ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တင်သွင်းသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး မူကြမ်းကို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ကြိုးပမ်းခြင်းသည် ဥပဒေနှင့် ဆန့်ကျင်နေသည်ဟု USDP က ပြောဆိုသည်။
USDP မှ ဒေါက်တာ မောင်သင်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး လက်မှတ်ရေးထိုး တင်သွင်းသည့် ဥပဒေ မူကြမ်းကိုလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက သြဂုတ် ၁၅ ရက်က ကျင်းပသည့် လွှတ်တော် အစည်းအဝေး၌ တင်ပြခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ၁၂ ပုဒ်မ ၄၃၅ တွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင် နှုန်းက တင်ပြလာပါက အဆိုပါ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်ဟု ပြဋ္ဌာန်းထား ကြောင်း၊ ယင်းပုဒ်မကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးသို့ တင်ပြရာတွင်လည်း ပုဒ်မပါ စကားရပ် များမှာ အဓိပ္ပာယ်ဖွင့်စရာ မလိုအောင် ရှင်းလင်းပြတ်သားသည်ဟု ဆိုထား၍ လွှတ်တော်တွင် ဆွေးနွေးရမည့် လုပ်ငန်း စဉ်ဟု ဒေါက်တာ မောင်သင်းက ပြောသည်။
၎င်းက“ရှင်းရှင်းပြောရရင် ပူးပေါင်း ကော်မတီအနေနဲ့ ဥပဒေကို လေးစားလိုက်နာခြင်း မရှိဘူး”ဟု ဆိုသည်။
လက်ရှိတွင် မူကြမ်းကို ပေါင်းထည့်မည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီသည် ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဟု ၎င်း တို့အနေဖြင့် အမြဲဝေဖန်ခဲ့ပြီး ယင်းကော်မတီ၏ အစီရင်ခံစာကိုလည်း ကန့်ကွက်ထားကြောင်း၊ ယင်းကိစ္စအပေါ် မည်သို့ ဆက်လက် လုပ်ဆောင်သွားမည်ကို နည်းလမ်းရှာသွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ မောင်သင်းက ဆက်လက် ပြောဆိုသည်။
USDP အပါအဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ ဦး တင်သွင်းသည့် ဒုတိယ အကြိမ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေ မူကြမ်းတွင် နိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့်နှင့် သက်ဆိုင်သော ပုဒ်မ ဖြစ်သည့် ပုဒ်မ ၂၄၈၊ ပုဒ်မ ၂၆၄ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးနှင့် သက်ဆိုင်သည့် ပုဒ်မ ၃၂၂၊ ရွေးကောက်ပွဲ ကော်မရှင်နှင့် သက် ဆိုင်သည့် ပုဒ်မ ၄၀၂ တို့ကို ပြင်ဆင်ရန် တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း USDP ပါတီ ကိုယ်စားလှယ် ဦးသိန်းထွန်း ပထမ အကြိမ်အဖြစ် တင်သွင်းခဲ့သည့် အခြေ ခံဥပဒေ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ ဥပဒေ မူကြမ်းရေးဆွဲရေး လုပ်ငန်းစဉ်များတွင် တပေါင်းတည်း ထည့်သွင်းရန် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဒေါက်တာ မောင်သင်း တင်ပြခဲ့သည့် ဥပဒေ မူကြမ်း၌ သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ ခန့်အပ်ရေး နှင့် ဆိုင်သည့် ပုဒ်မ ၂၄၈ တွင် သမ္မတက ဝန်ကြီးများ ခန့်အပ်ရာတွင် “ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး ဝန်ကြီးချုပ် များ နှင့် ညှိနှိုင်း၍”ခန့်အပ်ရန် ဟုလည်းကောင်း၊ ပုဒ်မ ၂၆၄ တွင် သမ္မတက တာဝန်မကျေသည့် တိုင်းဒေသကြီး ပြည်နယ် ဝန်ကြီး၊ ဝန်ကြီးချုပ်များကို နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်ဆိုသည့် စကားရပ်တွင် “ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ကာကွယ် စောင့် ရှောက်ရန် လစ်ဟင်းခဲ့လျှင်” ဟူသည့် စကားရပ်ကို ထပ်မံ ဖြည့်စွက်ရန် တင်ပြခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များ ဖြစ်သည့် ပုဒ်မ ၃၂၂ (ခ) တပိုဒ်လုံးအစား “လွှတ်တော် အသီးသီးက ပြဋ္ဌာန်းသည့် ဥပဒေများသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိမရှိ စိစစ်ခြင်း”ဟု အစားထိုးပေးရန် တင်ပြထားသည်။
