တနင်္သာရီတိုင်းဒေသကြီး အတွင်း မိုးဆက်တိုက်ရွာသွန်းရာမှ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းတို့ကြောင့် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရပြီး လူပေါင်း ၇၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ရကြောင်း သိရှိရသည်။
တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ထားသည့် သြဂုတ် ၁၂ ရက်အထိ စာရင်းတွင် ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ လောင်းလုံး၊ မြိတ်ခရိုင် မြိတ်မြို့နယ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီနှင့် ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တို့၌ ယာယီ ကယ် ဆယ်ရေး စခန်း ၂၆ ခု ဖွင့်လှစ်ထားရပြီး အိမ်ခြေ ၂၇၀ မှ လူဦးရေ ၄၁၂၇ ရွှေ့ပြောင်းနေထိုင်ရကြောင်း ဖော်ပြထား သည်။
ထို့ပြင် နီးစပ်ရာဆွေမျိုး နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်သော ဘေးသင့်ပြည်သူပေါင်း ၃၇၁၄ ဦး ရှိသည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ကူညီ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးများ ဆောင်ရွက်နေသူ ကိုအောင်လွင်က “ရေဖြူ ကန်ပေါက်ဘက်မှာ အဓိက က မြေပြိုတာ။ ခြံတွေ အိမ်တွေ ထိတယ်။ သောက်သုံးရေ ပြတ်လပ်သွားတယ်။ ကလိန်အောင် မြို့ပေါ်က စာသင် ကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်ပြီးတော့ အစားအသောက်တွေ ထောက်ပံ့ထားတာရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ဆက်လက်၍ ၎င်းက မြေပြိုမှုကြောင့် လူသေဆုံးမှု မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ ကုန် သွယ်စီးဆင်းမှု ဒုက္ခရောက်ခြင်းတို့ အပြင် ဒေသခံတို့၏ ကွမ်းသီး၊ ရာဘာ အစရှိသည့် ဥယျာဉ်စိုက်ခင်းများ ထိခိုက် ပျက်စီးကုန်ကြောင်း ရှင်းပြသည်။
ယခုအခါ ပျက်စီးသွားသည့် ရေပိုက်များကို ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေပြီး အရေးပေါ် သောက်ရေအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများက စုပေါင်းလှူဒါန်းနေသည်ဟုလည်း ကိုအောင်လွင်က ပြောသည်။
ကိုအောင်လွင်က “ဒီတခေါက်က ဆိုးတယ်။ တောင်ပြိုပြီး ဒလဟော စီးလာပြီး ကျေးရွာချင်းဆက်လမ်းတွေ၊ တံ တားတွေ တော်တော်များများ ပျက်သွားတယ်။ သဘာဝဘေးက အကြီးအကျယ်ကို အာရုံစိုက်ပြီး လုပ်ရမယ့် အလုပ် ဖြစ်နေပြီဆိုတာကို အကုန်လုံးကို သတိပေးလိုက်တာပဲ” ဟု ဆိုသည်။
ရေဖြူမြို့နယ်အတွင်း သဘာဝဘေးဒဏ်ကြောင့် ကားလမ်းမြေပြိုသဖြင့် သဲချောင်းကျေးရွာအုပ်စု ကျေးရွာ ၆ ရွာမှ အိမ်ထောင်စုပေါင်း ၄၀၀ ကျော် ပိတ်မိနေကြောင်း၊ အိမ်ထောင်စု ၃ စု၏ နေအိမ်များ လုံးဝ ပျက်စီးသွားပြီး အိမ် ထောင်စု ၁၅ စုမှာ ပြောင်းရွှေ့နေရကြောင်း ရေဖြူမြို့နယ် ပြန်ကြားရေးမှ သိရှိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက် နံနက်ပိုင်းကလည်း ထားဝယ်–ရန်ကုန် အမှတ် (၈) ပြည်ထောင်စုလမ်းမ၏ ထားဝယ်–ရေး လမ်းပိုင်း မလွှဲတောင်တွင် မြေပြိုခြင်း၊ လမ်းသားကျွံကျခြင်း တို့ကြောင့် လမ်းပြတ်တောက်သွားခဲ့သည်။
