တရုတ်အစိုးရ၏ ကျောထောက်နောက်ခံ ရရှိထားသော သတင်းစာမှ သတင်းထောက် တဦး ရုန်းရင်း ဆန်ခတ်မှု၌ ဖမ်းဆီးခဲ့ပြီးနောက် ဟောင်ကောင် ဆန္ဒပြသူများနှင့် အပေးအယူတခု ပြတ်ပြတ် သားသား ပြုလုပ်ရန် ဘေဂျင်းကို တရုတ်နိုင်ငံပိုင် မီဒီယာက ဗုဒ္ဒဟူးနေ့တွင် တိုက်တွန်းလိုက်သည်။
အင်္ဂါနေ့ နှောင်းပိုင်းက ဟောင်ကောင်လေဆိပ်တွင် ဆန္ဒပြသူများနှင့် အဓိကရုဏ်း နှိမ်နင်းရေးရဲများ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြရာ တနေရာတွင် ဆန္ဒပြသူများက တရုတ် မီဒီယာသမား ဆိုသူတဦးကို ဝိုင်းဝန်းချုပ်နှောင်ထားရာ ၎င်းသည် တရုတ်အစိုးရ၏ ဂလိုဘယ်တိုင်းမ် သတင်းစာမှ သတင်းထောက် တဦး ဖြစ်ကြောင်း သိရသည်။
လွတ်လပ်ခွင့် တဖြည်းဖြည်း လျော့ကျလာ၍ ဒေါသထွက်နေသော ဒီမိုကရေစီ လိုလားသည့် ဆန္ဒပြ သူများနှင့် ရဲများအကြား ဖြစ်ပွားခဲ့သော အကြမ်းဖက် ရုန်းရင်းဆန်ခတ် မှုများ ရက်သတ္တ ၁၀ ပတ် ကျော် ကြာမြင့်လာခဲ့ရာ သမ္မတရှီကျင့်ဖျင်အတွက် ၂၀၁၂ ခုနှစ်က အာဏာရပြီးနောက်ပိုင်း အကြီးမား ဆုံး စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့သည်။
ကွန်မြူနစ်ပါတီမှ နိုင်ငံရပ်ခြားအထိ တရားဝင် ထုတ်ဝေနေသော ပြည်သူ့ နေစဉ်သတင်းစာ၏ သဘောထား မှတ်ချက် ဖော်ပြသည့် ရှေ့ဖုံးစာမျက်နှာတွင် “ဟောင်ကောင် အခြေအနေသည် အဆုံး အဖြတ် ပေးမည့် အလှည့်အပြောင်း တခုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း” ဗုဒ္ဓဟူးနေ့က ရေးသား ခဲ့သည်။
“ဥပဒေ ဓားသွားကို သုံးပြီးတော့ အကြမ်းဖက်မှု ရပ်တန့်စေရေးနဲ့ ငြိမ်ဝပ်ပိပြားရေး ဆောင်ရွက်ခြင်း ဟာ ဟောင်ကောင်အတွက် အရေးကြီးဆုံးနဲ့ လတ်တလော တာဝန်အဖြစ် အပြတ်အသတ် ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စဖြစ်လာပါတယ်” ဟု Global Times က ရေးသားခဲ့ခြင်း ဖြစ်သည်။
ရှန်ကျန်း တက္ကသိုလ်မှ သုတေသီတဦး၏ နောက်ထပ် သဘောထား မှတ်ချက်ကိုလည်း တရုတ် နေ့စဉ်သတင်းစာတွင် ဖော်ပြထားရာ ၎င်းက “ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင် ကိစ္စ အပေးအယူ လုပ်တဲ့နေရာမှာ ပိုပြီး ပြတ်ပြတ်သားသား ဖြစ်သင့်တယ်” ဟု ဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာ လူမှုကွန်ရက်တွင် “တရုတ်အစိုးရသည် ဟောင်ကောင် နယ်စပ်သို့ ညလုံးပေါက် တပ်များဖြန့်ချ နေကြောင်းနှင့် တည်ငြိမ်မှု ရှိစေရန် တိုက်တွန်းသည်” ဟု ရေးသား လွှင့်တင်ခဲ့သည်။
၁၉၉၇ ခုနှစ်၊ ဗြိတိန်မှ တရုတ်က ပြန်လွှဲယူပြီးနောက် ဟောင်ကောင်အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အစိတ်အပိုင်း အနေဖြင့် ပြဋ္ဌာန်းခဲ့သော “တနိုင်ငံ၊ စနစ်နှစ်မျိုး” အစီအစဉ် ယိုယွင်းလာခြင်းကို မိမိတို့ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ဆန္ဒပြသူများက ပြောကြသည်။
