ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင်စစ်တပ်(AA)တို့ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြား တွင် ဒေသခံများ ပျောက်ဆုံးနေကြောင်း ချင်းလူ့အခွင့်အရေး အဖွဲ့(CHRO) က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေ သူ များပြားနေကြောင်း ဘောင်ဝကျေးရွာ အုပ်ချုပ်ရေးမှူးက ချင်း လူ့အခွင့်အရေး အဖွဲ့ (CHRO)ထံ သတင်း ပေးပို့ လာသည် ဟု CHRO က သြဂုတ်လ ၁၂ ရက် ထုတ်ပြန်ချက်၌ ပြောဆိုထားသည်။
ပျောက်ဆုံးနေသူများမှာ ဘောင်ဝကျေးရွာမှ ၄ ဦး၊ သံထောင်ကျေးရွာမှ ၁ ဦးနှင့် ရပ်ချောင်းကျေးရွာမှ ၃ ဦး စုစုပေါင်း ၈ ဦး ရှိကြောင်းလည်း ဖော်ပြထားသည်။
CHRO မှ သတင်း အချက်အလက် ရှာဖွေရေးတာဝန်ခံ ဆလိုင်းတေရက“ဒီအချက်အလက်တွေက ဒေသခံတွေဆီက နေ ကောက်ခံရရှိတာပါ။ ဘောင်ဝကျေးရွာသား ၄ ယောက်ကတော့ ဘယ်သူ ဖမ်းသွားမှန်း မသိကြဘူး။ ရွာသားတွေက မသင်္ကာ တဲ့ အဖွဲ့တော့ ရှိတယ်။ မျက်မြင်မတွေ့တော့ ပြောဖို့ ခက်နေကြတယ်။ သံထောင်ကျေးရွာက ရွာသား ၁ ယောက် ကိုတော့ AA က သူရဲ့ စက်လှေနဲ့အတူ ဖမ်းဆီးခေါ်သွားတယ်လို့ မျက်မြင် ကိုယ်တွေ့ မြင်သူတွေက ပြောကြ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော ပျောက်ဆုံးနေသူများမှာ လောင်းကဒူး တံတား ဆောက်လုပ်ရေး အတွက် ကျောက်ထုတ် လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသူများကို ဆိုင်ကယ်ဖြင့် အကြိုအပို့ ကယ်ရီ လုပ်ပေးနေသော ဘောင်ဝကျေးရွာမှ အိုက်ကျော် လင်းနိုင် (၂၃ နှစ်)၊ အိုက်ကျော်စိန် (၃၁ နှစ်)၊ အိုက်ကျော်ကျော်သန်း (၂၈ နှစ်)နှင့် အိုက်ကျော်လင်း (၂၅ နှစ်) တို့သည် လုပ်ငန်းခွင် မှ အပြန် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၆ ရက် ည ၇ နာရီကျော်လောက်တွင် လက်နက်ကိုင်အဖွဲ့ တခုက ဖမ်းဆီး ခေါ်ဆောင် ခဲ့ရာမှ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း CHRO က ထုတ်ပြန်ခဲ့သည်။
ဘောင်ဝအုပ်စု အုပ်ချုပ်ရေးမှူးက“သူတို့ ၄ ယောက်က လောင်းကဒူး တံတကား ဆောက်လုပ်တဲ့ သူတွေကို ဆိုင်ကယ် နဲ့ ကယ်ရီ အကြိုအပို့ လုပ်တဲ့သူတွေ ဖြစ်တယ်။ အဲဒီနေ့မှာ သူတို့က အိမ်ပြန် နည်းနည်း နောက်ကျနေတာ နဲ့ တူတယ်။ ကျနော့်အနေနဲ့ ဖမ်းသွားတဲ့သူကို မသင်္ကာတော့ ရှိတယ်။ ဒါပေမယ့် လက်ပူးလက်ကြပ် မျက်မြင်တွေ့တာ မဟုတ်တော့ ပြောဖို့ ခက်တယ်”ဟု ပြောထားကြောင်း ထုတ်ပြန်ချက်ထဲ၌ ပါရှိသည်။
ဘောင်ဝကျေးရွာ အနီးတဝိုက်တွင် AA အဖွဲ့သာ လှုပ်ရှားလျက် ရှိကြောင်း ဘောင်ဝကျေးရွာသားများ က ပြောဆို ကြ သည်။
