မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် ပဏာမအပစ်ရပ်စာချုပ် (Bilateral) ဆိုင်ရာ အချက်များ ဆွေးနွေးရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလားမြို့တွင် ထပ်မံတွေ့ဆုံရန် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များက ကမ်းလှမ်းထားသည်ဟု သတင်း ရရှိ သည်။
ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့ဝင် ဦးလှမောင်ရွှေက “ငြိမ်းချမ်းရေး ကော်မရှင်ဘက်က မိုင်းလားမှာ တွေ့မယ် ဆိုရင် တွေ့ဖို့ညှိနှိုင်းနေပါတယ်။ ကျန်တာကတော့ ကျနော်ကို ပြောဖို့ကလည်း တာဝန်ပေး မထားတော့ ပြောဖို့ ခက်ပါတယ်” ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွ့ဲဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ အကြား တွေ့ဆုံနိုင်ရန် PC ၏ အတွင်းရေးမှူး ဦးခင်ဇော်ဦးက ညှိနှိုင်း နေပြီး ယခုသြဂုတ်တွင်း မိုင်းလားမြို့တွင် တွေ့နိုင်ရန် ကမ်းလှမ်းထားခြင်း ဖြစ်သည်ဟု အစိုးရဘက် သတင်းရင်းမြစ် တချို့ထံမှ သိရသည်။
အစိုးရဘက်မှ အဆိုပြုထားသည့် မိုင်းလားမြို့တွင် တွေ့နိုင်ခြင်း ရှိမရှိနှင့် ပတ်သတ်၍ မြောက်ပိုင်း မဟာမိတ်များ ဘက်မှ အကြောင်းပြန်မည့် စာကို စောင့်ဆိုင်း နေဆဲ ဖြစ်သည်ဟုလည်း ဦးလှမောင်ရွှေက ဆိုသည်။
အစိုးရဘက်မှ တွေ့ဆုံရန် အဆိုပြုထားသည့် မိုင်းလားမြို့သည် အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သည့် မြို့ဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်တွင် တည်ရှိသည်။
NDAA သည် မြောက်ပိုင်းမဟာမိတ် ၄ ဖွ့ဲ၏ နိုင်ငံရေးမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တဖွဲ့ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကိုယ်စားလှယ်များသည် ဇွန် ၃၀ ရက်က မိုင်းလားမြို့တွင် နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး အပစ်ရပ်စာချုပ် ညှိနှိုင်းရေး အတွက် ထပ်မံတွေ့ဆုံရန် တွေ့မည့် နေရာ ညှိနှိုင်းမရ ဖြစ်နေခြင်း ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနက် AA၊ TNLA နှင့် MNDAA တို့သည် အစိုးရ၊ တပ်မတော်တို့နှင့် ယုံကြည်မှု မရှိသေးသဖြင့် အစိုးရထိန်းချုပ်သည့် မြို့များတွင် တွေ့ဆုံဆွေးနွေးရန် လက်မခံနိုင် ကြောင်း ငြင်းဆိုထားပြီး အစိုးရထိန်းချုပ်မှု မရှိသည့် နယ်စပ်ဒေသ သို့မဟုတ် တရုတ်နိုင်ငံ အတွင်း တွေ့ဆုံလိုကြောင်း ပြောဆိုထားသည်။
KIA က မည်သည့် နေရာတွင် တွေ့ဆုံရသည်ဖြစ်စေ ၎င်းတို့အတွက် အဆင်ပြေကြောင်း ဧရာဝတီကို ဇူလိုင်လအတွင်းက ပြောဆိုထားသည်။
ကနဦးတွင် အစိုးရက နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ လားရှိုး မြို့ တမြို့မြို့တွင် တွေ့ဆုံရန် ပြောဆိုသဖြင့် နေရာ ညှိမရပဲ ဆွေးနွေးပွဲများ ပြန်မစနိုင်သည်မှာ ၂ လခန့် ကြာမြင့် နေ ခြင်း ဖြစ်သည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးနေမှု များမှာ ရပ်တန့်နေပြီး အစိုးရနှင့် တပ်မတော်ဘက်မှ ၎င်းတို့၏ တပ်နေရာ ချထားရေး အပေါ် သဘောထား တင်းမာမှုများရှိနေသည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
ယခုအခါ ထပ်မံတွေ့ဆုံပါက ပဏာမအပစ်ရပ်စာချုပ် (Bilateral) စာချုပ်တွင် ထည့်သွင်းမည့် အချက်များ၊ အပစ်ရပ်ပါက နှစ်ဖက်တပ်များ အတည်တကျ တပ်စွဲထားမည့် တပ်နေရာချထားရေး ကိစ္စရပ်များ၊ အပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးနောက် နှစ်ဖက်တပ်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို တဆင့်ခြင်း ဆွေးနွေးကြရမည် ဖြစ်သည်။
တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များတွင် မြောက်ပိုင်းမဟာမိတ်များက ၎င်းတို့ ရောက်ရှိ လှုပ်ရှား နေသည့် နေရာများတွင် အပစ်အခတ်ရပ်ဆိုင်းပြီး အပစ်ရပ်စာချုပ် ချုပ်ဆိုကာ နိုင်ငံရေး ဆွေးနွေးလိုခြင်း ဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
သို့သော် တပ်မတော်ဘက်မှ AA ကို ရခိုင်ပြည်နယ်တွင် လက်မခံပဲ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင်သာ တည်ရှိမှု လက်ခံမည်ဟု ပြောဆိုခြင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အနှံ့ လှုပ်ရှား နေသည့် TNLA ကိုလည်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန် မြို့နယ်နှင့် မန်တုံမြို့နယ်တွင်သာ တပ်နေရာချထားခြင်း လက်ခံမည်ဟု ပြောခြင်း၊ MNDAA ကိုလည်း ၎င်းတို့၏ ဌာနချုပ် ဟုန်အိုင်ဒေသတွင်သာ အသိအမှတ်ပြုမည်ဟု ပြောဆိုခြင်းများ မြောက်ပိုင်း မဟာမိတ်အတွက် လက်မခံနိုင်စရာများ ဖြစ်သည်ဟုလည်း ဦးခိုင်သုခ က ပြောသည်။
အစိုးရနှင့် အပစ်ရပ်စာချုပ်အတွက် ဆွေးနွေးနေပြီး တဖက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုုပ် ရုံးမှ အပစ်ရပ်ဆိုင်းကြောင်း ကြေငြာထားသော်လည်း အပစ်ရပ်နယ်မြေတွင်း ပါဝင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ခံနေရပါသည်ဟု TNLA က ပြောသည်။
TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “အပစ်ရပ်ကြေငြာ ထားပေမယ့် ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေအတွင်းမှာ ဇန်နဝါရီလတလပဲ တိုက်ပွဲ ဖြစ်ပွားမှု မရှိတာ။ လတိုင်းမှာ တိုက်ပွဲက ရှိနေတယ်။ ဒါပေမယ့် တပ်ဘက်က ကြေငြာထားတာက အပစ်ရပ်လို့သာ ပြောနေတာ တကယ့်တကယ် မြေပြင်မှာတော့ ဘာမှ ကွာခြားမှု မရှိဘူး” ဟု ပြောသည်။
အပစ်ရပ်စာချုပ်အတွက် ညှိနှိုင်းရန် တွေ့ဆုံမည့် နေရာ ပြေလည်ပါက ဆွေးနွေးပွဲအတွက် အဆင်သင့် ရှိနေပါသည်ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကြား ထပ်မံတွေ့ဆုံ နိုင်ရေး နေရာအတည်တကျ သတ်မှတ်နိုင်ရေး အတွက် “ဝ” တပ်ဖွဲ့ UWSA ဦးဆောင် သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC)၊ ကချင်ငြိမ်းချမ်းရေး အကျိုးတာ်ဆောင် အဖွဲ့ (PCG) တို့က ကြားဝင်ညှိနှိုင်း ပေးနေဆဲ ဖြစ်သည်ဟုလည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုသည်။
တပ်မတော်က အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ နှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုရန်ဟုဆိုကာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်တွင် တကြိမ်၊ မေ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ တကြိမ်၊ ဇူလိုင် ၁ရက်မှ သြဂုတ် ၃၁ ရက်ထိ တကြိမ် အပစ်ရပ်ဆိုင်းကာလကို တိုးချဲ့သတ်မှတ်ထားသည်။
တပ်မတော်မှ အပစ်ရပ်ဆိုင်းသည့် ကာလတွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များအကြား ဖေဖော်ဝါရီ ၂၅ ရက် တရုတ်နိုင်ငံ ၊ ကူမင်းမြို့တွင် တကြိမ်၊ မတ် ၂၁ ရက် နေပြည်တော်တွင် တကြိမ်၊ ဧပြီ ၃၀ ရက် မူဆယ်မြို့တွင် တကြိမ် ၊ ဇွန် ၃၀ ရက် မိုင်းလားမြို့တွင် တကြိမ် စုစုပေါင်း ၄ ကြိမ် တွေ့ဆုံထားသည်။