မွန်ပြည်နယ်တွင် သဘာဝဘေးဒဏ်ဖြစ်သည့် ရေကြီးမှုကြောင့် သြဂုတ်လ ၈ ရက်မှ ၁၅ ရက်နေ့အထိ ရေနစ်မြုပ်ခဲ့သည့် စိုက်ပျိုးပြီး လယ်မြေဧက ၈၇၀၀၀ ကျော် ရှိခဲ့ကြောင်း မွန်ပြည်နယ်၊ မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပြည်နယ် မြေစာရင်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးတင်ထွန်းက “၃ ရက်လောက်အထိပဲ ရေနစ်မြုပ်ခဲ့မယ် ဆိုရင် တချို့ စပါးတွေ က ဓာတ်မြေသြဇာ ပြန်ကျွေး၊ ပေါင်းသင်လိုက်ရင် ပြန်ထောင်လာတယ်။ လုံးဝ ပျက်သွားတယ်မျိုး မဟုတ်ဘူး။ ၇ ရက် လောက် အထိ မြုပ်နေခဲ့မယ် ဆိုရင်တော့ ပျက်စီးဖို့ များသွား ပြီ။ ဒါပေမယ့် လုံးဝ ပျက်စီးသွားမယ် ဆိုရင်တောင် တချို့ တောင်သူတွေမှာ မျိုးကျန်နေသေးတဲ့ အတွက် သက်တမ်းတိုစပါးတွေဆိုရင် ပြန်စိုက်ဖို့ အချိန်မီသေးတယ်။ စက်တင်ဘာ လ မကုန်မချင်း တော့ ပျက်စီးတယ်လို့ ပြောလို့မရသေးဘူး” ဟု ပြောသည်။
ရေနစ်မြုပ်မှု အများဆုံးမြို့နယ်သည် ကျိုက်မရောမြို့နယ် ဖြစ်ပြီး နစ်မြုပ်မှု ဧက ၂ သောင်းကျော် ရှိကာ သံဖြူဇရပ်မြို့နယ် မှ နစ်မြုပ်မှု ဧက ၁၇၀၀၀ ကျော်၊ ပေါင်မြို့နယ်မှ လယ်ဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရသည်။ ထို့ပြင် မုဒုံမြို့နယ်တွင် ဧက ၁ သောင်းကျော်၊ ရေးမြို့နယ်တွင် ဧက ၂၀၀၀ နီး ပါး၊ ချောင်းဆုံမြို့နယ်တွင် ဧက ၅၀၀၀ ကျော်၊ မော်လမြိုင် မြို့နယ်တွင် ဧက ၅၄၀၀ ကျော်၊ ဘီးလင်း မြို့နယ်တွင် ဧက ၇၈၀၀ ကျော်တို့ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
လယ်မြေများ ရေနစ်မြုပ်မှုကိုသာ သိရှိနိုင်ပြီး ပျက်စီး ဆုံးရှုံးမှုများကို ရေ လုံးဝ ကျပြီးသည် အထိ ဆက်လက် စောင့်ကြည့်မှ အတိအကျ သိရှိနိုင်မည် ဖြစ်ကြောင်း၊ လယ်မြေတို့၏ သဘောသဘာဝအရ ၇ ရက်ခန့်အထိ ဆက်လက်နစ်မြုပ် နေမည် ဆိုပါက စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးနိုင် ကြောင်း ပြည်နယ်၊ မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူး က ပြောသည်။
လက်ရှိတွင် ပေါင်မြို့နယ် အပါအဝင် အချို့ မြို့နယ်များတွင် ရေများပြန်ကျနေပြီဖြစ်ရာ ရေဖုံးလွှမ်းခဲ့ သည့် လယ်မြေများမှာလည်း ပြန်ပေါ်လာပြီဖြစ်ကြောင်း၊ အချို့ နေရာများတွင် သဲများ ဖုံးလွှမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ဧရာဝတီမှ ကွင်းဆင်း သတင်းယူရာတွင်လည်း ပေါင်မြို့နယ်ရှိ အချို့စပါးကွင်းများတွင် ရေနှင့်အတူ ပါလာသည့် ကျိုးပဲ့ ကြေမွနေသည့် ကျောက်ခဲများ ပါသည့် သဲများ ဖုံးလွှမ်းနေသည်ကိုလည်း တွေ့ခဲ့ရ သည်။ အထူးသဖြင့် တောင်ကျ ချောင်း၊ စမ်းချောင်းနှင့် မြေပြိုခဲ့သည့်ရေများ စီးဝင်ခဲ့သည့် လယ်ကွင်း များတွင် သဲဖုံးလွှမ်းမှု အများဆုံး တွေ့ရှိခဲ့ရသည်။
