ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော ပြင်ဦးလွင်နှင့် နောင်ချို ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ လျက်ရှိကာ သီပေါမြို့သို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ခရီးသွား ၅၀ ကျော် ပြန်ဆင်းရန် အခက်အခဲ ဖြစ် နေကြောင်း သိရသည်။
လက်ရှိ သီပေါမြို့ ပြည်ထောင်စုလမ်းမကြီးတွင် နယ်မြေ အခြေအနေများကြောင့် ယာဉ်များသွားလာရန် ခေတ္တလမ်းပိတ် ထားသဖြင့် ခရီးသည်များ ပြန်ဆင်းရန် အခက်အခဲများ ဖြစ်နေပြီး တချို့မှာလည်း လားရှိုးမြို့မှ တဆင့် လေကြောင်း ခရီး စဉ်ဖြင့် ပြန်ကြရန် စီစဉ်နေမှုများရှိသလို မနက်ထွက်မည့် ရထားဖြင့် ပြန်ဆင်းကြရန် စီစဉ်နေကြကြောင်း မြန်မာနိုင်ငံ ခရီး သွားလုပ်ငန်းရှင်များ အသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမျိုးရီ က ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုက မန္တလေးကနေ ပြင်ဦးလွင်တို့၊ သီပေါတို့ သွားမယ့် ခရီးစဉ်တချို့လည်း ရပ်ဆိုင်းထားရတယ်လို့ ကုမ္ပဏီ တွေဆီက ကျနော်တို့ ကြားတယ်။ အတိအကျတော့ မသိသေးဘူး။ အဓိက sightseeing (သဘာဝ ရှုခင်းကြည့် အပန်းဖြေ ခရီးသွားခြင်း) သွားတဲ့ နိုင်ငံခြားခရီးသွားတွေ သီပေါက ဟိုတယ်တွေမှာ ၄၀ ကျော် ၅၀ လောက်က ပိတ်မိနေတယ်။ ပိတ် မိနေတယ် ဆိုတာထက် ပြန်ဆင်းဖို့ အဆင်မပြေ ဖြစ်နေတာပေါ့” ဟု ဆိုသည်။
လတ်တလောတွင် အဆိုပါ ဒေသသို့ ရောက်ရှိနေသော နိုင်ငံခြားသား ခရီးသွားများကို လိုအပ်သည့် အကူအညီများ ပေး နိုင်ရန် အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့ ဆွေးနွေးနေ ကြောင်း သိရသည်။
နိုင်ငံခြားသားများ လာရောက်မှုများသည့် ခရီးစဉ် ဒေသများတွင် ယခုလိုမျိုး မငြိမ်မသက်မှုများ ဖြစ်ပေါ်နေပါက ခရီးသွား ကဏ္ဍအတွက် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ဦးမျိုးရီက ပြောဆိုသည်။
လက်ရှိ အချိန်တွင် သီပေါမြို့တွင် အခြေအနေ အေးချမ်း တည်ငြိမ်နေသဖြင့် နိုင်ငံခြားသား ခရီးသည်များမှာ မနက်ထွက် မည့် ရထားဖြင့် မန္တလေးမြို့သို့ ပြန်ဆင်း စီစဉ်နေမှုများလည်း ရှိကြောင်း သီပေါရှိ Red Dragon Hotel မှ တာဝန်ရှိသူ တဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက “အခုက တိုက်ပွဲဖြစ်တာတော့ ရပ်သွားပြီလို့ သိထားရတယ်။ ကားလမ်းက ပေးမသွားသေးတော့ ကျမတို့ဆီက ဧည့်သည်တွေကတော့ မနက် ရထားနဲ့ ပြန်ဖို့ စီစဉ်ထားကြတယ်” ဟု ဆိုသည်။
Mr.Bike Travel and Tour မှ ဦးမျိုးလွင် က “အခုကတော့ ကားလမ်းက လုံခြုံရေး အခြေအနေကြောင့် ပိတ်ထားတယ်။ ရထားကလည်း ထွက် မထွက်ကို မနက် ၈ နာရီမှာ သိရမယ်ဆိုတော့ ကျနော့်ခရီးသည်တွေကိုတော့ ၁ ရက် ၂ ရက် လောက်နေပြီးမှပဲ ပြန်ဆင်းဖို့ အကြံပြုထားတယ်။ တချို့ဗီဇာကိစ္စတို့၊ ကိုယ်ရေးကိုယ်တာ ရှိတဲ့သူမျိုးတွေကတော့ လေ ယာဉ်နဲ့ ပြန်ဖို့ ပြောထားတယ်။ ကျနော့် ခရီးသည်က ၁၀ ယောက်လောက် ရှိတယ်” ဟု ပြောသည်။
သို့သော် ခရီးသွားလုပ်ငန်း တချို့က လေယာဉ်လက်မှတ် အရောင်းကို သြဂုတ်လ ၂၀ ရက်ကျော်မှ ပြန်လည် ရောင်းချ မည်ဟု ကြေညာထားကြသည်။
လက်ရှိကာလမှာ ခရီးသွားဝင်ရောက်မှု ပြန်လည် မြင့်တက်လာသည့် အချိန်အခါမျိုး ဖြစ်ပြီး ယခုဖြစ်ရပ်ကြောင့် သက်ဆိုင် ရာ သံရုံးများကလည်း သတိပေးထုတ်ပြန်မှု ရှိနေပြီး လာမည့် သီတင်းပတ်များ၌ ခရီးသွားဝင်ရောက်မှု လျော့ကျနိုင်ကြောင်း လည်း ဦးမျိုးလွင်က သုံးသပ် ပြောဆိုသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ ကုမ္ပဏီကတော့ ဒီခရီးစဉ်ကို လုံးဝ ရပ်ထားလိုက်ပြီ။ ဒီရက်ပိုင်းမှ ခရီးသည်လေး ပြန် တက်လာတုန်းပဲ ရှိသေးတယ်။ အခုလိုဖြစ်တာတော့ ခရီးသွားလုပ်ငန်း အတွက် တော်တော် စိတ်မကောင်းဖြစ်ရတယ်” ဟု ပြောသည်။
သြဂုတ် ၁၅ ရက် နံနက် ၅ နာရီ အချိန်ခန့်က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ တရားမဝင် ကုန်စည် စစ်ဆေးရေးဂိတ် အဆောက်အအုံများအား ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့က လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သားများ အပါအဝင် စစ်သည်တချို့ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အဆောက်အအုံ၊ လမ်းတချို့နှင့် ကားများလည်း ပျက်စီးသွားကြောင်း သိရသည်။
တပ်မတော်သား ၁၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့်အရပ်သား ၂ ဦး စုစုပေါင်း ၁၅ ဦးသေဆုံးစေခဲ့သည့် ပစ်ခတ်မှုကို ပလောင် (တအန်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုး သား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ သုံးဖွဲ့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပြင်ဦးလွင်နှင့် နောင်ချိုတို့တွင် ပစ်ခတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ် ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
ဂုတ်တွင်း ရဲကင်း တိုက်ခိုက်ခံရမှုတွင် တပ်မတော်သားများ ကျဆုံး
တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်