မြန်မာ့ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သည့် သတင်းတပုဒ်တွင် မောင်တောဒေသရှိ နေရပ်စွန့်ခွာသူများကို “နေရပ်စွန့်ခွာသော တိုင်းရင်းသားများ” ဟု သြဂုတ်လ ၁၂ ရက်နေ့က မှားယွင်းဖော်ပြမှုကြောင့် တာဝန်ရှိသူများ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှု ခံနေရကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက မောင်တောဒေသရှိ ပြန်လည် လက်ခံရေးစခန်းများ ကြည့်ရှု့ စစ် ဆေးသည့် သတင်းတွင် အိုးထိန်းစခန်းတွင် “နေရပ်စွန့်ခွာသွားသူများ” ကို ကြည်ရှု့ စစ်ဆေးဟု ဖော်ပြရမည် ဖြစ်သော်လည်း “နေရပ် စွန့်ခွာသော တိုင်းရင်းသားများ” ဟု မှားယွင်းဖော်ပြမိခဲ့ခြင်း ဖြစ်သည်။
သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက “အဲဒီနေ့က သတင်းစာ ၃ စောင်နဲ့ ရုပ်မြင်သံကြားမှာ မှားယွင်းသွားတဲ့ ဖော်ပြချက် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြောချင်တာက ဒီအသုံးအနှုန်း ဒီဝေါဟာရသည် နိုင်ငံတော် အစိုးရရဲ့ မူ၊ နိုင်ငံတော် အစိုးရရဲ့ အာဘော် လုံး၀ မဟုတ်ပါဘူး” ဟု ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ မူဝါဒပြောင်းလဲခြင်း တစုံတရာ မရှိကြောင်း၊ ယခု ပြဿနာ ပေါ်ပေါက်လာသဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ခေါ်ယူမေးမြန်း စိစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း သမ္မတရုံးက ပြောသည်။
စိစစ်သည့် အခါတွင် ယခု သတင်းကို စတင်းပြီး ရေးသားသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တာဝန်ရှိသည်ကို တွေ့ရကြောင်း၊ ထို့ပြင် ယခု သတင်းကို တည်းဖြတ်ပြီး သတင်းစာ၊ ရုပ်သံများတွင် ဖော်ပြသည့် ပြန်ကြားရေး ဝန်ကြီးဌာနတွင် တာဝန်ရှိကြောင်း ဦးဇော်ဌေးက ပြောသည်။
၎င်းက “ဒီဝန်ကြီးဌာန ၂ ခုမှာ ဒီကိစ္စပေါ့နော်၊ ဒီစကားလုံး မှားယွင်းပြီး ဖော်ပြတဲ့အတွက် အထင်အမြင် လွဲမှား ဖွယ်ရာတွေ ဖြစ်သွားတဲ့ အတွက် တာဝန်ရှိသူတွေကို ဌာနဆိုင်ရာ စစ်ဆေးအရေးယူမှုတွေ လုပ်ခိုင်းထားပါတယ်။ လက်ရှိကာလမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ ဌာနဆိုင်ရာ အရေးယူမှုလုပ်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။
ပြန်ကြားရေး ဝန်ကြီးဌာနကမူ အထက်ပါအတိုင်း သတင်းဖော်ပြမှု မှားယွင်းခဲ့သဖြင့် မေတ္တာရပ်ခံချက်ဟု ခေါင်းစဉ် တပ်ပြီး ပြင်ဆင် သိမှတ်ပေးပါရန်ဟု ထုတ်ပြန်ချက်တစောင်ကို သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သို့သော် မှားယွင်းမှုအတွက် တောင်းပန်မှု မလုပ်ခဲ့ပါ။
မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် ကိစ္စများသည် အလွန် ထိလွယ်ရှလွယ်သော ကိစ္စရပ်များ ဖြစ်သည်။
ရခိုင် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့က ၂၀၁၇ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာ၏ ဖိအား ပေးမှုများကို မြန်မာ အစိုးရ ရင်ဆိုင်နေရသည်။
ယခုလည်း လာမည့် တပတ်အတွင်း မွတ်စလင် ဒုက္ခသည်တချို့ နေရပ်ပြန်ရေး လုပ်ငန်းစဉ်များကို ပြန်လည် စတင်မည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောဆိုလာသော်လည်း လက်တွေ့ ဖြစ်၊ မဖြစ် မသေချာသေးပေ။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ဒုက္ခသည် ပြန်လည်ပို့ဆောင်ရေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလက သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း အကောင်အထည်ဖော်မှုများ အကြိမ်ကြိမ် မအောင်မမြင်ဖြစ်ကာ နှောင့်နှေးမှုအတွက် တဖက်နှင့်တဖက် အပြန်အလှန် အပြစ်တင်လျက် ရှိသည်။
၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဒုက္ခသည်များ ဆန္ဒအလျောက် နေရပ်ပြန်ပြီး ပြန်လည်ပေါင်းစည်းနိုင်ရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)၊ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှု စာချွန်လွှာ (MOU) လက်မှတ် ရေးထိုးနိုင်ခဲ့သည်။