ယခုနှစ် ဇူလိုင်လမှ စတင် ပြောင်းလဲ ကောက်ခံလိုက်သော မီတာခနှုန်းထားသစ်ကြောင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန က နှစ်စဉ် အရှုံးခံနေရာမှ လာမည့် ၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ အမြတ် စတင်ရနိုင်မည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ထုတ်လုပ်မှု အတွက် နှစ်စဉ် ကျပ်ဘီလီယံ ၅၀၀ စိုက်ထုတ်အသုံးပြု နေ ရာမှ ပြောင်းလဲ ကောက်ခံလိုက်သော မီတာခနှုန်းထားသစ်အရ ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်၌ စိုက်ထုတ်သုံးနေရမှုကို ကာမိ မည်ဖြစ်ပြီး ၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင်မူ အမြတ်စရနိုင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ဒု အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့် က ဧရာဝတီသို့ ပြောသည်။
ဦးစိုးမြင့် က“မီတာခပြောင်းလဲ ကောက်ခံလိုက်တဲ့အတွက် လာမယ့်နှစ် ဘတ်ဂျက်မှာတော့ ဝင်လာမယ့် ဝင်ငွေက ရှုံးထားတာကို ခုနှိမ်ရုံပဲ ရှိပါတယ်။ ပုံမှန် သုံးစွဲသူ သာမန်ပြည်သူ အတွက် အမြင့်ဆုံး သုံးစွဲမှုနှှုန်းကို တွက်ထားပြီးပြီ။ အဓိကက စီးပွားရေး လုပ်ငန်းတွေက ပိုရလာမယ့် အခြေအနေတွေကြောင့် နောက်တနှစ် (၂၀၂၁-၂၂) ကျရင်တော့ မြတ်ရုံ လေးတော့ ရှိလာမယ်”ဟု ဆိုသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် လိုအပ်သော အခြေခံ အဆောက်အအုံများ ပြုပြင် ထိန်း သိမ်းခြင်း၊ တိုးချဲ့ခြင်းများ လုပ်ဆောင်လာနိုင်မည့် အပြင် လျှပ်စစ်မီး မရရှိသေးသော ဒေသများကိုလည်း လျှပ်စစ်မီး ရရှိစေရန် လုပ်ဆောင်လာနိုင်မည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု အမြဲတမ်း အတွင်းဝန် ဦးစိုးမြင့်က ပြောဆိုသည်။
ယခင်က အိမ်သုံးမီတာခများကို တယူနစ်လျှင် အနည်းဆုံး ၃၅ ကျပ်မှ အများဆုံး ၅၀ ကျပ်နှုန်း၊ စီးပွားရေး လုပ်ငန်း၊ စက်မှု လုပ်ငန်းသုံးများ အတွက် တယူနစ်ကို အနည်းဆုံး ၅၀ ကျပ်မှ အများဆုံး ၁၅၀ ကျပ် အထိ ကောက်ခံနေရာမှ ဇူလိုင်လမှ စတင်ကာ နှုန်းထား အသစ်ဖြစ်သော တယူနစ် ၃၅ ကျပ်မှ ၁၂၅ ကျပ်၊ အိမ်သုံး မဟုတ်သည့် အမျိုးအစား အတွက် တယူ နစ်လျှင် ၁၂၅ ကျပ်မှ ၁၈၀ ကျပ် အထိ အသီးသီးအပြောင်းလဲ ကောက်ခံလိုက်ခြင်းကြောင့် သာမန် အိမ်သုံး ပြည်သူများက ယခင်ကထက် ၁ ဆ ခွဲမှ ၂ ဆ၊ စီးပွားရေး လုပ်ငန်းများက ၂ ဆ ကျော်မှ ၃ ဆကျော် အထိ မီတာခ ပေးဆောင်ရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ အတွင်း၌ သုံးစွဲယူနစ် ၆၀၀ ဝန်းကျင်၌ မီတာခ ကျပ် ၂၅၀၀၀ ကျော် ပေးဆောင်ခဲ့ရပြီး နှုန်းထား အသစ်ဖြင့် ပေးဆောင်ရမည့် ဇူလိုင်လတွင်မူ သုံးစွဲယူနစ် ၄၈၀ ကျော်သာ ရှိသော်လည်း ကျပ် ငါးသောင်းကျော် အထိ ပေးဆောင်ရကြောင်း သကေတမြို့နယ်နေ ဒေါ်လွင်မာအေးက ပြောသည်။
၎င်းက“ဒါတောင် တော်တော် လျှော့သုံးလိုက်လို့ အရင်လကလောက် သုံးရင် တသိန်း နီးပါးလောက်တောင် ကျမယ် ထင်တယ်။ အိမ်ငှားခ အပြင် မီတာခကပါ တလ တသိန်းလောက်ကျရင် ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာတော့မှာ”ဟု ပြောဆို သည်။
