လက်ရှိ အနည်းဆုံးလုပ်ခ လစာနှုန်း ၄၈၀၀ ကျပ်ကို ပြင်ဆင်သတ်မှတ်ရန်အတွက် တိုင်းနှင့် ပြည်နယ်များတွင် စတင် ဆွေးနွေး မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ၁၂ ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ အာဆီယံဖိုရမ် နိုင်ငံ တော် အဆင့် ၃ ပွင့်ဆိုင် (ILO ၊ အလုပ်သမားရေးရာ အဖွဲ့များ၊ အစိုးရ) အကြိုလုပ်ငန်း ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါ အတိုင်း ဖြေကြားခြင်း ဖြစ်သည်။
ဦးမျိုးအောင်က“ပြီးခဲ့တဲ့ အပတ်က လွှတ်တော်မှာ အနည်းဆုံးလုပ်ခလစာ ဥပဒေနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေကို ၃ပွင့်ဆိုင် (လွှတ်တော် အလုပ်သမားရေးရာ ကော်မတီ၊ အစိုးရ၊ အလုပ်သမားရေးရာ အဖွဲ့များ) နဲ့ သွားဆွေးနွေးတယ်။ အနည်း ဆုံး အခကြေးငွေကော်မတီ အဖွဲ့ဝင်တချို့လည်း ပါတယ်။ ဒါတွေလည်း စပြီး လုပ်ကြည့် နေပါပြီ။ အခုက တချို့ တိုင်းနဲ့ ပြည်နယ်တွေပဲ လုပ်သေးတယ်။ အမျိုးသား အဆင့်တော့ မလုပ်သေးဘူး”ဟု မီဒီယာ များကို ပြောသည်။
၂၀၁၈ ခုနှစ် မေလ ၁၄ ရက်က အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားတို့ သဘောတူ ဆုံးဖြတ်ခဲ့သည့် အလုပ်သမားတဦး၏ ၁ ရက် အနည်ဆုံး လုပ်ခ ၄၈၀၀ ကျပ်နှုန်းကို တိုးမြှင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ကာ ဥပဒေပြဋ္ဌာန်းချက် အရ ၂ နှစ် တကြိမ် ပြန်လည် သုံးသပ်ရမည် ဖြစ်သဖြင့် ပြင်ဆင် သတ်မှတ်ရန် အတွက် ဆွေးနွေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမား တယောက် လုပ်ငန်းခွင် စတင် ဝင်ရောက်သည့်နေ့မှ စ၍ အနည်းဆုံး အခကြေးငွေကို ခံစားခွင့် ရရှိရန် လိုအပ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများ အရ ရာခိုင်နှုန်းများ လျှော့ချလိုက်သည့် အတွက် အလုပ်သမား တယောက် အလုပ်စဝင်ပြီး ၆ လလောက် အချိန်ကြာမှ အနည်းဆုံး အခကြေးငွေ ခံစားခွင့်ရနေသည်များကို ပြင်ဆင် ရန် အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အလုပ်သမား အခွင့်အရေး ဆိုင်ရာများ လုပ်ဆောင်ပေးနေသည့် အနာဂတ် အလင်းတန်း ဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင် က မီဒီယာများကို ပြောသည်။
၎င်းက“အခု ရနေတဲ့ ၄၈၀၀ လုံလောက်လား ဆိုရင် အခုဆိုရင် မီတာခပေါ့။ မီတာခသည် မတရားကို ဆတိုးတွေ တက် သွားတာ။ အဲဒီ မီတာခ မတက်ခင် ကုန်ဈေးနှုန်းတွေက အကုန်လုံး တက်တယ်။သူတို့ ဘယ်လိုမှ မလောက်င ဘူး”ဟု ပြောဆိုသည်။
ထို့ကြောင့် အလုပ်သမားများဘက်မှ အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် ပြည်သူ့လွှတ်တော်၊ တောင်သူ လယ် သမား ရေးရာနှင့် အလုပ်သမားရေးရာ ကော်မတီသို့ တွေ့ခွင့်တောင်းထားကြောင်း၊ တွေ့ခွင့်ရရှိပါက အမှန်တကယ် လိုအပ်နေသည့် လိုအပ်ချက်များနှင့် ဥပဒေ၌ ပါဝင်နေသည် အနည်းဆုံး အခကြေးငွေမှ စ၍ အလုပ်ဝင်စဉ်ကတည်းက ရရှိသင့်သည့် ခံစား ခွင့်များ ရရှိရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်းလည်း ဒေါ်သက်သက်အောင် က ပြောသည်။
လက်ရှိ သတ်မှတ်ထားသည့် အခကြေးငွေကို ပြန်လည် သုံးသပ်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားဝတ် နေ ရေးနှင့် ကျန်းမာရေး အဓိက အခြေခံအချက် ၄ ချက်ပေါ်တွင် ကောက်ခံနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (CTUM) ၏ ဗဟို ကော်မတီမှ ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုသည်။
၎င်းက“ဆန်ဘယ်လောက်လဲ၊ ဆီဘယ် လောက်လဲပါတယ်။ ဆပ်ပြာမှုန့် ပါတယ်။ ဒါတွေကတော့ ထည့်တွက်ရမယ့် အပိုင်း။ ဒါကြောင့်မို့ လူတဦးရဲ့ ကုန်ကျမှုကို အမျိုးသား အတွင်းခံ၊ အမျိုးသမီးအတွင်းခံက အစ စဉ်းစားပါတယ်။ နောက်တခါ နေစရိတ်ပေါ့။ လူတယောက်နေတယ်ဆိုရင် ဘယ်လောက်ပေါ့။ မိသားစုနေတယ်ဆိုရင် ဘယ်လောက် ဆိုတာ အဲဒါတွေ ပါပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံ အနေဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်ကို ၂၀၁၅ ခုနှစ်တွင် ၃၆၀ဝ ကျပ် အဖြစ် ပထမ အကြိမ် သတ်မှတ်ပေးခဲ့ပြီး၊ လုပ်သား ၁၅ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများသာ အကျုံးဝင်ခဲ့သည်။
၂၀၁၈ခုနှစ် မေလ ၁၄ ရက် တွင် ဒုတိယ အကြိမ် ၄၈၀ဝကျပ် အဖြစ် တိုးမြှင့် သတ်မှတ်ရာတွင် အလုပ်သမား ၁၀ ဦး အထိ ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ခနှုန်းထားကို တနိုင်ငံလုံးရှိ အလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်း အမျိုးအစား မခွဲခြားဘဲ တနိုင်ငံလုံး တပြေးညီဖြင့် ၁ နာရီကို ၆၀ဝ ကျပ်နှုန်းဖြင့် အလုပ်ချိန် ၈ နာရီအတွက် ၄၈၀ဝ ကျပ် အတည်ပြုသတ်မှတ် လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် သြဂုတ် ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ နှင့် အနည်းဆုံး အခကြေးငွေ အမျိုးသား ကော်မတီဝင်များ တွေ့ဆုံ၍ ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်းအပေါ် အကြံပြုချက်များ ရယူခဲ့ကြောင်းသိရသည်။
You may also like these stories:
အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများ ဖွံ့ဖြိုးရေး အတွက် အဟန့်အတားဖြစ်လာနိုင်
လစာတိုးပေးသော်လည်း ဆန္ဒဆက်ပြမည်ဟု ပြင်သစ်အင်္ကျီဝါများ ကြေညာ
အလုပ်သမား အခွင့်အရေး ရရှိရန် အစိုးရကို မန္တလေးတွင် ဆန္ဒပြ