ပေါင်မြို့နယ်တွင် စိုက်ပျိုးထားသည့် စပါးဧက ၆၃၀၀၀ ကျော်ရှိသည့်အနက် ဧက ၁၅၀၀၀ ကျော် ရေနစ်မြုပ်ခဲ့ရာတွင် သြဂုတ်လ ၁၅ ရက်နေ့၏ စာရင်းများအရ ရွာပေါင်း ၅ ရွာမှ တောင်သူ ၂၉၅ ဦး၏ စပါးဧက ၂၂၀၀ ကျော်က လက်ရှိ အချိန်တွင် ထိခိုက်မှု ရှိနေပြီဖြစ်ကြောင်း ပေါင်မြို့နယ်၊ မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအောင်သန်းထွဋ်က ပြောသည်။
ကျန်နေသည့် စပါးကွင်းများကိုလည်း ရေနစ်မြုပ်မှု ပမာဏနှင့် ရေနှင့်အတူ ပါလာသော နှုန်းမြေ၊ သဲမြေများ၏ အနေ အထားကို ဆက်လက် စောင့်ကြည့်ရမည်ဟု သိရသည်။
ဆက်လက်၍ ဦးအောင်သန်းထွဋ်က “လူတွေ သေတဲ့ သဲဖြူကုန်းကျေးရွာက လယ်ကွင်းတွေဆိုရင် ဧက ၂၆၀ ကျော်က အခုဆို အရွက်တွေ ဝါနေပြီးတော့ ညှိုးနေပြီ။ အခုချိန်မှာ တဦးချင်းဆီက စာရင်းအတိ အကျကို မကောက်နိုင်သေးပေမယ့် ခန့်မှန်းစာရင်းတော့ ကောက်နေပြီ။ အဲဒီညှိုးနေတဲ့ စပါးကွင်းတွေ ဆိုရင် ကျနော်တို့က အခုချိန်မှာ ထိခိုက်စာရင်းထဲ ထည့် လိုက်ပြီ။ ပျက်စီးစာရင်းကတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု ရှင်းပြသည်။
မွန်ပြည်နယ်တွင် ယခုမိုးရာသီတွင် သဘာဝဘေးအန္တရာယ်အတွက် သုံးစွဲရန် ငွေကျပ်သိန်း ၅၀၀၀ ကို ယခုနှစ်တွင် ပြည်ထောင်စု မှ ချထားပေးပြီး ကြိုတင် ကာကွယ်မှု အပိုင်းများကို ဆောင်ရွက်ခဲ့ခြင်း အတွက် တချို့မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့သော်လည်း ရက်ပိုင်းအတွင်း ရေပြန်ကျခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့၏ သဘာဝ ဘေးဒဏ်ကူညီ ကယ်ဆယ်ရေး ကော်မတီ၏ ဒုညွှန်မှူး ဦးဇင်မင်းကိုက ရှင်းပြသည်။
အထူးသဖြင့် မြို့ပေါ်ပိုင်းများတွင် ရေမြောင်းများ ပြုပြင်ခြင်း၊ ကျေးရွာများရှိ ချောင်းများကို ဆယ်ယူခဲ့ခြင်းကြောင့် ယခုလို အချိန် မကြာမီ ရေပြန်ကျခဲ့ရသည်ဟု သူက ဆက်ပြောသည်။
ပေါင်မြို့နယ်တခုထဲတွင်ပင် ချောင်းပေါင်း ၁၀၀၀ ကျော် ရှိနေခဲ့သော်လည်း တချို့ချောင်းများသည် တိမ်ကောနေသည့် ချောင်းများ ဖြစ်နေပြီး လူနေအိမ်များ၊ လယ်များ ချဲ့ထွင်ခဲ့ခြင်းကြောင့် ချောင်း အဖြစ်ပင် ပီပြင်စွာ ရှိမနေတော့ကြောင်း ပေါင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် မိကွန်ချမ်း က ပြောသည်။
မိကွန်ချမ်းက “ဒီနှစ် မိုးမကျခင်ထဲက ကျမတို့တွေဟာ ချောင်းကို ဆယ်ယူတာတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် တချိန်က ပေ ၂၀ လောက် ကျယ်တဲ့ချောင်းဟာ အခုဆိုရင် ၅ ပေတောင် မကျယ်တော့တဲ့ အနေအထားတွေ အများကြီး တွေ့ရတယ်။ ဒါဟာ လူတွေရဲ့လောဘကြောင့် အခုလို သဘာဝဘေးတွေ ဖြစ်လာတာ။ ဒါပေမယ့် ကျမတို့က တတ်နိုင်တဲ့ ဘက်ကနေ ရသလောက် ပြင်ဆင်ထားတဲ့အတွက် ပေါင်မြို့နယ်မှာ တောင်ကျရေတွေကြောင့် ရေနစ်မြုပ်ပေမယ့် ဒီနေ့ ရေကြီးပြီး နောက်နေ့ ရေပြန်ကျတဲ့အနေအထား ဖြစ်ခဲ့တာ” ဟု ရှင်းပြသည်။
ဆက်စပ်ဖတ်ရှုရန်- မလတ်တောင် ပြိုကျမှုက ပေးတဲ့ သင်ခန်းစာ