ထားဝယ်–ရေး လမ်းပိုင်း မိုင်တိုင် ၈၁ တွင် လုံးဝ ပြိုကျသွားရာ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားသကဲ့သို့ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများလည်း ရပ်ဆိုင်းသွားခဲ့ကြောင်း၊ ဖြတ်သန်းသွားလာမှု အဆင်ပြေစေရန် ဘေလီတံတား တပ်ဆင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်က ဧရာဝတီကို ယမန်နေ့ နေ့လယ်ပိုင်းက ပြောသည်။
“ဒီလမ်းက အဓိကလည်း ကျတယ်။ ဒီလမ်းကြီး ပြီးသွားမှပဲ ခရီးသွားပြည်သူတွေလည်း သွားလာနိုင်မှာပါ။ ကုန်စည် စီးဆင်းမှုလည်း ပုံမှန်ပြန်ဖြစ်လာမယ်ဆိုတော့ ဒီလမ်းကို အာရုံစိုက်ပြီး သက်ဆိုင်ရာ လမ်းဦးစီးဌာနတို့ကလည်း အဓိက ကြိုးစားပမ်းစား လုပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက ဘေလီဘောင်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် သြဂုတ် ၁၃ ရက် နံနက်ပိုင်း တွင် မိုင်တိုင် ၇၂ သို့ရောက်ရှိပြီဖြစ်ရာ ယင်းနေ့ ညနေပိုင်းတွင် မိုင်တိုင် ၈၁ သို့ ရောက်ရှိပြီး ဘေလီတံတား တပ်ဆင်မှု များ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း၊ မကြာခင်ရက်ပိုင်းအတွင်း ပြန်လည် ဖြတ်သန်းသွားလာမှု ပြုလုပ်နိုင်မည်ဟု ဆိုသည်။
ဝန်ကြီးချုပ် ဦးမြင့်မောင်က “အဲဒီနေရာ ရောက်ဖို့အတွက်ကို တော်တော် ခက်ခက်ခဲခဲ သွားနေရတယ်။ ကြားထဲမှာပဲ အကြီးစားမြေပြိုမှုတွေက ၅ နေရာလောက် ရှိတယ်။ အဲဒီနေရာတွေကို အရင်ရှင်းထုတ်နေရတယ်။ တချို့နေရာတွေဆို ၂ နေရာလောက် လမ်းက ပဲ့ပြီးပါသွားတယ်။ လမ်း လုံးဝ ပျောက်သွားတယ်။ အဲဒီနေရာတွေလည်း ပြန်ပြီးသွားလို့ရ အောင် ဆောင်ရွက်နေတယ်” ဟု ပြောသည်။
အဆိုပါ လမ်းပိုင်းရှိ တောင်ပြိုမြေများ ဖယ်ရှားရှင်းလင်းခြင်းကို မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအဖွဲ့များက ဆောင် ရွက်လျက် ရှိပြီး ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်း လုပ်ငန်းကို သြဂုတ် ၁၆ တွင် ပြီးစီး နိုင်ရေးနှင့် ကုန်ကားကြီးများ ဖြတ်သန်းသွားလာနိုင်ရေးအတွက် သြဂုတ် ၁၈ တွင် ပြီးစီးနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
တနင်္သာရီမြို့နယ် အတွင်း မိုးသည်ထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် သြဂုတ် ၁၂ ရက် ညနေပိုင်းအထိ စာရင်းများအရ ရေဘေးသင့်ပြည်သူ ၂၃၀၀၀ ကျော် ရှိပြီး ရေဘေးသင့်၍ ဆွေမျိုး၊ နီးစပ်ရာနှင့် ကယ်ဆယ်ရေး စခန်း များသို့ ပြောင်းရွှေ့နေထိုင်သူ ၆၈၀၀ ကျော်ရှိကြောင်း၊ စာသင်ကျောင်း ၃၆ ကျောင်း ပိတ်ထားရကြောင်း တနင်္သာရီ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရှိရသည်။
