ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းတွင်၌ စီးလုံးလိုက် ကုန်စည်ပို့ဆောင်လိုသည့် စီးပွားရေး လုပ်ငန်း ရှင်များကို မြန်မာ့ မီးရထား က ဖိတ်ခေါ်လိုက်ပြီး အစိုးရနှင့် ပုဂ္ဂလိက အကျိုးတူပူးပေါင်း ဆောင်ရွက် ခြင်း (Public Private Partnerships PPP) စနစ် ဖြင့် စတင် အကောင်ထည်ဖော်သွားမည်ဟု သိရသည်။
ယင်း ရထားလမ်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် အောက်တိုဘာ လဆန်းပိုင်းတွင် လမ်းတလမ်းကို ဖွင့်၍ ကျန်တလမ်း ပိတ်ကာ ပြုပြင်ခြင်း စတင်မည်ဖြစ်ပြီး ကုန်တင်လိုသည့် လုပ်ငန်းရှင်များကို မြန်မာမီးရထားမှ ပထမဆုံး ဖိတ်ခေါ်ခြင်းဖြစ် သည်။
မြန်မာ့မီးရထား အထွေထွေမန်နေဂျာ(စီးပွားရေးဌာန) ဦးညိုဦးက“အခု မီးရထားမှာ လုပ်ငန်းရှင် တွေကို စီးလုံးတွဲ ကုန်စည် တင်ဖို့ ပထမဆုံး လုပ်ဖို့ခေါ်တာပါ၊ ရန်ကုန်-မန္တလေးလမ်းတွေကို အခု JICA နဲ့ ပြင်တယ်။ ဒီလမ်းပေါ်မှာ ပြေးနိုင်တဲ့ ကုန် တွဲတွေရဲ့ ကုန်စည်တွေ သယ်ဆောင်နိုင်တဲ့ စွမ်းရည်တွေက ပိုပြီးတော့ များလာမှာဖြစ်လို့ ခေါ်တာဖြစ်တယ်။ အထူးသဖြင့် ကွန်တိန်နာတွေကို ရည်ရွယ်တာ”ဟု ဧရာဝတီသို့ ပြောသည်။
ယခင် အဆိုပါ လမ်းပိုင်းတွင် ကုန်တင်ရထားမှာ တန်ချိန် ၃၁ တန်ရှိ ကွန်တိန်နာ ၁ လုံးသာ သယ် ဆောင်နိုင်ရာမှ လမ်းပိုင်းများ ပြုပြင်ပြီးပါက ကွန်တိန်နာများ တိုးမြှင့် သယ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း၊ ထို့အတွက် ကုန်စည်သယ်ယူ ပို့ဆောင်လို သော ပုဂ္ဂလိက ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များကို PPP စနစ်ဖြင့် လုပ်ဆောင်ရန် ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြသည်။
“PPP က လုပ်ငန်းဆောင်ရမှာတွေ များတော့ ဘယ်လို အကောင်ထည် ဖော်မလည်း ဆိုတာ လုပ်ငန်း ရှင်နဲ့ ညှိရမှာပေါ့။ ဒီလမ်းပိုင်းက ပြင်တဲ့ လမ်းပိုင်းလေ။ အနည်းဆုံးတော့ ၄၊ ၅ နှစ်လောက်တော့ ကြာမယ် ဖြစ်တော့ ဒီကာလထဲမှာ တဖက် ကလည်း ပြင်၊ ရထားပြေးဆွဲမှုကိုလည်း မထိခိုက်အောင် လုပ်ရင်း ပြေးရမယ်။ ဒါကြောင့် အခု ရထားစီးလုံးလိုက် ကုန်စည် ပြေးဆွဲလိုတဲ့သူ စိတ်ဝင်စားတဲ့သူ လျှောက်လွှာခေါ်လိုက်တာ”ဟု ၎င်းက ပြောသည်။
