မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့ကြား ခရီးသွားလာရာတွင် ပိုမိုလွယ်ကူစေရေး အတွက် ဗီဇာလျှောက်ထားမှုကို ပြောင်းလဲ ပြင်ဆင်လိုက်ပြီး လုပ်ငန်း နှင့် အလည်အပတ် ဗီဇာကို တပေါင်းတည်း လျှောက်ထားနိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးက သြဂုတ်လ ၁၂ ရက်က ထုတ်ပြန်လိုက်သည်။
ယခင်က လုပ်ငန်းကိစ္စနှင့် အလည်အပတ် ခရီးအတွက် B1 နှင့် B2 ဟူ၍ ဗီဇာကို သီးခြားစီ လျှောက်ထားနေရမှုကို ယခု တွင် B1/B2 ပြည်ဝင်ခွင့် ဗီဇာကို ပေါင်း၍ လျှောက်ထားနိုင်မည် ဖြစ်ပြီး ပြည်ဝင်ခွင့် ဗီဇာ တကြိမ်လျှင် သုံးလ အထိ ရရှိ နိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဗီဇာ လျှောက်ထားမှု အတွက် အမေရိကန် ဒေါ်လာ ၁၆၀ သာ ကုန်ကျတော့မည် ဖြစ်ပြီး ယခင်က ဗီဇာထုတ် ရန် အတွက် ပေးဆောင်နေရသော ၃၂ ဒေါ်လာကိုလည်း ပေးဆောင်ရန် မလိုတော့ကြောင်း သံရုံး၏ ထုတ်ပြန် ချက်၌ ဖော်ပြ ထားသည်။
အမေရိကန်သံ အမတ်ကြီး စကော့မာစီရယ်က“ကျနော်တို့ နှစ်နိုင်ငံကြား ခရီးသွားလာမှု ပိုမိုများပြားလာအောင် တည် ဆောက်တဲ့ အနေနဲ့ အခုဆိုရင် မြန်မာနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ခရီးသွားလာမှု ပိုမိုလွယ်ကူအောင် အမေရိကန် သံရုံးက ဆောင်ရွက်နေပါပြီ”ဟု ပြောကြားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ပြင် နှစ်နိုင်ငံကြား ခရီးသွားလာမှု ပိုမို လွယ်ကူချောမွေ့ရေး အတွက် အမေရိကန် သံရုံးသည် မြန်မာ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး တပေါင်းတည်း လျှောက်၍ရသော ပြည်ဝင်ခွင့်ဗီဇာ အသစ်သည် မြန်မာနိုင်ငံနှင့် အမေရိကန်ကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို အားပေးရာ ရောက်မည် ဖြစ်ကြောင်း အမေရိကန် သံရုံးက ဆို ထားသည်။
ယင်းသို့ ဗီဇာ လျှောက်ထားမှုတွင် သီးခြားစီ လျှောက်ထားရန် မလိုတော့သည့် အတွက် အမေရိကန်သို့ သွားရောက် လိုသူများ အတွက် ဗီဇာ လျှောက်ထားမှုတွင် ပိုမို လွယ်ကူလာနိုင်မည် ဖြစ်ကြောင်း New Motion Travels & Tour (Outbound Department) မှ Senior Tour Operator ဒေါ်ခင်နီလာကို က ဧရာဝတီသို့ ပြောသည်။
၎င်းက“အရင်က ဆိုရင် အလည်အပတ်က သိပ်မရှုပ်ပေမယ့် အလုပ်ကိစ္စ ဆိုရင် ဥပမာ စီးပွားရေးဆိုင်ရာ အစည်း အဝေး သွားမယ် ဆိုရင် စာရွက်စာတမ်း ကိစ္စတွေ နည်းနည်း ပိုလိုတာပေါ့။ အခုက နှစ်ခု ပေါင်းပေးလိုက်တော့ အရင် ကထက် စာရင်တော့ ပိုပြီးတော့ လွယ်သွားမယ်။ တခြားသက်တမ်း ကိစ္စကတော့ မပြောင်းလဲပါဘူး ပုံမှန်အတိုင်းပဲ”ဟု ပြောဆို သည်။
ယင်းသို့ ဗီဇာလျှောက်ထားမှု လွယ်ကူလာမည် ဖြစ်ခြင်းကြောင့် ကုမ္ပဏီများမှ တဆင့် ဗီဇာလျှောက်ထားမှုထက် တဦး တယောက်ချင်း သံရုံးသို့ ဗီဇာသွားရောက် လျှောက်ထားမှုများ ပိုမို များပြားလာနိုင်ကြောင်းလည်း ဒေါ်ခင်နီလာကိုက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အဖွဲ့၏ အကြံပေး ဦးဖြိုးဝေရာဇာက“ဒီလို လုပ်တာကောင်းပါတယ်။ ဒီအစီ အစဉ်က သူတို့နိုင်ငံကို မြန်မာနိုင်ငံက ခရီးသွားတွေ ပိုရောက်လာစေချင်ပုံတော့ ရတယ်။ အမေရိကန်ကို အလည် အပတ် သွားဖို့က တော်တော် ပိုက်ဆံ အဆင်ပြေတဲ့သူတွေပဲ သွားလာနိုင်မှာ”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်ကြား ခရီးသွားလာမှုများသည် မကြာသေးခင်နှစ်များ၌ သိသိသာသာ တိုးတက်လာခဲ့ပြီး အမေရိကန်သံရုံး အနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံသားများ အတွက် ပြည်ဝင်ခွင့် ဗီဇာ ၁၄၀၀၀ နီးပါး ထုတ် ပေး ခဲ့ပြီး ယင်းပမာဏသည် ၂၀၁၅ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် သံရုံး က ထုတ်ပြန် ထားသည်။
၂၀၁၇-၂၀၁၈ ကျောင်းဖွင့်ရာသီ အတွင်း၌လည်း မြန်မာကျောင်းသား၊ ကျောင်းသူ ၁၅၀၀ ကျော်သည် အမေရိကန်တွင် ကျောင်းတက်ခဲ့ကြပြီး ယင်းပမာဏသည်လည်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်း တိုးတက်လားကြောင်း သိရ သည်။
၂၀၁၉ ခုနှစ် ပထမနှစ်ဝက် အတွင်း၌ မြန်မာနိုင်ငံသို့ အမေရိကန် ခရီးသွား ၃၅၀၀၀ အထိ လာရောက်ခဲ့ကြပြီး ၂၀၁၈ ခုနှစ် ပထမ နှစ်ဝက်နှင့် နှိုင်းယှဉ်ပါက သုံးရာခိုင်နှုန်း တိုးတက်လာလျက်ရှိပြီး အာရှနိုင်ငံ မဟုတ်သည့် အခြားနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံသို့ လာရောက်မှု အများဆုံး နိုင်ငံဖြစ်ကြောင်း အမေရိကန် သံရုံးက ဆိုထားသည်။
You may also like these stories:
အာရှနိုင်ငံအချို့ကို ဗီဇာကင်းလွတ်ခွင့် ပေး
ဗီဇာကင်းလွတ်ခွင့်ပြုပြီးနောက် ဂျပန်ခရီးသွား ဝင်ရောက်မှု တိုးလာဟု ဆို
ဥရောပ ၆ နိုင်ငံ ခရီးသွားများကို ဆိုက်ရောက် ဗီဇာပေးမည်
အိန္ဒိယ နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာ ယနေ့စတင်ခွင့်ပြု
၂၁နိုင်ငံမှ ခရီးသွားများကို ရက် ၆၀ ဗီဇာကြေးသက်သာခွင့် ထိုင်း ပေး