နိုင်ငံတဝန်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ အတွက် ချီးမြှင့်ငွေ ၁ လ ၇ သောင်း ကျပ် သတ်မှတ်ထားရာမှ ခေတ်ကာလနှင့် အညီ တိုးမြှင့်ပေးရန် လွှတ်တော် အစည်းအဝေးတွင် မေးမြန်း ဆွေးနွေးကြောင်း သိရသည်။
သြဂုတ်လ ၁၄ ရက်တွင် ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ ဒိုက်ဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးဘုန်းမြင့်အောင်က ပြည်ထောင်စု တဝန်းလုံးရှိ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ခေတ် ကာလ နှင့် လျော်ညီသော စရိတ် ချီးမြှင့်ငွေ တိုးမြှင့်ပေးရန် အစီအစဉ် ရှိမရှိ မေးမြန်းခဲ့ခြင်း ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်း စာရေးတဦး၏ လစာ ၁ သိန်း ၈ သောင်းကျပ် ရရှိချိန်တွင် ပြည်သူများ ရွေးချယ်ထားသော ရပ်/ကျေး အုပ် ချုပ်ရေးမှူး တဦး အတွက် ချီးမြှင့်ငွေသည် ၇ သောင်းကျပ်သာ ဖြစ်နေ၍ နှစ်ဆကျော် ကွာခြားနေကြောင်း၊ ၂၀၁၂ ခုနှစ် ရပ်ကွက် နှင့် ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းချိန်မှ လက်ရှိအချိန်အထိ သတ်မှတ်ထားသော ချီးမြှင့်ငွေကို ခေတ် ကာလ ငွေ တန်ဖိုးနှင့် အညီ တိုးမြှင့်ပေးသင့်ကြောင်းလည်း ၎င်းက တင်ပြခဲ့သည်။
ဦးဘုန်းမြင့်အောင်က“ကျနော်တို့ နိုင်ငံရဲ့ ငွေကြေး လှည့်ပတ်စီးဆင်းမှုများသည် တနေ့ထက် တနေ့ မတူညီသော ကြောင့် ခေတ်ကာလနှင့် လျော်ညီအောင် ချီးမြှင့်သင့်ပါတယ်။ ဒါမှသာ သူ၏ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကို အဂတိတရား ကင်းရှင်း စွာဖြင့် ရပ်ကွက်နေပြည်သူများ၏ အကျိုးကို နိုင်နိုင်နင်းနင်း ထဲထဲဝင်ဝင် စေတနာအပြည့်နဲ့ လုပ် ဆောင် နိုင်မှာ ဖြစ်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် အူမတောင့်မှ သီလစောင့်နိုင်မှာ ဖြစ်ပါတယ်”ဟု ပြောဆိုသည်။
ထိုသို့ မေးမြန်းမှုနှင့်် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးတင်မြင့်က လတ်တလော အခြေအနေအရ တိုးမြှင့်သတ်မှတ်ပေးနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသွားသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ အနေဖြင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေ အခြေအနေ၊ ခေတ်ကာလ အခြေအနေ၊ ရပ်ကျေး အုပ် ချုပ်ရေးမှူးများ၏ သဘောသဘာဝ အခြေအနေ၊ နယ်မြေ အခြေအနေတို့အား လွှမ်းခြုံစဉ်းစား၍ စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီးဌာန နိုင်ငံတော် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး မူဝါဒနှင့်အညီ သတ်မှတ်ပေးထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဖြေကြားခဲ့ သည်။
ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့် ပုံမှန်အားဖြင့် ရပ်ကွက်နှင့် ကျေးရွာ အရေးကိစ္စများ ဆောင်ရွက် ပေးခြင်း၊ သက်ဆိုင်သော အစည်းအဝေးများ သွားရောက်ခြင်း တို့ကို ပြုလုပ်ရကြောင်း ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အနေဖြင့် ယင်း တာဝန်များ အပြင် လယ်ယာမြေနှင့် ပတ်သက်သော မြေခွန်၊ ရေခွန်များ လိုက်လံ ကောက်ခံပေးရ ကြောင်း နေပြည်တော်ရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက ပြောသည်။
အုပ်ချုပ်ရေးမှူးများ အနေဖြင့် ချီးမြှင့်ငွေ ၇ သောင်း၊ ရုံးအသုံးစရိတ် ၅ သောင်းကျပ် ရရှိပြီး ရုံးအသုံးစရိတ် အတွက် အတိအကျ ချလံ တင်ပြရကာ၊ တယ်လီဖုန်းဘေလ်၊ ဆိုင်ကယ်ဆီဖိုးများကို တင်ပြခွင့် မရှိကြောင်း၊ ယင်းချီးမြှင့်ငွေ အသုံးစရိတ်များဖြင့် လုပ်ငန်း တာဝန်များ လုပ်ဆောင်ရာတွင် လောက်ငခြင်း မရှိကြောင်း နေပြည်တော် ပျဉ်းမနား မြို့နယ် ရွာသာကျေး ရွာ အုပ်စုမှ အုပ်ချုပ်ရေးမှူး ဦးသိန်းဦး က ပြောပြသည်။
ပျဉ်းမနားမြို့မှ အုပ်ချုပ်ရေးမှူး တဦး ဖြစ်သူ ဦးအောင်လွင်က“အုပ်ချုပ်ရေးမှူးတွေက ဘာပဲဖြစ်ဖြစ် ၂၄ နာရီ တာဝန် ထမ်းရတယ်။ ငွေက ဆိုင်ကယ်ဆီဖိုးပဲ ရှိတယ်။ ကျန်တဲ့စရိတ် မပါဘူးပေါ့နော်။ ဝန်ထမ်းတယောက် အနေနဲ့ တွက်ချက် မယ်ဆိုရင်တော့ ပေးသင့်တာပေါ့”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရပ်ကွက်ကျေးရွာ အုပ်စုပေါင်း ၁၇၀၃၀ ခု ရှိပြီး လက်ရှိ အချိန်အထိ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ် ရေး မှူး ၁၆၁၆၅ ဦး ခန့်ထားပြီး ဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူး တဦးလျှင် ချီးမြှင့်ငွေ ၇ သောင်း ကျပ် ဖြစ်၍ တလလျှင် ကျပ်သန်း ၁ ထောင်ကျော်၊ တနှစ်လျှင် ကျပ် သန်း ၁၄၀၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း၊ ရုံး အသုံးစရိတ်မှာ ရုံးတရုံးလျှင် တလ ၅ သောင်းဖြင့် တလကုန်ကျငွေ ကျပ်သန်း ၈၅၀ ကျော်၊ ၁ နှစ်လျှင် ကျပ်သန်း ၁ သောင်းကျော် ကုန်ကျမည် ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ဒု ဝန်ကြီးက လွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့သည်။
၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူညီ ချက် ဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အတွက် လစဉ် ချီးမြှင့်ထောက်ပံ့ငွေ၊ သက်တမ်းကာလ အပြည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါက တလုံးတခဲတည်း ချီးမြှင့်ငွေ တို့ကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်း ထား သည်။
You may also like these stories:
ကျောက်တော်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်စာတင်