရန် အတွက် တူး မြောင်းများကို ချဲ့ခြင်း၊ နှစ်စဉ် နှစ်တိုင်း ယခု အချိန်ဆို ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြဖြစ်သည့် အတွက် ကြိုတင် ကာကွယ် ရန် လိုအပ်သည့် နေရာများကို ကြိုတင် ကာကွယ်ရန် လိုအပ်ကြောင်းလည်း ပြောဆိုသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့ မွန်စု ၅ ရပ်ကွက်မှ အထက်တန်းကျောင်းသား မိဘတဦးဖြစ်သူ ဒေါ်သန်းသန်းအေးက“ ကျောင်းပိတ်တာ ၁၅ ရက်လောက် ရှိသွားပြီ။ ကျိုက်မရောက အ.ထ.က ဆိုရင် ၁၀ ရက်ကျော်သွားပြီ။ အောက်ကျောင်း တွေဆိုရင် ပိတ်ထားတာ ကြာပြီ”ဟု ဧရာဝတီသို့ ပြောသည်။
ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း သောင်းနှင့်ချီ၍ အိုးအိမ်များကို စွန့်ခွာခဲ့ကြရသည့် အပြင် ရေကြီးမှု နောက်ဆက် တွဲ မြေပြိုမှုများကြောင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းသို့ သွားရောက်ရာ လမ်းကြောင်းများမှာလည်း ပြတ်တောက်လျက် ရှိသည်။
လက်ရှိအချိန်တွင် ပေါင်မြို့နယ် သဲဖြူကုန်းအုပ်စု အတွင်း မြေကြီးအောက်ထဲ ပိကျနေသူများ၏ ရုပ် အလောင်းများကို လူမှု ကယ်ဆယ်ရေး အဖွဲ့များ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များ စုပေါင်း ရှာဖွေလျက် ရှိသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ခုစလုံး၌ လူဦးရေ ၃၃၅၆၃၅ ဦး၊ အိမ်ထောင်စု ၈၂၁၁၄ စု ရေဘေးသင့် ခဲ့ကာ သေဆုံးသူ ၁၀ ဦး ရှိခဲ့ကြောင်း၊ ၂၀၁၈ ဇူလိုင်မှ သြဂုတ် ၅ ရက် အထိ တိုင်းနှင့် ပြည်နယ် ၁၀ ခုတွင် အိမ်ထောင်စု ၃၂၈၅၄၊ လူဦးရေ ၁၅၂၂၁၁ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး သေဆုံးသူ ၁၇ ဦး ရှိခဲ့ကြောင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန စာရင်းများ အရ သိရသည်။