လတ်တလောတွင် ပြည်သူများ အနေဖြင့် မီတာခ ကောက်ခံမှုများ၌ ယူနစ် အတိုးအလျှော့များနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက မြို့နယ် လျှပ်စစ်ရုံး၊ ခရိုင် လျှပ်စစ်ရုံး၊ တိုင်း လျှပ်စစ်ရုံးများသို့ အဆင့်ဆင့် တိုင်ကြားနိုင်သလို နေပြည်တော် ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန သို့လည်း တိုင်းကြားနိုင်ကြောင်း ဒု အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောဆိုသည်။
၎င်းက“မီတာယူနစ်ကို မသမာ လုပ်ထားတာမျိုး၊ လွဲမှားနေတာမျိုး၊ အငြင်းပွားမှု ဖြစ်နေလို့ မီတာဘေလ် မဆောင်ရ သေးရင် မီးဖြတ်ပါဆိုပြီး ဝန်ကြီးဌာနက ညွှန်ကြားထားတာမျိုး မရှိဘူး။ ပြည်သူဖြစ်နေတဲ့ အခက်အခဲကို အရင်ဖြေရှင်း ပြီးမှ ကျန်တဲ့ ကိစ္စကို လုပ်ပေါ့။ ကိုယ့်ဝန်ထမ်းက မှားတယ်ဆိုရင် အရေးယူမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားတယ်”ဟု လည်း ပြောသည်။
လတ်တလောတွင် ယင်းသို့ ဖြစ်ရပ်များ အတွက် ဝန်ကြီးဌာနသို့ တရားဝင် တိုင်ကြားခြင်းမျိုး မရှိသေးသော်လည်း အင်တာနက် လူမှုကွန်ရက်ပေါ် တွေ့ရှိရသော ဖြစ်စဉ်တချို့နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရုံးများကို ချက်ချင်း ဖြေရှင်းမှုများ လုပ်ဆောင်ရန် ညွှန်ကြားထားမှုများ ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံက သိရသည်။
လက်ရှိ အချိန်တွင် သယ်ယူပို့ဆောင်ရေး စရိတ်၊ ကုန်ကြမ်းစရိတ်များ တိုးမြင့်လာနေသည့် အပြင် လျှပ်စစ်မီတာခပါ ယခင်ကထက် နှစ်ဆခန့် ပိုတက်လာခြင်းကြောင့် ထုတ်ကုန်ပစ္စည်းများကို မဖြစ်မနေ ဈေးတက်ရောင်းရမှသာ လုပ်ငန်း ဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေဖြစ်နေကြောင်း လက်မှု အမှတ်တရပစ္စည်များ ထုတ်လုပ်နေသော ရွှေကမာ အသေးစား လုပ်ငန်းရှင် ဦးတင်မျိုးကျော်က ပြောသည်။
၎င်းက“လုပ်ငန်းအတွက် ကုန်ကျစရိတ်တက်ရင် ကျနော်တို့လည်း ပစ္စည်းကို ဈေးတင်ရမှာဖြစ်တဲ့အတွက် ဝယ်သူက တော့ ဈေးကြီးပေးဝယ်ရမယ့် အခြေအနေပေါ့”ဟု ပြောဆိုသည်။
စီးပွားရေး သဘောတရားအရ လုပ်ငန်းငန်းတခု အနေဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်တက်လာပါက ၎င်းတို့၏ ထုတ် ကုန်နှင့် ဝန်ဆောင်မှုများ အပေါ်တွင် ဈေးနှုန်းမြှင့်၍ စားသုံးသူထံသို့ ရောင်းချကာ အမြတ်ရရှိအောင် လုပ်ဆောင် မည် ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်တဦး က ပြောသည်။
၎င်းက ဆက်လက်၍“လုပ်ငန်းရှင်က လျှပ်စစ်မီတာခ တိုးကောက်တာကို လက်ခံနိုင်တယ်။ ဒီတိုးကောက်ထားတဲ့ အေ ပါ် မှာ တာဝန်ခံမှုတော့ ရှိရမှာပေါ့။ အရင်ကလည်း လုပ်ငန်းရှင်တွေကို တိုးကောက်တာပဲလေ။ ပြီးတော့ မီးက မမှန် ဘူး။ ဒီလိုမျိုးတော့ ဖြစ်နေတာတော့ အဆင်မပြေနိုင်ဘူးလေ။ ဘာလို့ဆိုရင် မီးမမှန်လို့ ဓာတ်ဆီ၊ ဒီဇယ်သုံးပြီး မီးစက် တွေနဲ့ လုပ်ငန်းလည်ပတ်ရင် လျှပ်စစ်ထက် ပိုပြီး ကုန်ကျတယ်”ဟု ပြောဆိုသည်။
