နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဝရမ်းထုတ်ခြင်း ခံရသည့် အမတ်ဟောင်း ဘူးလက် ဦးလှဆွေကို ဖမ်းမိခြင်း မရှိသေး၍ ဝရမ်းအတည်ပြုရန် သြဂုတ် ၂၈ရက်ကို ထပ်မံချိန်းဆိုးလိုက်ကြောင်း အနောက်ပိုင်း ခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့က ဘူးလက်ဦးလှဆွေကို နိုင်ငံတော်အကြီးအကဲများ အပေါ် ပြစ်တင် ရှုတ်ချ ပြောဆိုခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့် က တရားလိုပြု ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ခြင်း ဖြစ်ပြီး၊ တရားရုံးက ရာဇဝတ်ကြီး အမှု အမှတ် ၇၆/၂၀၁၉ ဖြင့် အမှုလက်ခံကာ သူနေထိုင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ဂန်ဂေါမြို့၊ စည်ပင် သာယာရပ်ကွက်၊ အမှတ် ၁၀ လိပ်စာဖြင့် ဝရမ်းထုတ်ထားခြင်းဖြစ်သည်။
ယခုအခါ ဝရမ်းအတည်ပြုသူ ဂန်ဂေါမြို့မ ရဲစခန်းမှူး ဒုရဲမှူးလှမောင်က ယနေ့ရုံးချိန်း၌ တရားရုံးသို့ ကိုယ်တိုင်လာ ရောက်ခဲ့ခြင်းမရှိဘဲ စာတိုက်ကတဆင့် ပေးပို့ထားသည်ဟု တရားလိုမှ တင်ပြခဲ့သော် လည်း ဝရမ်းမှာ တရားရုံးသို့ မရောက်သေးကြောင်း သိရသည်။
ပြန်ကြားရေး အရာရှိ ဦးမင်းသန့်က “ဖမ်းမိခြင်းမရှိသေးလို့ ဝရမ်းကိုပြန်ပို့တဲ့ အနေအထားပါ၊ ဦးလှဆွေကို ဖမ်းဆီးရမိမှု မရှိရင် ဦးဝီရသူ အမှုလို ဆက်လက်ဆောင်ရွက်နိုင်ပါတယ်၊ ရာဇဝတ် ကျင့်ထုံးဥပဒေနဲ့အညီပါ ”ဟု ပြောသည်။
တရားရုံးအနေဖြင့် ဘူးလက်ဦးလှဆွေအား ဂန့်ဂေါမြို့ရှိ လိပ်စာဖြင့် ဖမ်းဝရမ်းထုတ်ထားသော်လည်း ၎င်းဦးစီး ထုတ်ဝေ သည့် ဘူးလက်ဂျာနယ်မှာ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်တွင် အခြေစိုက်ဖွင့်လှစ် ထားကြောင်း သိရသည်။
ဝရမ်း ရက်ချိန်းပြည့်သည့် အထိ ဘူးလက်ဦးလှဆွေအား ဖမ်းမိပါက အမှုအား မျက်ကွယ်စစ်ဆေးဖွယ် ရှိနေပြီး ၎င်းပိုင်ဆိုင်သည့် ပစ္စည်းများကိုလည်း ဦးဝီရသူ အမှုကဲ့သို့ပင် ဝရမ်းကပ်ရန် အမိန့်ထုတ်ဖွယ် ရှိနေသည်။
ဦးဝိစိတ္တာ ဘိဝံသ(ဦးဝီရသူ)ကိုလည်း ပုဒ်မ ၁၂၄-က ဖြင့်ပင် ဖမ်းဝရမ်းထုတ်ထားရာ နှစ်လကျော်ကြာ သည့် အထိ ရဲတပ်ဖွဲ့က ဖမ်းမိခြင်းမရှိသေးဘဲ အမှုအား ၎င်း၏မျက်ကွယ်တွင် စစ်ဆေးမှု ပြုလုပ်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအကြီအကဲများ အပေါ် ပုတ်ခတ်ပြောဆိုမှုကြောင့် ဦးဝီရသူအား တရားစွဲဆိုရန် နိုင်ငံတော်သမ္မတရုံးက ညွန်ကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းပိုင်ဆိုင်သည့် ရွေ့ပြောင်းနိုင်သည့်ပစ္စည်း၊ မရွေ့ပြောင်းနိုင်သည့် ပစ္စည်းများအား ဝရမ်းကပ်ရန် တရားရုံးက အမိန့်ထုတ်ထားသည်။
