ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်နေရာ၌ အစားထိုး ခန့်အပ်မည့် ဗိုလ်မှူးကြီး မင်းသန်း ယနေ့ ပြည်နယ်လွှတ်တော်၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည်။
အဆိုပါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး မင်းသန်းအား ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် ခန့်အပ်ရန် လွှတ်တော်သို့ အဆိုပြု တင်ပြထားခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး မင်းသန်း အနေဖြင့် လက်ရှိ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်း ကြုံနေသည့် ရခိုင်ပြည် နယ်၏ အခြေအနေနှင့် ပတ်သက်၍ ပေးအပ်မည့် တာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အခက်အခဲ မရှိပါဘူး၊ ဒီတာဝန်တွေက ငယ်ငယ်ကတည်းက ထမ်းဆောင်လာတာ။ အခုဆိုရင် တပ်မတော်မှာ နှစ် ၃၀ ရှိသွားပြီ၊ ဘဝ တလျှောက် ဖြတ်သန်းလာတဲ့ အုပ်ချုပ်မှု၊ စစ်ရေး၊ နိုင်ငံရေး ကိစ္စတွေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်( တပ်မတော်သား) အဖြစ်လည်း တာဝန်ထမ်းဆောင် ဖူးတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းတွေနဲ့လည်း နီးစပ်မှု ရှိပါတယ်။ နိုင်ငံခြား အတွေ့အကြုံတွေလည်း အများကြီး ရှိတဲ့အတွက် ကျနော် ဒီတာဝန်ကို လုံလုံခြုံခြုံနဲ့ ပြေပြေလည်လည် ဆောင် ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ် ” ဟု သူက ဧရာဝတီသို့ ဖြေကြားခဲ့သည်။
ဗိုလ်မှူးကြီး မင်းသန်းအား လုံ/ နယ်ဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးမည့်ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် သတ်မှတ်ထားသည့် အရည်အချင်း မပြည့်စုံကြောင်း သက်သေ အထောက် အထား အပြည့်အစုံကို လာမည့် သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီ အချိန် နောက်ဆုံးထားပြီး အမည် စာရင်း တင်သွင်း နိုင်ကြောင်းလည်း ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစံကျော်လှက လွှတ်တော် တွင် ပြောကြားခဲ့သည်။
ကန့်ကွက်ရန် ရှိ၊ မရှိကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အား မေးမြန်းကြည့်ရာ ၎င်းတို့ အနေဖြင့် ကန့်ကွက်စရာ မရှိဟု ဆိုကြသည်ဟု သိရသည်။
သို့ဖြစ်ရာ အဆိုပါ ဗိုလ်မှူးကြီး မင်းသန်းအား ကန့်ကွက်မည့်သူ မရှိပါက လာမည့် သြဂုတ်လ ၁၆ ရက်နေ့တွင် ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော် အရေးအပေါ် အစည်းအဝေးတွင် လုံ/နယ်ဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးတော့မည် ဖြစ်သည်။
ဗိုလ်မှူးကြီး မင်းသန်းသည် ၂၀၁၆ – ၂၀၁၇ ခုနှစ်တွင်လည်း ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ တဦးဖြစ်ပြီး လွှတ်တော်က ဖွဲ့စည်း တာဝန်ပေးသည့် နိုင်ငံသားများ၏ မူလ အခွင့်အရေး ဆိုင်ရာ ကော်မတီတွင်လည်း အဖွဲ့ဝင် အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေးရှိသော ဗိုလ်မှူးကြီး မင်းသန်းသည် ရခိုင် – ဗမာ ကပြား တဦးအဖြစ် ပြောဆိုနေမှုများ ရှိသော်လည်း လွှတ်တော်သို့ ပို့ဆောင်လာသည့် ကိုယ်ရေး အကျဉ်းတွင် ဗမာ၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တဦးအဖြစ် ပါရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးကြီး ဖုန်းတင့် သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ တွင် ဗိုလ်မှူးကြီး ထိန်လင်းနေရာတွင် အစားထိုး ဝင်ရောက်လာသူ ဖြစ်ပြီး တပ်မတော်၏ အခြားနေရာတွင် တာဝန်ပေးရန် ပေါ်ပေါက်လာသဖြင့် လက်ရှိ အဆိုပြုထားသည့် ဗိုလ်မှူးကြီး မင်းသန်းကို အစားထိုးခန့်အပ်ရန် စီစဉ်ရခြင်းဖြစ်သည် ဟု သိရသည်။
လက်ရှိ အဆိုပြု ခံထားရသူ ဗိုလ်မှူးကြီး မင်းသန်းမှာ ၃ ဦးမြောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ၁ ဦး ဖြစ်လာမည် ဖြစ်သည်။