ပြောင်းလဲလိုက်သည့် နှုန်းထားသစ် အရ ရိုးရိုး အိမ်သုံးနှင့် ပါဝါမီတာ၊ တလုံးတခဲတည်း (အဆောင် လုပ်ငန်း) စီးပွားရေး လုပ်ငန်း မပါသော ဘာသာ/ သာသနာ အဆောက်အအုံများ အတွက် မီတာခနှုန်းထားမှာ ၁ ယူနစ်မှ ယူနစ် ၃၀ အထိ ၃၅ ကျပ်နှုန်း၊ ၃၁ ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်နှုန်း၊ ၅၁ ယူနစ်မှ ၇၅ ယူနစ် အထိ ၇၀ ကျပ်နှုန်း၊ ၇၆ ယူနစ်မှ ၁၀၀ အထိ ၉၀ ကျပ်နှုန်း၊ ယူနစ် ၁၀၁ မှ ၁၅၀ အထိ ၁၁၀ နှုန်း၊ ယူနစ် ၁၅၁ မှ ၂၀၀ အထိ ၁၂၀ ကျပ်၊ ယူနစ် ၂၀၁နှင့် အထက် ၁၂၅ ကျပ် စသည်ဖြင့် ကောက်ခံလျက်ရှိသည်။
စက်မှုလုပ်ငန်း၊ စီးပွားရေး လုပ်ငန်း၊ တလုံးတခဲတည်း (ဟိုတယ်၊ မိုတယ်)၊ ယာယီသုံး၊ လမ်းမီး၊ အစိုးရရုံးဌာန အဖွဲ့ အစည်းများ၊ နိုင်ငံပိုင် စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ မြစ်ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံးဌာန လုပ်ငန်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အတွက်၊ နိုင်ငံခြား သံရုံးများ။ နိုင်ငံတကာ အဖွဲ့အစည်းများကို အိမ်သုံး မဟုတ်သော လုပ်ငန်း အမျိုးအစားများအဖြစ် ကောက်ခံမည် ဖြစ်ကြောင်း ကြေညာထားသည်။
ယင်းလုပ်ငန်း အမျိုးအစားများ အတွက် ၁ ယူနစ်မှ ယူနစ် ၅၀၀ အထိ ၁၂၅ ကျပ်နှုန်း၊ ယူနစ် ၅၀၁ မှ ၅၀၀၀ အထိ ၁၃၅ ကျပ်နှုန်း၊ ယူနစ် ၅၀၀၁ မှ ၁၀၀၀၀ အထိ ၁၄၅ ကျပ်၊ ယူနစ် ၁၀၀၀၁ မှ ၂၀၀၀၀ အထိ ၁၅၅ ကျပ်၊ ယူနစ် ၂၀၀၀၁ မှ ၅၀၀၀၀ အထိ ၁၆၅ ကျပ်၊ ယူနစ် ၅၀၀၀၁ မှ ၁၀၀၀၀၀ အထိ ၁၇၅ ကျပ်၊ ယူနစ် ၁၀၀၀၀၁ နှင့် အထက် ဆိုပါက ၁၈၀ ကျပ် နှုန်းဖြင့် ပြောင်းလဲ ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ ကွင်းဆင်း လေ့လာမှုများ အရ မြန်မာနိုင်ငံ အတွင်း ၇၀ ရာခိုင်နှုန်းရှိ အိမ်ထောင်စုများသည် တရက် လျှင် အနည်းဆုံး လျှပ်စစ်မီး၂ နာရီခန့်သာ အသုံးပြုခွင့် ရနေပြီး အာဆီယံ ဒေသတွင် လျှပ်စစ်မီး အနည်းဆုံး ရရှိသည့် နိုင်ငံ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင် ပညာရှင် ဦးမျိုးမြင့်က ဧရာဝတီသို့ ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၁၀ သန်းကျော် ရှိသည့် အနက် ၄ သန်းကျော် ကို ဓာတ်အား ဖြန့်ဖြူး ပေးနေရ သဖြင့် ရာခိုင်နှုန်းအရ တွက်ချက်ပါက ၃၈ ဒသမ ၅ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနေခြင်း ဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်အား လိုအပ် ချက်မှာ ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် လျှပ်စစ် သုံးစွဲမှုနှုန်း ခန့်မှန်းချက် အရ ၂၀၂၀- ၂၀၂၁ ခုနှစ်တွင် မဂ္ဂါဝပ် ၆၀၀၀ ခန့် လိုအပ်မည် ဖြစ်ကာ လက်ရှိ ထုတ်လုပ်မှု အရ ၃၀၀၀ မဂ္ဂါဝပ်သာ ရှိနေဆဲ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
You may also like these stories:
ယူနစ်ကွဲလွဲမှု မရှိရန် အိမ်တိုင်ရာရောက် လိုက်လံ မီတာဖတ်မှုများ ပြလုပ်နေ
မီတာခနှုန်းထားများ တိုးမြှင့် ကောက်ခံမှု အပေါ် ဝေဖန်မှုများရှိ
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ ဖြေကြားချက်အပေါ် သူတို့အမြင်
မီတာခ နှုန်းထားသစ် လုပ်ငန်းရှင်နှင့် အခြေခံ သုံးစွဲသူများ မျှတစွာ ခံစားနိုင်ရန် စီစဉ်နေ ဟုဆို
ပြောင်းလဲ ကောက်ခံမည့် လျှပ်စစ် မီတာခ စိုးရိမ်ရန် မလိုဟု ဆို