ကျောင်းသားများ ဆန္ဒထုတ်ဖော်မည် ဆိုပါက အစိုးရနှင့် ဦးစီးဌာနထံတင်ပြရန် အဆင့်မြင့် ပညာဦးစီးဌာန၏ ညွှန်ကြား ချက်အပေါ် ကန့်ကွက်ကြောင်း ကျောင်းသား သမဂ္ဂများနှင့် ဆရာအချို့က ထုတ်ဖော်ပြောကြားသည်။
ရန်ကုန်တက္ကသိုလ်သို့ ဇူလိုင်၂၀ ရက်က လာရောက်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ သမဂ္ဂ (ဗကသ)များ အဖွဲ့ချုပ်နှင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အဖွဲ့မှ ဆန္ဒပြခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက်အား အဆင့်မြင့်ပညာ ဦးစီးဌာနက သြဂုတ်လ ၁၃ ရက်တွင် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။
ဗကသများ အဖွဲ့ချုပ်မှ မအိသီရိကျော်က “ကျောင်းဝင်းထဲ ဆန္ဒထုတ်ဖော်တာကို တရားစွဲလို့ရတယ် ဆိုတာမျိုး လုပ်လာတာ က အာဏာရှင် ဆန်ဆန်လုပ်တာလို့ပဲ မြင်တယ်။ ဒီမိုကရေစီ စံနှုန်းတွေကို ချိုးဖောက်တာဖြစ်တယ်။ တစစနဲ့ ကျောင်းသား တွေကို မတရားတဲ့ဥပဒေ၊ စည်းကမ်းတွေနဲ့ ဖိနှိပ်တယ်လို့ပဲ မြင်ပါတယ်။ မွေးရာပါ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးတာပေါ့” ဟု ပြောသည်။
ထုတ်ပြန်ချက်၌ တက္ကသိုလ်၊ ဒီကရီကောလိပ်နှင့် ကောလိပ် အသီးသီးရှိ ကျောင်းသား/သူများ အနေဖြင့် ဆန္ဒထုတ်ဖော်လို သည့် အကြောင်းအရာ၊ နေ့ရက်၊ အချိန်၊ နေရာတို့ကို တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ လူမှုရေးဝန်ကြီး၊ ခရိုင်/မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် အဆင့်မြင့်ပညာ ဦးစီးဌာနတို့ထံ တင်ပြရန် ကြေညာထားခြင်း ဖြစ်သည်။
ကျောင်းသား/သူများ အနေဖြင့် လုပ်ထုံးလုပ်နည်းများနှင့် အညီ တင်ပြခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်ပါက အမှုဖွင့် တရားစွဲဆို ခံရမည်ဖြစ်ကြောင်း အသိပေးထားရန်နှင့် အလေးထားကြီးကြပ်ဆောင်ရွက်ရန် ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများထံ လည်း အကြောင်းကြားထားကြောင်း သိရသည်။
ကျောင်းသား/သူများ အနေဖြင့် ဆန္ဒထုတ်ဖော်ရာတွင် ကျောင်းပါမောက္ခချုပ်ထံ ကြိုတင် တင်ပြသင့်ပြီး ပါမောက္ခချုပ်က ခွင့်ပြုနိုင်ပါက ခွင့်ပြုပြီး၊ ခွင့်ပြုနိုင်ခြင်း မရှိပါက ညှိနှိုင်းဆောင်ရွက်မည် ဖြစ်သကဲ့သို့ ကျောင်းပြင်ပတွင် ဆန္ဒထုတ်ဖော်မည် ဆိုပါကလည်း တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ယူသင့်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက် တာ သိန်းဝင်းက ပြောသည်။
ဒေါက်တာ သိန်းဝင်းက “သူတို့(ကျောင်းသား)အခက်အခဲဖြစ်မှာ စိုးလို့၊ လုပ်ပြီးသွားမှ အရေးယူခံရတာတွေ ရှိလာရင် အခက်အခဲ ဖြစ်မှာကြောက်လို့ ကြိုတင်အသိပေးတာ။ လုပ်ထုံးလုပ်နည်းကို ချပြထားတာပေါ့။ ကျောင်း ပြင်ပမှာ ဖြစ်တာဆို ပါချုပ်နဲ့လည်း လုပ်လို့မရတော့ဘူး”ဟု ပြောသည်။
အဆင့်မြင့်ပညာ ဦးစီးဌာန၏ ကြေညာချက်သည် ကျောင်းသား လှုပ်ရှားမှုများအား နိုင်ငံရေးအရ အသုံးချလိုသည့် ပုံစံဖြစ် နေပြီး ကျောင်းသားများနှင့် လက်နက်ကိုင် တပ်ဖွဲ့ကြား ပြဿနာ မတွေ့တွေ့အောင် ဖန်တီးသကဲ့သို့ ဖြစ်နေကြောင်း ရန် ကုန် တက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ဌာန၊ လက်ထောက်ကထိက ဦးသန်းလွင်ဦးက ပြောသည်။
ဦးသန်းလွင်ဦးက “ကျောင်းပြင်ပကိုတော့ မပြောပါဘူး။ ကျောင်းဝင်းထဲမှာတော့ ကျောင်းသားတွေက လွတ်လပ်စွာ ထုတ် ဖော်ပိုင်ခွင့် ရှိပါတယ်။ အခု ကြေညာချက်ကို လက်ခံလို့ မရဘူး။ ပြတ်ပြတ်သားသား လုပ်ရမှာပါ။ ကျောင်းသားသမိုင်းနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေက ခွဲခြားလို့မှ မရတာ” ဟု ပြောသည်။
ကျောင်းဝင်းအတွင်း ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ်တွင် 7 july အခမ်းအနား အဖြစ် ချီတက်ခဲ့သည့် ကျောင်းသား/ သူ ၆ ဦးမှာ ကမာရွတ်မြို့မ ရဲစခန်းတွင် ငြိမ်ချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသည်။
ရန်ကုန်တက္ကသိုလ်၊ ကံ့ကော်ပန်းခြံသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့စဉ်ကလည်း ဖိနှိပ်သည့် အဆောင် စည်းကမ်း များ ဖျက်သိမ်းပေးရေး၊ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီးခံထားရသော ကျောင်းသားများအား ပြန်လွှတ်ပေးရေး၊ မန္တလေးတိုင်း အောင် သပြေကျေးရွာမှ ၉ တန်းကျောင်းသား မောင်တူးဝေယံအား ပြန်လွှတ်ပေးရေး အတွက် ကျောင်းသားများက တောင်းဆိုခဲ့ ကြသည်။
You may also like these stories:
ဖမ်းဆီးခံ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို ထောင်ဒဏ်ချမှတ်
ဆဲဗင်း ဂျူလိုင် ချီတက်မှု တရားစွဲခံရသူ၂ ဦး တရား လာရင်မဆိုင်သဖြင့် ဖမ်းဝရမ်းထုတ်