ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများထဲမှ ၃ ထောင်ကျော်ကို သြဂုတ်လအတွင်း စတင်လက်ခံရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြောဆိုထားကြောင်း နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
လတ်တလောဖြစ်ပွားနေသော နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့်ပတ်သက်ပြီး နေပြည်တော် သမ္မတ အိမ်တော် ဝန်းအတွင်း၌ သြဂုတ် ၁၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောဆိုခြင်းဖြစ်သည်။
အဆိုပါ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးအတွက် သြဂုတ်လ ဒုတိယပတ်အတွင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် တွေ့ဆုံ ညှိနှိုင်းခဲ့ကြောင်း ဦးဇော်ဌေးက ပြော သည်။
ဘင်္ဂလားဒေ့ရှ်ဘက်က ပေးပို့ထားသည့် ပြန်လာလိုသူများအနက်မှ အမှန်တကယ်နေထိုင်ခဲ့သူ ဟုတ်မဟုတ် နှင့် အကြမ်း ဖက်မှုများတွင် ပါဝင်ခြင်းရှိမရှိ စိစစ်ထားပြီးသည့် ၃၄၅၀ ကို စတင် လွှဲပြောင်းပေးရန် မြန်မာဘက်က အဆိုပြု ထားခြင်းဖြစ်သည်ဟု သိရသည်။
“မြန်မာဘက်က အဆိုပြုထားတဲ့ ၃၄၅၀ ကို အစောဆုံးလက်ခံဖို့ ပြောထားပါတယ်။ အချိန်ကာလကတော့ လာမယ့် သြဂုတ်လ ၂၂ရက်နေ့ စတင်ပြီး လက်ခံနိုင်ဖို့ ညှိနှိုင်းထားတာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ဆိုသည်။
အဆိုပါ ၃၄၅၀ ကို အုပ်စု ၇ ခုစီဖြင့် အသုတ်လိုက် ပြန်လည် လက်ခံသွားရန် စီစဉ်ထားကြောင်း သိရသည်။
“အသုတ်လိုက် ဆိုတာကလည်း ပြန်နေရာချထားတဲ့အချိန်မှာ တကွဲတပြားစီ တယောက် တနေရာစီဖြစ်မနေဘဲ နေလို့ ရအောင် အဆိုပြုတာဖြစ်တယ်။ ဒီ ၃၄၅၀ ကို ပြန်လွှဲပြောင်းပေးမယ်ဆိုရင် ချက်ချင်းလက်ခံနိုင်ပါတယ်”ဟု ဦးဇော်ဌေး က ပြောသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘာသာရေး ရုံးပိတ်ရက်ရှည် ရှိနေ၍ အဆိုပါ လူဦးရေ ၃၄၅၀ ကို လွှဲပြောင်းပေးနိုင် ရေး နှင့်ပတ်သက်ပြီး လာမည့် ရက်သတ္တပတ်အတွင်း မြန်မာဘက်သို့ ပြန်လည် အကြောင်းပြန်ရန် ပြောဆိုထားသည် ဟု လည်း သိရသည်။
ယခုလ ၄ ရက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူလ် မိုမန်က ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်ပြီး နေရပ်စွန့်ခွာသူ လူဦးရေ အနည်းငယ်ကို ယခုလအတွင်း လွှဲပြောင်းပေးနိုင်ရန် မျှော်လင့်သည်ဟု ပြောဆို ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့ အခြေစိုက် Daily indenpendent သတင်းတွင် ဖော်ပြထားသည်။
မိမိသဘောဆန္ဒ အလျောက် နေရပ်ပြန်လာလိုသည့် ဟိန္ဒူဘာသာဝင် ၅၀၀ ခန့်ကို ပြန်လည်လက်ခံရေး အစီအစဉ် ချောမွေ့ စေရေးအတွက် ပထမဆုံးအသုတ်တွင် ထည့်သွင်းပေးရန် ဘင်္ဂလားဒေ့ရှ်ဘက်ကို မြန်မာဘက်က တောင်းဆို ထားသည်ဟုလည်း ဦးဇော်ဌေးက ပြီးခဲ့သော သတင်းစာ ရှင်းလင်းပွဲများတွင် ပြောကြားထားသည်။
နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန်အတွက် နှစ်နိုင်ငံသဘောတူထားသည့် ၂၀၁၈ခုနှစ် နိုဝင်ဘာလကတည်း က မြန်မာဘက်မှ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ပြန်လည်လက်ခံရန် ရခိုင်ပြည်နယ်ရှိ ငါးခူရ နှင့် တောင်ပြိုလက်ဝဲ စခန်းတို့တွင် လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ထားကြောင်း ၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြင့်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူများက ပြောဆိုထားသည်။
မြန်မာနိုင်ငံသို့ ၎င်းတို့ သဘောဆန္ဒအလျောက် ပြန်လာလိုသော နေရပ်စွန့်ခွာသူအရေအတွက်မှာ ဘင်္ဂလားဒေ့ရှ် ဘက် မှ မြန်မာဘက်သို့ ပထမဆုံးအကြိမ်စာရင်းတွင် ၈ ထောင်ကျော်၊ ဒုတိယအကြိမ်စာရင်းတွင် ၂ သောင်းကျော် စာရင်း ပေးထားသည့် အတွက် ယခုတတိယအကြိမ် ၂၅၀၀၀ ကျော်စာရင်းနှင့် ဆိုပါက စုစုပေါင်း စာရင်းပေးထားသူ ၅၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။
ယခု ၃၄၅၀ မှာ ဒုတိယအကြိမ် စာရင်းပေးထားသူများ အနက်မှ စိစစ်ထားသူများဖြစ်ကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသာ နေရပ်စွန့်ခွာ မွတ်စလင်များက မြန်မာနိုင်ငံသားအဖြစ် သတ်မှတ်ပေးရန် တောင်းဆို ထားခြင်း များရှိနေသော်လည်း ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရသာ စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ အစိုးရ တာဝန်ရှိသူများက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေး အတွက် အစိုးရ လုပ်ဆောင်နေသော ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်သည် လက်ရှိအခြေအနေအရ တိုးတက်သည့် လက္ခဏာ မတွေ့ ရဘဲ တပ်နှင့် AA လက်နက်ကိုင်အဖွဲ့၏ထိတွေ့မှုများ၊ နယ်မြေမငြိမ်မသက်ဖြစ်မှုများကြောင့် ပြန်လာလိုသူများ အနေ ဖြင့် စိုးရိမ်မှုရှိနိုင်ပြီး ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို တနည်းတဖုံ နှောင့်နှေးစေနိုင်သည်ဟု ပြောဆို ထားသည်။
ပြီးခဲသည့် ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် နယ်ခြားစောင့်ရဲကင်းစခန်းများကို အကြမ်းဖက် တိုက်ခိုက် ခံရသည့် ဖြစ်စဉ်ကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဦးရေ သိန်းနှင့်ချီကာ ဘင်္ဂလားဒေ့ရှ် ဘက်သို့ ပြောင်းရွှေ့သွားခဲ့သည်။
ယင်းအတွက် ဒုက္ခသည်များပြန်လည် လက်ခံရေးအတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြား ၁၉၉၃ ခုနှစ် သဘော တူညီ ချက်ဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လက်ခံရေး မြန်မာ ကတိကဝတ်ကို အာဆီယံ ထောက်ခံ
မြန်မာကို အရေးယူမည့် ICC ၏ ခြေလှမ်းအသစ် နေပြည်တော် လက်မခံ
တိုင်းရင်းသား အသုံးအနှုန်း မှားယွင်းမှု တာဝန်ရှိသူများ စုံစမ်းစစ်ဆေးခံနေရ