ထိုင်းနိုင်ငံ ဖူးခက် ခရိုင်ရှိ ကွန်ဒိုမီနီယံ ဆောက်လုပ်ရေး လုပ်ကွက်တခုတွင် သြဂုတ်လ ၁၁ ရက်က ငြမ်းပြိုကျ၍ မြန်မာ အလုပ်သမား ၃ဦးရာ ၎င်းတို့၏ မိသားစုများထံသို့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ဗုဒ္ဒဟူးနေ့တွင် ငွေကြေး ထောက်ပံ့မှု ပေးခဲ့ကြောင်း The Nation သတင်းက ဆိုသည်။
မြန်မာလုပ်သား ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရသည့် ဖြစ်စဉ်တွင် တာဝန်ရှိသူ စီမံကိန်းကြီးကြပ် အင်ဂျင်နီယာတဦးကို ထိုင်းရဲက သြဂုတ်လ ၁၃ ရက်တွင် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ ပြောခွင့်ရသူ ရဲမှူးကြီး ကရစ်ဆနာ ပက်တာနာ ချာရွန်းက ပြောသည်။
ဗာဂျီရာ ဖူးခက်ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရသော လုပ်သားနှစ်ဦးနှင့် ဆေးရုံမှဆင်းပြီးသူ လုပ်သား ၆ ဦးတို့မှ အပ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် သေဆုံးခဲ့သူ ပေသီး၊ တင်ထွန်းနှင့် မင်းနိုင်တို့၏ ဈာပနသို့ ထိုင်းအလုပ်သမား ဝန်ကြီး၏ အကြံပေး ချက် ပွန်ချိုပက် က သွားရောက် ခဲ့ပြီး ကျန်ရစ်မိသားစုများ ထံသို့ ထိုင်းလူမှုလုံခြုံရေး ရုံး၏ အထောက် အပံ့အဖြစ် ကနဦးငွေသား ကူညီမှု ဘတ်ငွေ ၃၃,၀၀၀ ပေးအပ်ခဲ့သည်။
ထိခိုက် နစ်နာခဲ့သော လုပ်သားများအတွက် ထိုင်းအစိုးရ လျော်ကြေးအဖြစ် သုံးရစ်ခွဲ ပေးအပ်သွားမည် ဖြစ်ကြောင်း မစ္စတာ ချက် က ပြောကြားခဲ့သည်။ ပွန်းပဲ့ ဒဏ်ရာရရှိခဲ့သော လုပ်သား ၆ ဦးကိုလည်း ဆေးဝါးကုသစရိတ်ကို ထိုင်း အလုပ်သမား ဝန်ကြီးဌာနက ပေးအပ်သွားမည်ဖြစ်ပြီး ဒဏ်ရာပြင်းထန် သူ ၂ ဦးကို ၎င်းတို့ အသက်မွေးဝမ်းကျောင်း နစ်နာမှုလျော်ကြေးအဖြစ် ဘတ်ငွေ ၅ သိန်းမှ ၂ သန်း အထိ ကုသစရိတ် ထုတ်ပေးမည်ဟု သိရသည်။
သေဆုံးလုပ်သားများ၏ ကျန်ရစ်သူ မိသားစုများသည် ထိုင်းအစိုးရ လျော်ကြေး ထပ်ဆောင်းငွေ အဖြစ် ဘတ်ငွေ ၇၅၀,၀၀၀ ရရှိမည် ဖြစ်သည့်အပြင် အာမခံကုမ္ပဏီက လျော်ကြေးလည်း ထပ်မံရ ရှိမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထိုင်းတောင်ပိုင်း ပြည်နယ် ၁၄ ခု၏ မြန်မာ အလုပ်သမား သံအရာရှိ ဦးကျော်စိုးဝေက ကနဦးက ထောက်ပံ့ငွေ ထိုက်ထိုက်တန်တန် ရသဖြင့် ၎င်းအနေဖြင့် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။
မစ္စတာ ချက် နှင့် ဦးကျော်စိုးဝေတို့သည် အခင်းဖြစ်ပွားရာ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး ယင်းကွန်ဒိုမီနီယံ စီမံကိန်းတာဝန်ရှိသူများနှင့် ကန်ထရိုက်တာများအား တွေ့ဆုံခဲ့သည်။
စီမံကိန်း ပိုင်ရှင်ဖြစ်သည့် VIP Thailand လီမိတက်မှ လက်ထောက် မန်နေဂျင်းဒါရိုက်တာ ကရိုင်ချတီ ချန်းဆက်ပါကစ် က စာနာ ထောက်ထားကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ကုမ္ပဏီအနေဖြင့် ထိခိုက် နစ်နာခဲ့သည့် လုပ်သားများအတွက် ဆေးဝါးကုသစရိတ်၊ သေဆုံးသူများအတွက် ဈာပန စီစဉ်ပေးမှုနှင့် အခြား ဆက်စပ် အသုံးစရိတ်များဖြင့် ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း ရှင်းပြခဲ့သည်။