ပုဒ်မ ၄၀၂ တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အတည်ဖြစ် စေရ မည် ဟုသည့် နေရာတွင် ဆုံးဖြတ်များအပေါ် ကျေနပ်မှုမရှိပါက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံပိုင်ခွင့် ရှိသည်ဟု ပြင်ဆင်လိုခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လေ့လာ စိစစ်၍ အစီရင်ခံစာတင်ပြရန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်း ကော်မတီကို လွှတ်တော်က တာဝန်ပေးခဲ့သည်။
ယင်းပူးပေါင်း ကော်မတီ၏ အဖွဲ့ဝင် ဖြစ်သော ဦးဘရှိန်က ယခု ဥပဒေမူကြမ်းသည် ပြင်ဆင်သည့် ဥပဒေမူကြမ်းတခု၏ ရေး ထုံးနှင့် ညီညွှတ်ခြင်း မရှိ၍ လွှတ်တော်က လက်ခံ ဆွေးနွေးရန် မသင့်ဟု အကြံပြုတင်ပြခဲ့သည်။
ကော်မတီ အဖွဲ့ဝင်များဖြစ်သော ဦးစတီဖန်၊ ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် တင့်လွင်တို့က ယင်းဥပဒေ မူကြမ်းကို အခြေခံဥပဒေ အခန်း ၁၂ ပါ ပြဋ္ဌာန်းချက်များ၊ လွှတ်တော်ဥပဒေ နည်းဥပဒေများနှင့် အညီ လွှတ်တော်၌ ဆက်လက် ဆွေး နွေးသင့်သည်ဟု အကြံပြုခဲ့သည်။
တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် မောင်မောင်က “ ဦးသိန်းထွန်း တင်သွင်းတဲ့ တင် သွင်းလွှာတုန်းကလည်း ဒီ်လိုပဲ ပြောခဲ့တယ်။ အခုလည်း ဒေါက်တာ မောင်သင်းတို့ဟာကိုလည်း ဒီအတိုင်းပဲ ဆက်လုပ် ဖို့ ကျနော် ပြောတာ ဖြစ်ပါတယ်။ ဥပဒေနဲ့ အညီလုပ်ထားတာ ဖြစ်လု့ိ ဥပဒေအတိုင်းပဲ ဆက်ပြီးတော့ လုပ်သွားဖို့ ပြော တာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ကျန်ရှိသည့် ကော်မတီအဖွဲ့ဝင်များကမူ ယခုနှစ် ဖေဖော်ဝါရီလက ဦးသိန်းထွန်း တင်သွင်းခဲ့သော ပြင်ဆင်သည့် ဥပဒေ မူကြမ်းအပေါ် လွှတ်တော်က အဆုံးအဖြတ် ပြုခဲ့သော လုပ်ငန်းစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်သင့် သည်ဟု အကြံပြုခဲ့ကြောင်း ပူပေါင်း ကော်မတီက လွှတ်တော်တွင် တင်ပြခဲ့သည်။
ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ နိုင်ငံရေးပါတီ ၁၄ ခု၊ တသီး ပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော် မတီက ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို ပါရှိသည့် အစီရင်ခံစာ တရပ် ပြုလုပ်ပြီး ဇူလိုင် ၁၅ ရက်နေ့ တွင် ပြည် ထောင်စု လွှတ်တော်သို့ တင်ပြထားပြီး ဥပဒေမူကြမ်းတရပ် ရေးဆွဲနိုင်ရန် ဆောင်ရွက်လျက်ရှိ သည်။
လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက ၎င်းတို့၏ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုပေးရန် တင်ပြခဲ့ပြီး လွှတ်တော် ဥက္ကဋ္ဌက ယင်းကိစ္စအပေါ် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယခုလ ၁၉ ရက် နောက်ဆုံးထား၍ လွှတ်တော်သို့ အမည်စာရင်းပေးရန် ကြေညာထားသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော် မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ပြည်နယ်၊ တိုင်း ကိုယ်စားလှယ်အချို့ စည်းကျော်၊ ဘောင်ကျော် ဖြစ်နေသလား
ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော
ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းထက် အသစ်ရေးဆွဲလိုခြင်း သဘောသက်ရောက်နေ ဟု ရခိုင်အမတ် ထောက်ပြ
ဖွဲ့စည်းပုံ ပြင်ဆင်ချက် ဆွေးနွေးမည့် တပ်ကိုယ်စားလှယ် စာရင်း ပြန်လည်ရုတ်သိမ်း