ရန်ကုန်-မန္တလေး လမ်းပိုင်းအတွင်း ကုန်ရထား ပြေးဆွဲမည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် နိုင်၍ ပြည်တွင်း၌ ကုန် ပစ္စည်း အသင့်ရှိပြီး ရထားအစင်းအလိုက် ကုန်သယ်ယူပို့ဆောင်လိုသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ကုမ္ပဏီများအား ယခု သြဂုတ်လမှ စတင်၍ အောက်တိုဘာလဆန်းပိုင်းအထိ စိတ်ပါဝင်စားသူများ အနေနှင့် မြန်မာ့မီးရထားသို့ လျှောက်လွှာ တင်သွင်းနိုင်သည်။
အချိန် ၂ လခန့်ခေါ်ယူ လုပ်ဆောင်ရခြင်းမှာ လုပ်ငန်းရှင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန လက်အောက်ရှိ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ရထားစီးရေ၊ ပြေးဆွဲနိုင်မှု ကုန်စည် တန်ချိန်၊ သယ်ဆောင်ချိန်ကြာမြင့်ချိန် အစရှိသည့် နှစ်ဦးနှစ်ဖက် ညိုနှိုင်းဆွေးနွေးရမည်ဖြစ်သည်ဟု ဦးညိုဦးက ဆိုသည်။
မန္တလေးမြို့မှ အာရှသား ဆီစက်လုပ်ငန်းရှင် ဦးသန်းလွင်က”ကျနော်တို့အရင်က ရထားနဲ့ သယ်တာ တော့ တွဲတွေ ချိတ်ပြီးမှ တင်ဆောင်ရတာဆိုတော့ အချိန်တော့နည်းနည်းကြာတယ်။ တန်ဆာခက လည်း ကားနဲ့သယ်ရင် ၁ ပေပါ ၇၀၀ ကျပ်လောက်ကျရင် ရထားနဲ့ဆို ၄၀၀ ကျပ်လောက်ကျတယ်။ အခုလိုတွဲစီးလုံးလိုက်ကျတော့ သိပ်မပြောတတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ရန်ကုန်-မန္တလေး မီးရထားလမ်းကြောင်းတွင် လက်ရှိ သယ်ဆောင်နေသော ကုန်စည်အမျိုး အစား ၁၄ မျိုးခန့် ခွဲခြားထားပြီး ယင်းတို့အနက် အဓိက သယ်ဆောင်ပေးနေသော ကုန်စည်များမှာ ဘိလပ်မြေများ၊ ဓာတ်မြေသြဇာများ၊ စားသုံးဆီများနှင့် ခေါက်ဆွဲခြောက် အစရှိသည့် ကုန်မျိုးစုံ ဖြစ်သည်။
ရန်ကုန် – မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံသုံးစွဲ မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံကိန်း သတ်မှတ် လုပ်ဆောင်နေခြင်းဖြစ် ကြောင်း သိရသည်။
ယခုအချိန်တွင် ရထားစီးလုံးလိုက် ကုန်စည်ပို့ဆောင်ရန်အတွက် လုပ်ငန်းရှင်များက မေးမြန်းသည့် အဆင့်သာ ရှိနေသည်။
ကျနော်တို့ဘာမှ မသိရသေးဘူး။ ကျနော်တို့က ဂိတ်ပေါ့။ သူတို့က ကုမ္ပဏီလုပ်ငန်းရှင်ကို ခေါ်မှာပေါ့ လေ။ ကျနော်တို့နဲ့က လုပ်ငန်းတူတော့ သူတို့လိုအပ်တာတော့ အဓိက ကုန်သည်ကို လိုအပ်တာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်း ဒေါ်လာ ၉ ဘီလီယံခန့် ကုန်ကျမည် ဟု ခန့်မှန်း
ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့် စီမံကိန်း ၂၀၂၃ တွင် အပြီးသတ်ရန် ခန့်မှန်း
ရန်ကုန် ကုန်းတွင်းဆိပ်ကမ်း သယ်ယူစရိတ် လျှော့ချနိုင်ဟု ဆို