မိုင်းခွဲ ဖျက်ဆီးခံလိုက်ရသော ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မန္တလေး-မူဆယ် လမ်းပိုင်း နောင်ချိုနှင့် ကျောက်မဲကြားတွင် ရှိသည့် ဂုတ်တွင်း တံတား ဖြစ်စဉ်ကြောင့် ကုန်သွယ်မှု ထိခိုက်မည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နှင့် ကုန်သွယ်ရေး ကျဆင်းနေချိန် ဖြစ်၍ ဂုတ်တွင်းတံတား မိုင်းခွဲ ဖျက်ဆီးခံရခြင်းသည် ကုန်သွယ် ရေးတွင် ကြီးမားသော သက်ရောက်မှု မရှိသော်လည်း နောင်တွင် အာဆီယံ အဝေးပြေးလမ်းမကြီး၌ မန္တလေး-မူဆယ် လမ်းပိုင်းလည်း ပါဝင်လာမည် ဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး လုံခြုံမှုမရှိပါက နိုင်ငံအတွက် နစ်နာနိုင်သည်ဟု ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်း) ဥက္ကဋ္ဌ ဦးမျိုးဆွေက ဧရာဝတီကို ပြော သည်။
၎င်းက“နိုင်ငံတကာနဲ့ အလုပ်လုပ်တဲ့အခါ လမ်းပန်း ဆက်သွယ်ရေး လုံခြုံမှု မရှိရင် ကုန်သွယ်မှုမှာလည်း အခက်အခဲ ဖြစ်သလို နိုင်ငံတော် အတွက်လည်း ရသင့်ရထိုက်တဲ့ အကျိုးအမြတ်တွေ ဆုံးရှုံးနိုင်မယ်”ဟုလည်း ဆိုသည်။
နိုင်ငံပေါင်း ၃၂ နိုင်ငံကို ကူးသန်းရောင်းဝယ်ရေး အရ ဖြတ်သန်းသွားလာမည့် လမ်းပိုင်းတခု ဖြစ်သော အာဆီယံ အဝေး ပြေး လမ်းမကြီးသည် ကီလိုမီတာ ၁ သိန်း ၄ သောင်းကျော် ရှည်လျားပြီး မန္တလေး-မူဆယ်လမ်းပိုင်းသည် အာဆီယံ အဝေးပြေး လမ်းမကြီး “AH 14” တွင် ပါဝင်သည့် လမ်းကြောင်းတခု ဖြစ်သည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
တရုတ်-မြန်မာ ကုန်သွယ်မှု ပမာဏ အားလုံး၏ ၆၀ ရာခိုင်နှုန်းသည် နယ်စပ်မှ ကုန်းလမ်းဖြင့် ကုန်သွယ်ခြင်း ဖြစ်ပြီး မန္တလေး-မူဆယ်လမ်းပိုင်းသည် အဓိက လမ်းပိုင်းအဖြစ် အချက်အချာကျ၍ လက်ရှိ မိုးရာသီဖြစ်ခြင်း၊ တရုတ်နှင့် ကုန် သွယ်ရေး မူဝါဒ အပြောင်းအလဲများကြောင့် ယခင်နှစ်များထက် ကုန်သွယ်မှုသည် ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းနေခြင်း တို့ကြောင့် ကြီးမားသော သက်ရောက်မှု မရှိသေးဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များက ဧရာဝတီကို ပြောပြ သည်။
မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းမှ ကိုဇော်မြင့်ဦးက“အခုကတော့ လုံခြုံရေးက စိတ်ပူရသလို ကုန်က လည်း ပါးနေတဲ့အချိန် အခုလို တံတားကျိုးတော့ စောင့်ကြည့် အခြေအနေနဲ့ပဲ နေနေရတဲ့ အချိန်ပါပဲ။ ဒါပေမယ့် ရေ ရှည်မှာ လမ်းပန်း ဆက်သွယ်ရေး လုံခြုံမှု အားမကောင်းရင်တော့ ကျနော်တို့ ဂိတ်တွေတင်မက ကုန်သည်တွေ၊ ခရီး သွား ပြည်သူတွေ အတွက်ပါ နစ်နာနိုင်မယ်”ဟု ဧရာဝတီကို ပြောသည်။
လက်ရှိ ကုန်သွယ်မှုပါးချိန် မန္တလေး-မူဆယ်လမ်းပိုင်း၌ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၁၀၀ ဝန်းကျင်ခန့် အသွား အလာ ရှိပြီး ကုန်စည်စီးဆင်းမှု ကောင်းချိန်တွင် မန္တလေးမှ မူဆယ်သို့ အတက်ကား သီးသန့် အစီးရေ ၁၀၀၀ ကျော် အထိ ရှိကြောင်း ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း (မန္တလေးတိုင်း)က သိရသည်။
သြဂုတ် ၁၅ ရက် နံနက် ၅ နာရီမှ စတင်ကာ ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ်များရှိ တပ်နှင့် သက်ဆိုင်သော အဆောက် အအုံတချို့နှင့် နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်တို့တွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြပြီး နံနက် ၁၁ နာရီတွင် ဂုတ်တွင်း တံတား မိုင်းခွဲ ဖျက်ဆီး ခံခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အရပ်သားများ အပါအဝင် တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၁၀ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဂုတ်တွင်းတံတား ပျက်စီးသွားသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက် သွား ကာ အိမ်စီးယာဉ်နှင့် ခရီးသည်တင်ယာဉ်များ အပါအဝင် ကုန်တင်ကားကြီးများလည်း ဖြတ်သန်း မရတော့ဘဲ အဆိုပါ လမ်းပိုင်း အတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် အတွင်းရှိ ဂုတ်တွင်းတံတားသည် ယင်းလမ်းပိုင်းတွင် အခြားဖြတ်လမ်းမရှိဘဲ ဂုတ်တွင်းချောင်းကို ဖြတ်ကာ တံတားထိုးပြီးသွားလာရခြင်း ဖြစ်၍ အရေးပါသော တံတားတစင်းဖြစ်ရာ တံတား ဖျက်ဆီး ခံလိုက်ရသဖြင့် သြဂုတ်လ ၁၅ ရက် နေ့လယ်ပိုင်းမှ စတင်ကာ မန္တလေး-မူဆယ်လမ်းပိုင်း ပြတ်တောက်သွားရသည်။
ထို့ကြောင့် ကုန်စည်စီးဆင်းမှုများမှာလည်း လတ်တလော၌ ရပ်တန့်နေသည့်အပြင် ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု လည်း ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။
ထို့ကြောင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနက သြဂုတ် ၁၆ ရက်မှ စတင်ကာ ၅ ရက်အတွင်း နှစ်လမ်း သွား ဘေလီတံတား ၁ စင်း အမြန်ဆုံး ထိုးပေးမည် ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းမှ စတင်ကာ လိုအပ်သော တံတား သံပေါင် ဘေလီများအား ပေးပို့လျက် ရှိကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။