မုတ်သုံလေ အားပျော့လာသဖြင့် ယခုရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှု လျော့ကျသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ပြောသည်။
လက်တလောတွင် လေထုအတွင်း အစိုဓာတ်ရှိနေဆဲဖြစ်သဖြင့် မိုးရွာသွန်းနေခြင်းဖြစ်ပြီး မုတ်သုံလေမှာမူ အားလျော့သွားပြီ ဖြစ်ကြောင်း သိရသည်။
ဦးကျော်မိုးဦးက “ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အိန္ဒိယ ကုန်းတွင်းပိုင်းကို ဝင်သွားတဲ့ အခါကျတော့ ကျနော့်တို့ဘက်ထဲမှာ မုတ်သုံလေက အားလျော့လာတယ်ပေါ့။ ဒါပေမယ့် မိုးကတော့ နည်းနည်းလေး ရွာနေသေးတယ်။ ရထားတဲ့ အစိုဓာတ် (Moisture) နည်းနည်းကျန်သေးတဲ့ အတွက်ကြောင့် ရွာနေတာ မိုးကတော့ ပြန်လျော့သွားမယ့် အနေအထားရှိတယ်” ဟု ပြောသည်။
သြဂုတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ မိုးလျော့မည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် မုတ်သုံ ပြန်တက်လာမည် ဆိုပါက တောင်ပိုင်းဒေသများတွင် မိုးပြန်လည် ရွာသွန်းဦးမည်ဖြစ်သော်လည်း မိုးရေချိန်ကမူ လျော့ကျသွားမည်ဖြစ်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သြဂုတ်လ ၁၄ ရက်နေ့မှ၂၀ ရက် အတွင်းတွင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသ များတွင် ရွာသွန်းမြဲခန့်နှင့် ကျန်တပြည်လုံးတွင် ရွာသွန်းမြဲအောက် ရောက်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။
သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာ၊ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦးထိ ရှာဖွေတွေ့ရှိထားပြီး ရှာဖွေမှုများကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ပေါင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ဧရာဝတီသို့ပြောသည်။
ဦးဇော်မိုးအောင် က “ရှာဖွေမှုကတော့ ဒီနေ့လည်း ဆက်လက်ရှာဖွေနေပါတယ်။ အပေါ်ကထက်ပြိုလာရင် အန္တရာယ် ကင်းအောင်လို့ အရပ်အလွယ်စကားနဲ့ပြောရရင်တော့ လှေကားထစ်ပုံပေါ့နော် မြေပြင်လှေကားထစ်ပုံစံ ဆောင်ရွက် ထားပါတယ်။ အောက်ဘက်ကို ရေစီးကြောင်းတွေဘာတွေ ဖောက်ထားတယ်။ လူတရပ်ခွဲလောက်ရှိတဲ့ မြေစာပုံကြီးက အခုဆို မူလမြေအနေအထားအတိုင်း ပြန်ဖြစ်သွားပြီ ရှာဖွေရေးတွေကတော့ ဆောင်ရွက်နေပါတယ် နောက်ရက်တွေလည်း ဆက်ဆောင်ရွက်ဦးမှာပါ” ဟုဆိုသည်။
မွန်ပြည်နယ်အပြင် တနသာၤရီတိုင်း နှင့် ကရင်ပြည်နယ်တို့တွင် ဇွန်လကုန်ပိုင်းက စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။