“ဟောင်ကောင် လွတ်လပ်ရေးဆိုတဲ့ ကြွေးကြော်သံက မကြာခင်က ထွက်လာတဲ့အထိ အစွန်းရောက် နိုင်ငံရေးအယူအဆတွေ ဟောင်ကောင်မှာ ရံဖန်ရံခါမှာ ပေါ်ပေါက်လာတာ မြင်နေရပါတယ်။ ဒီအဓိပ္ပာယ် ကတော့ တနိုင်ငံ၊ စနစ်နှစ်မျိုး ဆိုတဲ့ စည်းမျဉ်းဟာ စိန်ခေါ်မှု အသစ်တခုနဲ့ ရင်ဆိုင်နေရပြီဆိုတဲ့ သဘောပါပဲ” ဟု တရုတ်စာရေးဆရာ Li Peiwen က ပြောသည်။
တရုတ်နိုင်ငံပိုင် မီဒီယာသည် ဟောင်ကောင်ရဲများကို ထောက်ခံကြောင်း သတင်းစကားကိုလည်း ဖော်ပြခဲ့ပြီး ဟောင်ကောင်မြို့တွင် ဖြစ်ပျက်နေသမျှသည် ရှက်ဖွယ်လိလိ ဖြစ်ကြောင်း ဆိုထားသည်။ ဗုဒ္ဒဟူးနေ့က တရုတ် လူမှုမီဒီယာ များတွင် ယင်းကဲ့သို့ လွှင့်တင်ထားသော ပို့စ်များကို အများဆုံး ဆွေးနွေးထားကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်သူ့နေ့စဉ် (People’s Daily’s) ၏ လူမှုကွန်ရက်ဖြစ်သည့် Weibo တရားဝင် စာမျက်နှာတွင် “ဟောင်ကောင်ရဲများကို ကျွန်ုပ်တို့ကလည်း ထောက်ခံပါတယ်” ဟု ရေးသား လွှင့်တင်ထားရာ ပြန်လည်၍ Repost မျှဝေသည့် အကြိမ်အရေအတွက် ၅၀၀,၀၀၀ ကျော်သွား ခဲ့သည်။
ဆန္ဒပြသူများ၏ ထိန်းသိမ်းခံရပြီးနောက် သတင်းစာတစောင်၏ သတင်းထောက်များကို ရဲများက ပြန်လည် ကယ်တင်ခဲ့ရကြောင်း ဂလိုဘယ်တိုင်းမ် သတင်းစာအယ်ဒီတာ Hu Xijin က ပြောသည်။ အဆိုပါ သတင်းစာကို ပြည်သူ့နေစဉ်ကပင် ပုံနှိပ် ထုတ်ဝေခြင်း ဖြစ်သည်။
“ဂလိုဘယ်တိုင်းမ် သတင်းထောက် Fu Guohao ကို ရဲတွေက ကယ်တင်ပြီး ဆေးရုံပို့ပေးခဲ့ ပါတယ်။ သူ ဒဏ်ရာရတဲ့ အခြေအနေ တိုးတက်မှုကို ကျနော်တို့ ကြားသိနေရတုန်းပါ” ဟု ၎င်း အယ်ဒီတာက တွစ်တာတွင် ရေးသားထားသည်။
တရုတ်နိုင်ငံပိုင် ရုပ်သံလိုင်းဖြစ်သည့် CCTV က Fu ကို နောက်ထပ် Weibo post တခုတွင် “တကယ့်လူ” ဟူ၍ ခေါ်ဝေါ်သုံးစွဲခဲ့ရာ Like စုစုပေါင်း ၁၄၀,၀၀၀ ဖြစ်သွားခဲ့သည်။
ယခု သီတင်းပတ်တွင် ဆန္ဒပြသူတချို့က ရဲများကို အန္တရာယ်ရှိသော လက်နက် ကိရိယာများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ယင်း ဖြစ်စဉ်များသည် အကြမ်းဖက်ဝါဒ အစပျိုးနေကြောင်း တရုတ်အစိုးရက ပြစ်တင် ရှုတ်ချပြီးနောက်ပိုင်း ဘေဂျင်း မည်သို့ ဆက်လက် ကိုင်တွယ်မည်ကို အင်တာနက် သုံးစွဲသူ နိုင်ငံသားများက အနီးကပ် စောင့်ကြည့်နေကြသည်။
တရုတ် ပြည်သူ့လက်နက်ကိုင် ရဲတပ်ဖွဲ့ကို ရှန်ကျန်းမြို့ အရှေ့တောင်ပိုင်းတွင် စုစည်းထားပြီး ၎င်းတပ်ဖွဲ့များသည် ဟောင်ကောင်တွင် ပါဝင် စွက်ဖက်နိုင်သည်ဟု ထင်ကြေးများလည်း ထွက်ပေါ်လျှက် ရှိသည်။
အခြားသူများက တည်ငြိမ်အောင် ထိန်းသိမ်းရန် တိုက်တွန်းနေသည့် အချိန်တွင် တရုတ် လူမှုကွန်ရက်များ ထက်ဝယ် ဘေဂျင်း ဝင်ရောက်စွက်ဖက်မှုကို တွန်းအားပေးသည့် တုန့်ပြန်မှု များလည်း ရှိနေသည်။
You may also like these stories:
ဟောင်ကောင်လေဆိပ် ပြန်ဖွင့်၊ လေကြောင်းလိုင်းတချို့ ပျံသန်း
ဟောင်ကောင် ရဲတပ်ဖွဲ့ကို တရုတ် ကာကွယ်ပြောဆို
ဆန္ဒပြမှုများ ထိန်းသိမ်းရန် ဟောင်ကောင် အစိုးရတောင်းဆိုလျှင် တရုတ်တပ်များ ချထားနိုင်ဟု ဆို