ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဂုတ်တွင်း ရဲစခန်းအပါအဝင် နေရာ ၆ ခုကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အတွက် အစိုးရက ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဆဲ ဖြစ်ကြောင်း အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတ ရုံး ညွှန်ချုပ် ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ပုံမှန် ကျင်းပပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှု ရှိ မရှိ ဧရာဝတီ၏ မေးမြန်းချက်ကို ဦးဇော်ဌေးက အထက်ပါ အတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ဦးဇော်ဌေး က “တိုင်းရင်းသား လက်နက်ကိုင်တွေ အတွက် ငြိမ်းချမ်းရေး တံခါးကတော့ ဆက်ပြီး ဖွင့်ထားပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ နိုင်ငံရေးအဖြေ မရနိုင်ပါဘူး။ ဆွေးနွေးပွဲတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း နိုင်ငံရေး အဖြေရဖို့ လိုပါတယ်” ဟု ပြောသည်။
သြဂုတ်လ ၁၅ က်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့ ပူးပေါင်းသည့် အဖွဲ့များ၏ တိုက်ခိုက်မှု ကြောင့် တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံး သွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုးကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေး က “မနေ့က ဖြစ်ပွားတဲ့ လုပ်ရပ်ကို ကြည့်ရင် ဒါက အကြမ်းဖက်လုပ်ရပ် ဖြစ်ပါတယ်။ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်တာတွေ၊ နောက်တခုက မူးယစ်ဆေးဝါး စစ်ဆေးတဲ့ ကိရိယာတွေ ပျက်စီး အောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့အတွက် အားလုံးသိပြီး ဖြစ်ပါတယ်” ဟု ဆက် ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ဆောင်ရွက်မည်မှာ အစိုးရ၏ သဘော ထား ဖြစ်ကြောင်း၊ ယခုလို တိုက်ခိုက်ခြင်းသည် ငြိမ်းချမ်းရေးကို ရယူလိုသည့် ဆန္ဒ မရှိသည့်အတွက်ဟု တပ်မတော် က မြင်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ်တွင် အမြတ်ထုတ်ခြင်း ဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ငြိမ်းချမ်းရေးကို မလိုချင်လို့ အခုလို လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ အဲဒါ ကြောင့် ဒါနဲ့ပတ်သက်တဲ့ တူညီတဲ့ တုံ့ပြန်မှုမျိုးကိုတော့ ခံရလိမ့်မယ်” ဟု ပြောသည်။
ယခုအခါ တပ်မတော်က ယင်းဖြစ်စဉ်အပေါ် မည်ကဲ့သို့ တုံ့ပြန်မည် ဆိုသည်ကို အစိုးရထံသို့လည်း အကြောင်းကြား ထားပြီး ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုပြီး အသေးစိတ် ထုတ်ပြန်ရန် မရှိကြောင်း လည်း ဆိုသည်။
ယခု မြောက်ပိုင်း ၄ ဖွဲ့နှင့် ပတ်သက်၍ အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရဘက်မှ အဆိုပြုချက်များ ပေးထားပြီး ဖြစ်ကြောင်း၊ ယင်းအပေါ်တွင် တွေ့ဆုံဆွေးနွေးရန် ကြိုးပမ်းနေသည့် ကာလတွင် ယခုလို ပြဿနာ ပေါ်ပေါက်လာရပြီး ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် မိုင်းလားမြို့တွင် တွေ့ဆုံနိုင်ရန် ၂ ဖက် ညှိနှိုင်းနေဆဲ ကာလ ဖြစ်သည်။
ဦးဇော်ဌေး က “အစိုးရက ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုများစွာ ထိခိုက်စေပါတယ်။ ငြိမ်းချမ်းရေး ဆွေး နွေးပွဲတွေကို လာရောက်ဖို့ လမ်းဖွင့်ထားပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အောင်အောင်မြင်မြင် ဖြစ်စေဖို့ အမှန်တကယ် လိုလားတဲ့ ဆန္ဒ၊ ပြီးတော့ ငြိမ်းချမ်းရေး လိုချင်တဲ့ နိုင်ငံရေး စိတ်ရင်းစေတနာ ရှိဖို့ လိုပါတယ်” ဟု ပြော သည်။
ထို့ပြင် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အနှောင့်အယှက်ဖြစ်အောင်၊ ထိခိုက်အောင်၊ အမြတ်ထုတ်မှုများ မလုပ်သင့်ကြောင်း၊ ပြင်ဦးလွင် တိုးဂိတ်တွင် ချထားသည့် X Ray စက်သည် သမ္မတ၏ ဦးစားပေး မူဝါဒအရ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းတရပ် အနေဖြင့် ဝယ် ယူတပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဇော်ဌေး က “မူးယစ်ဆေးဝါးစစ်ဆေးတဲ့ စက်ကို ဘာလို့ လက်နက်ကြီးနဲ့ ပစ်သလဲ၊ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ တဖက်မှာလည်း နောင်ချိုမှာ ရှိတဲ့ မူးယစ်ဆေးဝါးစခန်းတွေကို ဝင်တိုက်သွားတာလည်း ရှိပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်နေတဲ့ အပိုင်းတွေကို ထိထိရောက်ရောက် ပျက်ပြားအောင်လုပ်တဲ့ အပိုင်းတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်”ဟု ပြောသည်။
အစိုးရနည်းတူ တပ်မတော်ကလည်း ယခုလို မူးယစ်ဆေးဝါး ဖမ်းစက်များကို တိုက်ခိုက်ခြင်းနှင့် ရဲစခန်းများကို တိုက် ခိုက်ခြင်းသည် ၂၀၁၉ ခုနှစ် ဇူလိုင်လက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ရှိ ကျေးရွာတချို့တွင် မူးယစ်ဆေးဝါးများ ထုတ် လုပ်နေမှုကို တပ်မတော်က ဝင်ရောက် ရှင်းလင်းခြင်းကို ပြန်လည် တုံ့ပြန်ခြင်းဟု ယုံကြည်နေသည်။
ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုမှာ မြန်မာ ကျပ်ငွေ ၁၆ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးများ၊ ရိုက် သည့် စက်များ၊ ဆက်စပ်ပစ္စည်းနှင့် လက်နက်များ ပါဝင်သည်။
သို့သော် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမှာ မူးယစ်ဆေးဝါးကိစ္စကြောင့် တုံ့ပြန်ခြင်း မဟုတ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားပြီး ၎င်းတို့ ဒေသတွင် တပ်မတော်က စစ်ရေးအရ ဖိအားပေး လာသဖြင့် စစ်မျက်နှာ ပြောင်းပြန်ဖြစ်အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ငြိမ်းချမ်းရေး ရရှိရန် အလို့ငှာ တပ်မတော်မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသည့် ၆ လ အတွင်း စစ်တိုင်း ၅ ခုတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ၆၁ ကြိမ် ရှိခဲ့ရာ ထိတွေ့တိုက် ပွဲဖြစ်ပွားမှု အများဆုံး အဖွဲ့သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ TNLA နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့ (SSA) ဝမ်ဟိုင်းအဖွဲ့တို့ ဖြစ်ပြီး စုစုပေါင်း ၄၂ ကြိမ် ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် သီပေါ၌ နိုင်ငံခြားသား ခရီးသွား ၅၀ ကျော် ပိတ်မိနေ
ဂုတ်တွင်း ရဲကင်း တိုက်ခိုက်ခံရမှုတွင် တပ်မတော်သားများ ကျဆုံး
တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်