နေပြည်တော် Wisdom Hill မူကြိုကျောင်းသူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသော အမှုတွင် ပြစ်မှု ကျူးလွန်သူမှာ ကျောင်းကြီးကြပ်ရေးမှူး၏ သားများဖြစ်သည့် ကိုကို၊ ညီညီ ဖြစ်ကြောင်း ဗစ်တိုးရီးယား ကိုယ်တိုင် ထွက်ဆိုထားသည့် ဗီဒီယို ဖိုင်ကို ယနေ့ ရုံးချိန်းတွင် ရုံးတော်မှ လက်ခံခဲ့သည်။
အဆိုပါ အမှုတွင် တရားခံဟု စွပ်စွဲခံထားရသည့် အောင်ကြီး၏ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က “ကိုကိုနဲ့ ညီညီ မီးမီးကို လုပ်တာ ဒီကိုကို နဲ့ ညီညီ လုပ်တာလို့ ပြောတယ်” ဟု ယနေ့ ပြုလုပ်သည့် ရုံးချိန်း အပြီးတွင် မီဒီယာ များ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားသည်။
ရုံးတော်မှ လက်ခံလိုက်သည့် ဗီဒီယို ဖိုင်ထဲတွင် ကလေးငယ်၏ ဦးလေးဖြစ်သူက ဆရာမ နှင်းနု၊ ကိုကို၊ ညီညီ၊ အောင်ကြီး နှင့် ကိုကို၊ ညီညီ တွဲရိုက်ထားသည့် ဓာတ်ပုံ ၅ ပုံကို ဓာတ်ပုံသားဖြင့် ထုတ်ပြီး ကြမ်းပြင်ပေါ်တွင် ဓာတ်ပုံများကို ချကာ မီးမီးကို လုပ်တဲ့သူက ဘယ်သူလဲ မေးမြန်းရာ ကိုကို နှင့် ညီညီ တို့၏ ပုံကို ခဲတံဖြင့် ထိုးပြကြောင်း၊ မီးမီးကို လုပ်တာ ဒီကိုကိုများဟု ပြောဆိုကြောင်း၊ အောင်ကြီးကို မသိကြောင်း အစရှိသည်များ ပါရှိကြောင်း ရှေ့နေ ဒေါ်စုဒါလီအောင်က မီဒီယာများကို ရှင်းပြသည်။
ဒေါ်စုဒါလီအောင် က “သတ်ပစ်ချင်တယ်။ ခဲတံတွေ ဘာတွေနဲ့ ထိုးတယ်။ ဖေဖေခြေထောက်နဲ့ ကန်ပေး ဒါမျိုး ပြောတယ်။ သူ့ရဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ ဒါမျိုး တွေ့ရတယ်” ဟု ဆက်ပြောသည်။
တရားလိုဘက်မှ အစိုးရ ရှေ့နေ ဥပဒေအရာရှိ ဦးကျော်မင်းအောင် တို့ဘက်မှ အဆိုပါ ဗီဒီယို ဖိုင်နှင့် အောင်ကြီး ကို CCTV တွင် တွေ့စဉ်က မီးမီးကို လုပ်တဲ့သူမှာ ဒီ ကိုကို ဆိုပြီး သူ၏ ဖခင်ကိုပြောဆိုထားသည့် ၂ ဖိုင်လုံးကို ရုံးတော်သို့ တင်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ အောင်ကြီးဘက်မှ ရှေ့နေ ဖြစ်သူ ဒေါ်စုဒါလီအောင်က ကလေးငယ် ဓာတ်ပုံ ၅ ပုံထဲမှ ကိုကို၊ ညီညီ လုပ်သည်ဟု ပြောဆိုထားသည့် ဖိုင်ကို ရုံးတော်သို့ တင်ခဲ့ရာတွင် အစိုးရ ရှေ့နေတင်သည့် ဖိုင် ၂ ဖိုင်ထဲတွင် ပါပြီးသားဖြစ်၍ နောက်ထပ် သီးခြားထပ်၍ လက်မခံတော့ကြောင်း ခရိုင် တရားသူကြီးမှ ပြောပြသည်။
ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့်လွင်က “ဗီဒီယိုဖိုင် ၂ ခုစလုံးမှာ သက်သေခံ (ဂ) အဖြစ်တင်သွင်းထားသော ဖုန်းတွင်း ပါဝင်ပြီး ဖြစ်၍ သီးခြား သက်သေခံ တင်သွင်းစရာ လိုအပ်မည် မဟုတ်တော့ ပယ်ချတာ မဟုတ်ပါဘူး။ ပါပြီးသားမလို့ပါ။ ပယ်တယ် ထင်မှာ စိုးလို့ပါ” ဟု တရားခွင်တွင် ဆုံးဖြတ်ကာ ရှင်းပြသည်။
ဗစ်တိုးရီးယား၏ အမှုမှာ ယနေ့ ရုံးချိန်းသည် ၄ ကြိမ်မြောက် ဖြစ်ပြီး တရားခွင် စစ်ဆေးမှုကို အချိန် ၇ နာရီ ဝန်းကျင် ကလေးငယ်၏ ဖခင် ဖြစ်သူကို နှစ်ဘက်ရှေ့နေများက အပြန်အလှန် စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ကလေး၏ ဖခင်ဖြစ်သူမှာ မှုခင်းတပ်ဖွဲ့ ( CID ) ဘက်မှ ၎င်းတို့ မိသားစုကို ခေါ်ယူစစ်ဆေးရာတွင် အသေးစိတ် အချက်အလက် များအပြင် အမှု မှန် ပေါ်ပေါက်ရန် မိမိကိုယ်တိုင် သမီးငယ်အား မီးမီး ကို လုပ်သည့်သူမှာ မည်သူ၊ မည်ဝါ ဆိုသည်ကို သမီးငယ် ကိုယ်တိုင် ဖြေဆိုထားသည့် ဗီဒီယိုဖိုင်ကို ရုံးတော်သို့ တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ဗစ်တိုးရီးယားလေး၏ ဖခင်နှင့် အဘွားဖြစ်သူကို စစ်ဆေးသွားမည်ဟု သတ်မှတ်ထားသော်လည်း အချိန် မလုံလောက်သည့် အတွက် ဖခင်တဦးထဲကိုသာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“ ကျနော့်သမီး မိန်းမကိုယ်ထဲတွင် သုတ်ပိုးတွေ့ရှိကြောင်း၊ အောင်ကြီး အသက်အရွယ်နဲ့ လုပ်မယ်ဆိုပါက ဒီထက် အခြေအနေ ပိုဆိုးနိုင်ကြောင်း ပြောဆိုခဲ့ပါသည်” ဟု CID မှ ပြောပြချက်များကို ကလေးငယ်၏ ဖခင်က ယနေ့ ရုံးတော်တွင် ထွက်ဆိုခဲ့သည်။
CID မှ အမှုစစ် ရဲအရာရှိက ဆရာမ ဒေါ်ဥမ္မာလှိုင်မှာ သား ၂ ယောက် ရှိသည်ကို သိလားဟု မေးကြောင်း၊ ၎င်းက မသိကြောင်း ပြန်ပြောသည့် အခါတွင် ဒေါ်ဥမ္မာလှိုင်တွင် သား ၂ ယောက် ရှိကြောင်း၊ အကြီးက ၁၀ တန်း၊ အငယ်က ၈ တန်း ဖြစ်ကြောင်း၊ Wisdom ကျောင်းတွင် တက်နေကြောင်း အမေထံသို့ လာလေ့ရှိကြောင်း ကလေးငယ်၏ ဖခင်ကို စစ်ဆေးစဉ်က ပြောပြခဲ့သည်ကို ယနေ့ရုံးတော်တွင် ထွက်ဆိုခဲ့သည်။
