နေပြည်တော် Wisdom Hill တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသည့် မူကြိုကျောင်းသူ ဗစ်တိုးရီးယား အမှုနှင့် ဆက်စပ်နေသူများ ထွက်မပြေးနိုင်ရန် အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အာမခံထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ယနေ့ နေပြည်တော်ရှိ သမ္မတ အိမ်တော်၌ ၂ ပတ်တကြိမ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများ မေးမြန်း မှုကို ယင်းသို့ ပြန်လည် ဖြေရှင်းခဲ့ခြင်း ဖြစ်သည်။
ဦးဇော်ဌေးက“ဒီအမှုနဲ့ ဆက်နွယ်တဲ့လူတွေ တိမ်းရှောင်တာတို့၊ ထွက်ပြေးတာတို့ မဖြစ်ဖို့ကတော့ ရဲတပ်ဖွဲ့က အာမခံ ထားပြီး ဖြစ်ပါတယ်”ဟု ပြောသည်။
သြဂုတ် ၁၄ ရက် ရုံးချိန်းတွင် တရားခွင် စစ်ဆေးမှု၌ ဗစ်တိုးရီးယား ကိုယ်တိုင် ထွက်ဆိုထားသည့် ဗီဒီယိုဖိုင်ကို ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက တင်ပြခဲ့ရာ တရားရုံးက လက်ခံခဲ့သည်။
အဆိုပါ Vedio ဖိုင်၌ ဗစ်တိုးရီးယားက“မီးမီးကို လုပ်သည့် ကိုကိုများမှာ ဒီကိုကိုများ ဖြစ်သည်”ဟု ကျောင်း ကြီးကြပ် ရေးမှူး ၏သားများ ဖြစ်သည့် ကိုကို ၊ ညီညီ ဓာတ်ပုံများကို ခဲတံဖြင့် ထောက်ပြပြီး၊ တရားခံဟု ယူဆရသည့် အောင်ကြီး ကို မသိကြောင်း၊ ကိုကို၊ ညီညီ လုပ်သည်ကို ဆရာမနှင်းနု သိကြောင်း အစရှိသည်များ ပြောဆိုထားသည်ဟု အမှုကို လိုက်ပါ ဆောင်ရွက်နေသူ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က အဆိုပါ ရုံးချိန်း အပြီး မီဒီယာများကို ပြောဆို ထားသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ သမ္မတရုံး၏ သဘောထားမှတ်ချက်မှာ အမှုမှန် ဖော်ထုတ်ရေးကို အလေးထားပြီး ဆောင် ရွက်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ အကယ်၍ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများက တာဝန်ယူရမည်ဟု သမ္မတက မှာကြားထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။
၎င်းက“တကယ်လို့ အမှုမှန်၊ တရားခံ အမှန် မဖော်ထုတ်နိုင်ဘူး ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ၊ တာဝန်ယူမှု၊ တာဝန် ခံမှု ယူရလိမ့်မယ်။ အဲဒါလည်း ကျနော်တို့ ပြတ်ပြတ်သားသား ပြောထားပြီးသား ဖြစ်တယ်”ဟု ပြောဆိုသည်။
အမှုအနေဖြင့်လည်း တရားရုံးတွင် စစ်ဆေးနေဆဲ ကာလ ဖြစ်သည့် အတွက် တရားရုံး၏ ဆောင်ရွက်နေမှု အပေါ် အုပ်ချုပ် ရေးပိုင်း အနေဖြင့် တစုံတရာ မှတ်ချက်မပေးလိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနှင့် ဥပဒေ ပြုရေးသည် သီးခြားစီ ပိုင်းခြားကျင့်သုံးနေခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
၎င်းက“တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ တစုံတရာ လွှမ်းမိုးနိုင်တဲ့ဟာတွေ မရှိအောင် ကျနော်တို့ ဂရုစိုက်ရပါတယ်။ အဲဒီ အတွက် ကျနော်တို့ဘာမှတော့ မှတ်ချက် မပေးလိုဘူး”ဟု ဆက်ပြောသည်။
အဆိုပါ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့်ကျောင်းသူ ကလေးငယ်မှာ ယခုနှစ် မေလ ၁၇ ရက်နေ့က လိင် အကြမ်း ဖက်ခြင်းခံရသည်ဟုဆိုကာ ထိုကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံခဲ့ရသော အမှုတွင် သံသယ တရားခံ အဖြစ် အဆိုပါကျောင်းမှ ကျောင်း ကြီးကြပ် ရေးမှူး ၏ ကားဒရိုင်ဘာဖြစ်သူ အောင်ကြီးကို စွပ်စွဲ၍ ရဲတပ်ဖွဲ့က ဇူလိုင်လဆန်းပိုင်းက ဖမ်းဆီးပြီး တရားရုံး တင် ခဲ့သည်။
တရားစွဲတင် ခံထားရသူ သံသယ တရားခံ အောင်ကြီးကို နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် ၄ ကြိမ် မြောက် ရုံးထုတ် စစ်ဆေးခဲ့ပြီး ဖြစ်သည်။
အဆိုပါ ပုဂ္ဂလိကကျောင်းတွင် အသက် ၃ နှစ်မပြည့်သေးသည့် ကလေးငယ် မဖွယ်မရာ ပြုကျင့်ခံရသည့် အမှုနှင့် ပတ် သက်၍ တရားဝင် ခွင့်ပြုချက်မရဘဲ ဖွင့်ထားသည့် ကျောင်းဖြစ်သည့် အတွက် အရေးယူသွားမည်ဟုလည်း ပြီးခဲ့သည့် ဇူ လိုင် ၅ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုထားသည်။