ဦးဝီရသူ နေထိုင်သည့် မစိုးရိမ်တိုက်သစ်မှ ဆရာတော်များက ဦးဝီရသူတွင် သပိတ်တလုံးနှင့် သင်္ကန်း သုံးထည် သာ ပိုင်ဆိုင်ကြောင်း ပြောဆိုခဲ့သည့်အတွက် ပစ္စည်းများအား ဝရမ်းကပ်နိုင်ခြင်း မရှိသော် လည်း ၎င်းအမည်ဖြင့် တည်ထောင် ထားသည့် “ဝီရသူ ဖောင်ဒေးရှင်း”အား မည်သို့ဆောင်ရွက်မည်ကို ရှင်းလင်းစွာမသိရပါ။
ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေတို့အပေါ် အစိုးရအုပ်ချုပ်ရေးပိုင်းက တရားစွဲဆိုထားသည့် ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၁၂၄-က သည့် အာမခံ မပေးနိုင်သည့်အပြင် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်ခံရနိုင် သည့် ပုဒ်မဖြစ်သည်။
ဘူးလက်ဦးလှဆွေမှာ သြဂုတ် ၃ရက်နေ့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် ပြုလုပ်သည့် တပ်မတော် ထိပ်တန်း အရာရှိများ အား အမေရိကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်း အပေါ် ကန့်ကွက်ပွဲတွင် နိုင်ငံ တော်အကြီးအကဲများ အပေါ် ပြစ်တင်ရှုတ်ချ ပြောဆိုခဲ့သလို၊ အစ္စလာမ်ဘာသာနှင့် ပတ်သက်၍လည်း ဘာသာကြီးလေးမျိုးမှာ သုံးမျိုးကတော့ သူတို့ စော်ကားချင်တိုင်း စော်ကားလို့ရတယ်၊ မိုဟာမက်ကို ထိရဲလား၊ တော် တော်သတ္တိရှိ တဲ့ အမေရိကန်ပဲ၊ လုပ်ကြည့်ပါလား လေယာဉ်ပျံနဲ့ ဗုံးခွဲပစ်မယ် မိုဟာမက်က၊ အဲ့ဒါကျ ကြောက်တယ်” ဟုဆိုခဲ့ပြန်သည်။
ထို့အတွက် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သည့် ဦးစန်းအောင်က သာသနာညိုးနွမ်း စေမှု ပုဒ်မ ၂၉၅-က ဖြင့် အရေးယူပေးရန် ကျောက်တံတားမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက် ထားခဲ့ပြီး၊ သြဂုတ် ၂၁ ရက်တွင် တရားစွဲဆိုမှု အား လက်ခံသင့် မခံသင့် ဆုံးဖြတ်မည်ဖြစ်သည်။
တပ်မတော်အရာရှိ အငြိမ်းစားတဦးဖြစ်သူ ဘူးလက်ဦးလှဆွေသည် ၂၀၁၀ ခုနှစ်အထွေထွေ ရွေး ကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ဝင် အမတ်ဟောင်း တဦးလည်းဖြစ်သည်။
You may also like these stories:
ဘူးလက် ဦးလှဆွေ အား သာသနာညိုးနွမ်းစေမှုဖြင့် တရားစွဲမည်
ဘူးလက် ဦးလှဆွေကို ဖမ်းဝရမ်းထုတ်ပြီ