အလားတူ ပလက်ဝမြို့နယ် သံထောင်ကျေးရွာနေ မောင်ပူးကွီ(ခ) မြတ်မောင်မောင် (၂၀ နှစ်) သည် သြဂုတ်လ ၉ ရက် မွန်းလွဲ၂ နာရီဝန်းကျင်က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှအပြန် မိုရွာသစ်ကျေးရွာ အရောက် AA အဖွဲ့က ၎င်း၏ လှေနှင့် အတူ ခေါ်ဆောင်သွားရာ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်း CHRO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုဖေကျေးရွာနေ ဦးလွင်ထောင်က“မြောက်ဦးကနေ တက်လာတဲ့ လှေ ၇ စီးကို မြောက်ဦးမြို့နယ် မိုရွာသစ်မှာ AA အဖွဲ့ က တားပြီး စစ်ဆေးတယ်။ သူတို့ထဲမှာ မောင်ပူးကွီကို သူ့လှေနဲ့ အတူ ဖမ်းခေါ်သွားတာ။ အခုတလော ချင်းပြည် နယ် နဲ့ ရခိုင်ပြည်နယ်ကြားမှာ AA အဖွဲ့က လေးမြို့မြစ် ရေလမ်းကို အသုံးပြုပြီး ခရီးသွားနေတဲ့ သူတွေဆီကနေ ငွေအဆမတန် တောင်းယူခြင်း၊ ဆန်၊ ဆီ၊ ဆား၊ ငါးပိ စတဲ့ ပစ္စည်းတွေ အဓမ္မ သိမ်းယူခြင်းတွေ ပြုလုပ်တဲ့ အပြင် တချို့ဖမ်းဆီး ခေါ် ဆောင်သွားတာတွေ ရှိတယ်။ ဒေသခံတွေ အလွန်စိုးရိမ် ကြောက်လန့် နေကြရတယ်”ဟု ပြောကြား ကြောင်း CHRO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ပလက်ဝမြို့နယ် အထက်ပိုင်း ပီချောင်းဒေသ ရပ်ချောင်းကျေးရွာနေ ဦးခိုလိုး (အသက် ၆၀)နှင့် ဦးခိုလိုး၏တူ ဘင်ဂျ မင်(၁၄ နှစ်)နှင့် မောင်ကျော်နိုင်(၁၅ နှစ်)တို့ ၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက တောထဲသို့ ဟင်းရှာ ထွက်ရင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲကြား ပိတ်မိနေကာ ယနေ့အချိန်ထိ ပျောက်ဆုံးနေကြောင်းလည်း ပါရှိသည်။
အဆိုပါ ပျောက်ဆုံးနေသူများ အခြေအနေကို CHRO က ကွင်းဆင်း လေ့လာ၍ သတင်း အချက်အလက်များ စုဆောင်း ရယူပြီး ယခုလို ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်း CHRO ၏ သတင်း အချက်အလက် ရှာဖွေရေး တာဝန်ခံ ဆလိုင်းတေရ က ပြောသည်။
“ကျနော်တို့ ထုတ်ပြန်တဲ့ဟာက သက်ဆိုင်ရာ အာဏာပိုင်ရော AA ကိုရော အားလုံးကို အသိပေးတာပဲ ဖြစ်တယ်။ သူတို့ ကို လိပ်မူပြီး အသိပေးတာတော့ မရှိဘူး။ ဒီထုတ်ပြန်ချက်ကို တွေ့ရင် သူတို့ အရေးယူပေးနိုင်ဖို့ ဒါမျိုးကို ရည်ရွယ် ပြီးတော့ လုပ်တာပါ”ဟု ၎င်းက ပြောဆိုသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်ပြီး တပ်မတော်နှင့် AA မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းသော် လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိသည့် အတွက် တစုံတရာ မသိရပေ။
ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ လမှ စတင်၍ သြဂုတ်လ ၁၄ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး ပလက်ဝ မြို့နယ် အတွင်း တိုက်ပွဲရှောင် ၃၀၀၀ ကျော် ရှိလာသလို ရခိုင်ပြည်နယ်မှာ တိုက်ပွဲရှောင် ၅ သောင်းကျော် ရှိလာကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများ အတွင်း ဒေသခံများ အပါအဝင် တခြားဒေသမှ အလုပ် လာလုပ်နေကြသူများ ဖမ်းဆီးခံထားရမှု များ ရှိနေသလို သေဆုံးမှုများလည်း ရှိနေသည်။
ဆက်စပ် ဖတ်ရှုရန် – ပလက်ဝရှိ တိုက်ပွဲရှောင် ၂၀၀ ကျော် စားနပ်ရိက္ခာ လိုအပ်နေ