ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်းနှင့် ဂုတ်တွင်း တံတားတို့ကို ကာကွယ် တိုက်ခိုက်ခဲ့ သည့် တပ်မတော် သားများ အနက် ၈ ဦးကျဆုံးကြောင်း ပလောင်(တအန်း)အမျိုးသား လွတ်မြောက် ရေး တပ်(TNLA)၏ ပြောဆိုချက်အရ သိရသည်။
TNLA အဖွဲ့ က ဂုတ်တွင်း ရဲကင်းကို မနက် ၅ နာရီခန့်ကတည်းက ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ ဝင်များက မခုခံဘဲ ထွက်ပြေးသွားကြောင်း၊ ထွက်ပြေးသည့် ရဲများကိုလည်း TNLA က လိုက်လံ ပစ်ခတ်မှု မလုပ်ကြောင်း၊ သို့သော် လာရောက် ခုခံသည့် တပ်မတော်သားများနှင့် တိုက်ပွဲ ၃ နာရီခန့် ဖြစ်ပွားပြီး နံနက် ၈ နာရီတွင် ဂုတ်တွင်း ရဲစခန်းကို ဝင်ရောက် စီးနိုင်ခဲ့ကြောင်း ယင်းအဖွဲ့ မှ ဗိုလ်မှူးချုပ် တာဘုန်းကျော်က ပြောသည်။
“ရဲတွေက အစောကြီး ထွက်ပြေးသွားတာ။ ကျနော်တို့ တပ်မတော်သား ၈ ဦး အလောင်းတွေ့တယ်။ စခန်းထဲက လက်နက် ၁၅ လက်လောက် ရတယ်။ စခန်းအပြင်မှာ ရတော့ရောဆိုရင် လက်နက် ၂၆ လက် ရလိုက်တယ်။ လက်နက်တွေကို မှန်းကြည့်ရင် တပ်ဘက်က ၂၀ လောက် ကျတယ်လို့ ထင်တယ်”ဟု ၎င်းက ရှင်းပြသည်။
တပ်မတော်ကမူ စစ်သည် ကျဆုံးစာရင်းနှင့် ပတ်သက်၍ အတည်ပြု ပြောဆိုခြင်း မရှိသေးပေ။
တပ်တော်သားများ ကျဆုံးရခြင်းမှာ TNLA ဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုကို စစ်ကူပေး ပြန်လည်ခုခံရင်း ကျဆုံးသွားခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“အဲဒီရဲကင်းမှာ ရဲ ၃ ယောက် ကျသွားတယ်။ ဒါပေမယ့် အဲဒီနားလေးမှာ ကျနော်တို့တပ်ဖွဲ့ တွေ က တက်ပြီး သွား စစ်ကူပေးရင်း ကျသွားတာ။ တပ်မတော်သားတွေ ကျဆုံးပါတယ်။ အခုတော့ တံတားကိုရော ရဲစခန်းကိုပါ ကျနော်တို့ ပြန်ထိန်းချုပ်လိုက်ပါပြီ။ ဟိုဘက်ကလည်း ဆုတ်သွားပြီ”ဟု ၎င်းက ရှင်းပြသည်။
တပ်မတော်သား ကျဆုံးသည့် အရေအတွက်ကို ပြောမရသော်လည်း ရဲကင်းမှာ ဖျက်ဆီးခံခဲ့ရသလို တံတားကိုလည်း သွားလာရေး ခက်ခဲအောင် ဖျက်ဆီးခဲ့ကြသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် တပ်မတော် အနေဖြင့် ယခုလို အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားများကို တိုက်ခိုက်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေး လုံခြုံမှု မရှိအောင် ပြုလုပ်သည့် လုပ်ရပ်ကို တုန့်ပြန်မည် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“ဂုတ်တွင်းနဲ့ ပြင်ဦးလွင်ကို တချိန်တည်း တပြိုင်တည်း လုပ်တဲ့ သဘောပဲ။ သူတို့က အဓိက လုပ်ချင် တာက ပြင်ဦးလွင်နား က မူးယစ်ဆေးတွေ ဖမ်းတဲ့ X-rays စက်ကို ဖျက်ဆီးချင်တာ။ ကံကောင်း တာက အဲဒီစက် ဘာမှ ဖြစ်မသွားဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးတင်မြင့်ကလည်း ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ပြင်ဦးလွင်မြို့တွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကို ရှောတိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခြင်း၊ မြို့ အဝင်ရှိ မူးယစ်ဆေးဝါးများ စစ်ဆေးသည့် X-rays စက်ကို ရှောတိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် စစ်သည်တဦး ဒဏ်ရာရရှိပြီး အရပ်သားတဦး သေဆုံးသွားရကြောင်း ယနေ့ နေပြည်တော်တွင် သတင်း ထောက်များကို ပြောသည်။
“နယ်မြေ ရှင်းလင်း ဆောင်ရွက်လိုက်တော့ ရေအိုးစဉ်ရွာ အနီး ရှောတိုက်ဒုံးသီး ၁၆ လုံး တွေ့ရှိပြီး တော့ တပ်မတော် ကတော့ လိုက်လံရှင်းလင်းလျက် ရှိတယ်ပေါ့။ နောင်ချို အဝင် မူးယစ်ဖမ်းဆီးဂိတ် ဖြစ်စဉ်မှာတော့ အရပ်သားတဦး အသတ်ခံရတယ်။ နောက်ပြီး ကားလေးတွေကို မီးရှို့ဖျက်ဆီးတယ်။ ဒါလည်း TNLA ကလို့ သိရတယ်”ဟု ဦးတင်မြင့်က ပြောသည်။