ယနေ့ ရုံးချိန်းသို့ လေ့လာသူ အဖြစ် လာရောက် နားထောင်ခဲ့သည့် တရားလွှတ်တော် ရှေ့နေ ဦးအောင်စိုးက “ရုံးတော်ကို သက်သေခံ တင်လိုက်တော့ ပွင့်ပွင့်လင်းလင်းပြောရင်တော့ အဲဒီ အလုပ်ကို ကလေးအဖေက လုပ်သွားတာ တော်တော် စိတ်မကောင်းဘူး။ တော်တော်ကို ဒီကလေးအဖေဟာ မိဘ တယောက် အနေနဲ့ တာဝန်ကျေပါတယ်။ နားထောင်နေရတဲ့သူတွေ ကလေးအဖေရဲ့ ထွက်ချက်ကို ကြည့်ပြီးတော့ ကြက်သီးထရတယ်” ဟု ရုံးချိန်း အပြီးတွင် မှတ်ချက်ပေးသည်။
တရားခံဟု ယူဆပြီး ဖမ်းဆီးခံထားရသည့် အောင်ကြီး၏ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က “ကျနော်တို့က သက်သေခံ အဖြစ်နဲ့ သွင်းတယ်။ ဥပဒေ အရာရှိက ဒါ သက်သေခံ အဖြစ်နဲ့ မသွင်းနဲ့လို့ ပြောတယ်။ ဒါပေမယ့် တရားသူကြီး က အဆုံးအဖြတ် ပေးလိုက်တော့ ဖုန်းကို သက်သေခံ အဖြစ် လက်ခံပြီးရင် ဖုန်းထဲက ပါတာတွေက အကုန်လုံး သက်သေခံ အဖြစ်ဝင်တယ်လို့ အဲဒီလို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ယင်းအမှုကို တလတွင် ၂ ကြိမ်၊ ဗုဒ္ဓဟူးနေ့တိုင်းတွင် စစ်ဆေးသွားမည် ဖြစ်ပြီး တရားလိုပြ သက်သေ ၂၆ ဦးကို ဒီဇင်ဘာ ၁၈ ရက် အတွင်း အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့် ၅ ကြိမ်မြောက် ရုံးချိန်းကို သြဂုတ် ၂၈ ရက်နေ့တွင် ကလေးငယ်၏ အဘွားဖြစ်သူကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း ခရိုင်တရားရုံးမှ သိရသည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူ ဗစ်တိုးရီးယားအား စက်တင်ဘာ ၁၁ ရက်တွင် ဗီဒီယို ကွန်ဖရင့်ဖြင့် စစ်ဆေးသွားမည် ဖြစ်ကြောင်း ဒက္ခိဏ ခရိုင်တရားရုံးက သိရသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါ ကျောင်း သူ ကလေးငယ်မှာ မေလ ၁၇ ရက်နေ့က လိင်အကြမ်းဖက်ခံရမှုဖြင့် ထိုကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လိင်အကြမ်းဖက် ခံရမှုဖြစ်စဉ်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပိုးဖြူဆိုသည့် အကောင့်ပိုင်ရှင်ထံမှ စတင်ပျံ့နှံ့လာပြီးနောက် သတင်းမီဒီယာများမှတဆင့် လူအများ စိတ်ဝင်စားမှု မြင့်တက်ခဲ့ရာ မှုခင်း တပ်ဖွဲ့(CID) ၏ စစ်ဆေး ချက်အရ Wisdom Hill ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးမှူး၏ကားမောင်းသူ အောင်ကြီးဖြစ်ပြီး ၎င်းကို ဇူလှိုင် ၄ ရက် နေ့က တရားစွဲတင်ခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်– နာကျင်နေသော အဖေတယောက်ရဲ့ ဖွင့်ဟချက်
ဆရာမ နှင်းနုကို သံသယ တရားခံအဖြစ် ထပ်တိုးပေးရန် ဦးတိုက်လျှောက်