ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ တပ်မတော် တပ်ရင်းဌာနချုပ် တခုကို ယမန်နေ့ညပိုင်းက လက်နက်ကြီးဖြင့် လာရောက် တိုက်ခိုက်ခံခဲ့ရသော်လည်း စစ်သည်များ ထိခိုက်မှုမရှိကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
“ကျောက်မဲမှာ တပ်ရင်း ဌာနချုပ်ကို RPG နဲ့ ၃ ချက်လောက် အဝေးက ပစ်သွားတယ်။ RPG နဲ့က လူတယောက် ၂ ယောက်နဲ့ လာပစ်ပြီး ပြေးတဲ့သဘောပဲ။ တပ်အပြင်ဘက် ရှေ့ဘက် ခြံစည်းရိုး အပြင်ကို ကျတယ်။ စစ်သည် ထိခိုက်မှု လုံးဝ မရှိဘူး။ မနေ့က ည ၉ နာရီလောက်က လာပစ်တာ”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပြသည်။
ထို့ပြင် သိန္ဒီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းပေါ်ရှိ တံတားတစင်း မိုင်းခွဲ တိုက်ခိုက်ခံရသည်ဟု ဦးစွာ ကြားသိရကြောင်း၊ ကွမ်းလုံ တံတားကြီး မဟုတ်ဘဲ ယင်းတံတားကြီးနှင့် ၄ မိုင်အကွာတွင် ရှိသည့် တံတားလေးတစင်း ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။
မည်သည့်အဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
သြဂုတ်လ ၁၅ ရက်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့ ပူးပေါင်းအဖွဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွား ကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ် ၂၈၂၁ သိန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်းနှင့် ဂုတ်တွင်း တံတားတို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တံတားကို အပြီးတိုင် လုံးဝ ဖောက်ခွဲပစ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်နိုင်ကြောင်း၊ တံတား အနီးတွင် ဆီပုံးများ၊ ယမ်းတောင့်များစွာ တွေ့ ရှိခဲ့ရ၍ ဖြစ်ကြောင်း တပ်မတော်က ပြောသည်။
“သူတို့ ရည်မှန်းတာ တံတားကို အပြီးအတိုင် ဖောက်ခွဲပစ်ဖို့ ဖြစ်နိုင်တယ်။ တပ်က အချိန်မီရောက်ပြီး ခုခံလို့ ပထမ အဆင့် တံတားလေးပဲ ခွဲသွားနိုင်တာ။ ပြန်ခံမပစ်နိုင်ရင် တံတားတခုလုံးက တော်တော်လေး အခြေအနေ ဆိုးသွားမယ့် သဘောရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ထို့ပြင် ပြင်ဦးလွင်မြို့အထွက်တွင် တွေ့ရှိရသည့် ၁၀၇ မမ ဒုံးသီးများ ဖြစ်သော ရှောတိုက်ဒုံးများသည် မပစ်ဘဲ ထားခဲ့ ခြင်း မဟုတ်ဘဲ ပစ်သော်လည်း ကျည်မထွက်၍ ကျန်ခဲ့သည်များ ဖြစ်ကြောင်း၊ လူမှုကွန်ရက်တွင် ပျံ့နှံ့နေသလို မြို့ကို ချိန်ထားခြင်း မဟုတ်ဘဲ တပ်မတော် နည်းပညာ တက္ကသိုလ်ကို ချိန်ထားခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။
ပြင်ဦးလွင် စစ်သင်တန်းကျောင်း အပါအဝင် အနည်းဆုံး နေရာ ၅ ခုကို တိုက်ခိုက်ခဲ့သည်မှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ယခုလို တိုက်ခိုက်ရခြင်းသည် ၎င်းတို့ နယ်မြေတွင် ထိုးစစ်များ ပြင်းထန်လာသဖြင့် စစ်မျက်နှာ ပြောင်းရန် ကြိုးစားရခြင်း ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောဆို ထားသည်။
အစိုးရ၏ ပြောခွင့်ရပုဂ္ဂိုလ် သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ဂုတ်တွင်း ရဲစခန်း အပါ အဝင် နေရာ ၆ ခုကို မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်များက အကြမ်းဖက် တိုက်ခိုက်ခဲ့သော်လည်း တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ အတွက် အစိုးရက ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဆဲ ဖြစ်ကြောင်း ယမန်နေ့က နေပြည်တော် တွင် သတင်းထောက်များကို ပြောသည်။
တပ်မတော်ကမူ မြောက်ပိုင်းအဖွဲ့များ ယခုလို တိုက်ခိုက်ခြင်းသည် ၎င်းတို့၏ မူးယစ်ဆေး ထုတ်လုပ်မှုများကို တပ်မတော်က ဝင်ရောက် ရှင်းလင်းခဲ့၍ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စက်များ၊ ဆက်စပ်ပစ္စည်းနှင့် လက်နက်များ အပါအဝင် ကျပ် ၁၆ ဘီလီယံကျော်ဖိုး ရှိသည်ဟု ဆိုသည်။
သို့သော် မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမှာ မူးယစ်ဆေးဝါးကိစ္စကြောင့် တုံ့ပြန်ခြင်း မဟုတ်ကြောင်း မီဒီယာများသို့ ထုတ်ဖော် ပြောဆိုထားသည်။
You may also like these stories:
အကြမ်းဖက် တိုက်ခိုက်ခံရသော်လည်း ငြိမ်းချမ်းရေး တံခါး ဆက်ဖွင့်ထားဟု သမ္မတရုံး ပြော
ဂုတ်တွင်း ရဲကင်း တိုက်ခိုက်ခံရမှုတွင် တပ်မတော်သားများ ကျဆုံး
တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြန်လုပ်
တပ်မတော် နည်းပညာတက္ကသိုလ်ကို TNLA နှင့် မဟာမိတ်များ တိုက်ခိုက်