ဦးအောင်ကျော်ဟိန်းက “တနင်္သာရီမြို့နယ်အနေနဲ့ ရေကြီးတယ်ဆိုတာ အရင်က နှစ်စဉ်နှစ်တိုင်းတော့ ကြီးလေ့ကြီးထ ရှိတယ်။ ဒါကလည်း သစ်တောတွေ အဆမတန် ထုတ်ခဲ့တဲ့ ဆိုးကျိုးတွေလည်း ပါမှာပေါ့။ နောက်တခုက တနင်္သာရီ မြစ်ကြောင်း တိမ်ကောလာတာကလည်း ပြဿနာတရပ်လို့ မြင်ပါတယ်” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက လတ်တလောတွင် ကုန်စည်စီးဆင်းမှုများ ပြတ်တောက်သွားသော်လည်း ကုန်ဈေးနှုန်း တက်လာ ခြင်း မရှိသေးကြောင်း၊ ကုန်းလမ်းခရီး ပြတ်တောက်သွားသော်လည်း ရေလမ်းခရီးမှ သွား၍ရကြောင်း၊ ရေပြန်ကျသည့် အချိန်တွင် ပျက်စီးသွားသည့် ရေတွင်းရေကန်များကို ပြန်လည် ပြင်ဆင်ခြင်း၊ ဆေးထည့်ခြင်းတို့ ပြုလုပ်ရမည် ဖြစ် ကြောင်း ရှင်းပြသည်။
ယနေ့ နံနက် ၁၀ နာရီ တနင်္သာရီ မြစ်ရေ တိုင်းတာချက်အရ ၂၄ ပေ၊ ၁၀ လက်မ ရှိကြောင်း၊ တနင်္သာရီမြို့နယ်၏ စိုး ရိမ်ရေအမှတ်သည် ၁၇ ပေဖြစ်ပြီး အန္တရာယ်ရေ အမှတ်သည် ၂၄ ပေ ဖြစ်ကြောင်း သိရှိရသည်။
“သဘာဝဘေးဒဏ် ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းလုပ်တဲ့အချိန်မှာ ခိုင်မာတိကျတဲ့ မူဝါဒတွေ ရှိဖို့ လိုတယ်။ အခု ကျနော် သိရသလောက်ဆို ချက်ချင်း မတုံ့ပြန်နိုင်ဘူး။ မလုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်တယ်။ အစိုးရ က သူလုပ်နေပါတယ်။ လုပ်တယ်ပေါ့။ ဒါပေမယ့် ဒီထက်ပိုပြီး တိကျတဲ့ မူဝါဒ။ ချက်ချင်းဘယ်လိုတုံ့ပြန်မလဲ” ဟု ကိုအောင်လွင်က မှတ်ချက်ပြုသည်။
ထို့ပြင် အစိုးရအပါအဝင် သဘာဝဘေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေသူများ၊ လူမှုအဖွဲ့အစည်းများ အနေဖြင့် သဘာဝ ဘေးနှင့် ပတ်သက်၍ ဖြစ်မှမဟုတ်ဘဲ ရေရှည်အတွက် အာရုံစိုက်ကာ စဉ်းစားပြီး ဆောင်ရွက်ရမည့် အခြေအနေ ဖြစ် နေပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် ရန်ပုံငွေ များများသုံးကာ သက်ဆိုင်ရာ ကျေးရွာများအထိ ရောက်အောင် အမြန်ဆုံး ဆောင်ရွက်ပေးချင်ကြောင်းလည်း ၎င်းက တိုက်တွန်းသည်။
ပြီးခဲ့သည့် တပတ်အတွင်း မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ တဝှမ်းရှိ တိုင်းဒေသကြီး ပြည်နယ် အများစု၌ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ရာ ဒေသတချို့တွင် ရေများ ပြန်လည် ကျဆင်းပြီဖြစ်သော်လည်း ပဲခူး၊ ကရင်၊ မွန်၊ ရန်ကုန်နှင့် တနင်္သာရီတို့တွင် ရေဘေးရှောင်စခန်း ၁၆၆ ခု၊ လူဦးရေ ၇၉၃၈၉ ကျန်ရှိနေသေးကြောင်း လူမှု ဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ သြဂုတ်လ ၁၃ ရက်ထိ ရုပ်အလောင်း ၆၅ ဦး ရှာဖွေတွေ့ရှိထားပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
သြဂုတ်လ ၁၄ ရက်မှ ၂၀ ရက်အတွင်း မိုးရွာသွန်းနိုင်မှု အခြေအနေမှာ တောင်ပိုင်းဒေသများတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တပြည်လုံးတွင် ရွာသွန်းမြဲအောက် လျော့မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
You may also like these stories:
ပေါင်မြို့ရှိ တောင်ရိုးတလျှောက် မြေသားစမ်းသပ်မှုများ အမြန်ဆုံးလုပ်မည်ဟု ဒုသမ္မတပြော
မိုးကြိုးပစ်၊ ကမ်းပြို၊ မြေပြို နှင့် ငလျင် ၁ နှစ်ပတ်လုံး ဖြစ်နိုင်ခြေ အများဆုံးရှိဟု ဆို
သဘာဝ ဘေးအန္တရာယ် ပြီးဆုံးပြီးနောက် အရေးကြီးတဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်း