TNLA အဖွဲ့သည် ယင်းဒေသတွင် အဖျက်အမှောက် လုပ်ငန်းများကို လုပ်ဆောင်လေ့ရှိပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း နွားများ တင်ဆောင်လာသည့် ကုန်တင်ကားများနှင့် ယာဉ်မောင်း၊ ယာဉ် နောက်လိုက်များကို နှောက်ယှက် ပစ်ခတ်လေ့ ရှိသည်ဟုလည်း ၎င်းက ရှင်းပြသည်။
ပြင်ဦးလွင် စစ်သင်တန်းကျောင်း အပါအဝင် အနည်းဆုံး နေရာ ၅ ခုကို တိုက်ခိုက်ခဲ့သည်မှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ က တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယခုလို တိုက်ခိုက်ရခြင်းမှာ ၎င်း တို့၏ နယ်မြေတွင် ထိုးစစ်များ ပြင်းထန်လာသဖြင့် စစ်မျက်နှာ ပြောင်းရန် ကြိုးစားရခြင်း ဖြစ်ကြောင်း TNLA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောသည်။
“တိုက်ခိုက်မှုမှာ လက်နက်ကြီးရော လက်နက်ငယ်ပါ အသုံးပြုခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်ခဲ့တာက အားလုံးပေါင်း ၅ နေရာ လောက် ရှိတယ်။ DSA ကျောင်းဝင်းထဲ တနေရာ၊ ပြင်ဦးလွင် မြို့ရှောင်လမ်း တနေရာ၊ ဂုတ်ထိပ်လမ်းဖက် တနေရာနဲ့ နောင်ချိုမြို့ အဝင် တိုးဂိတ်နား တနေရာ အားလုံး ၅ နေရာလောက် ဖြစ်ပါတယ်”ဟု မိုင်းအိုက်ကျော်က ပြောသည်။
တပ်မတော်စစ်ကြောင်းများက ဂုတ်တွင်း ရဲကင်းစခန်း၊ နောင်ချိုတိုးဂိတ်နှင့် အေးရှားဝေါလ်တိုးဂိတ် တို့အား စစ်ကူများ သွားရောက်ပူးပေါင်းပြီး နယ်မြေရှင်းလင်းစဉ် တပ်မတော် နည်းပညာတက္ကသိုလ် ၏ အရှေ့ဘက် ပြင်ဦးလွင်-လားရှိုးကားလမ်း၏ အရှေ့ဘက်ခြမ်းရှိ တောင်ကုန်းပေါ်မှ ဘက်ထရီအိုး ၁ အိုး၊ ဝါယာကြိုးများနှင့် ချိတ်ဆက်ထားသည့် Type 63 ၁၀၇ မီလီမီတာ အမျိုးအစားဒုံးသီး ၆ လုံး၊ ရှော့တိုက်ဒုံးများ ပစ်ခတ်ရန် အသင့်ပြုလုပ်ထားသည့် နေရာများကို တွေ့ရှိရကြောင်း၊ ထိတွေ့တိုက် ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ အသေးစိတ် သတင်းများ ရရှိပါက ထုတ်ပြန်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယခုလို TNLA ၊ MNDAA နှင့် AA တို့ ပူးပေါင်း တိုက်ခိုက်ခြင်းမှာ ၎င်းတို့ အဖွဲ့များ ပါဝင်ပတ်သက်နေသည့် ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါး များနှင့် ရခိုင်ရှိ မူးယစ်ဆေးဝါးများကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်သဖြင့် ယခုလို ပြန်လည် တုန့်ပြန်လာခြင်းဟု ထင်မြင်ကြောင်း သုံးသပ်သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့က ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါး များ ထုတ်လုပ်နေသည် ဆိုသည့် သတင်းများကြောင့် တပ်မတော်က ဝင်ရောက်ကိုင်တွယ်ရာ မြန်မာ ကျပ်ငွေ ၁၆ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးများ၊ ရိုက်သည့် စက်များ၊ ဆက်စပ်ပစ္စည်းနှင့် လက်နက်များကို ဖမ်းဆီး ဖော်ထုတ်ခဲ့သည်။
ရခိုင်ပြည်နယ်တွင်လည်း ယခု သြဂုတ်လအတွင်းက မူးယစ်ဆေးဝါး မြန်မာကျပ်ငွေ ၅ ဘီလီယံကျော်ဖိုး ဖမ်းမိထားကြောင်း သိရသည်။
ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တပ်မတော်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသည့် ၆ လအတွင်း စစ်တိုင်း ၅ ခုတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ထိတွေ့ တိုက်ပွဲ ဖြစ်ပွားမှု ၆၁ ကြိမ်ရှိခဲ့ရာ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံး အဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ တအာင်းလက်နက်ကိုင် အဖွဲ့ (TNLA) နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့ (SSA) ဝမ်ဟိုင်းအဖွဲ့တို့ ဖြစ်ပြီး စုစုပေါင်း ၄၂ ကြိမ် ရှိခဲ့ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်