ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် ကွတ်ခိုင်မြို့တို့ကို လက်နက်ကိုင် အင်အား ၂၀၀ ခန့် ယနေ့ လာရောက် တိုက်ခိုက်ခဲ့သော် လည်း တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့ မှု ဖြစ်ပွားပြီးနောက် ပြန်လည် ဆုတ်ခွာသွားကြကြောင်း သိရသည်။
ယနေ့ နံနက် ၁၀ နာရီ ဝန်းကျင်တွင် ကွတ်ခိုင်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်ပြီးနောက် နေ့လယ်ပိုင်းတွင် မြို့၏ အနောက်တောင် ဘက်မှ အင်အား ၂၀၀ ခန့်ဖြင့် မြို့ကို တိုက်ခိုက်ရန် ချည်း ကပ်လာစဉ် တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့ မှု ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ များ ပြန်လည် ဆုတ်ခွာသွားခဲ့သည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“သောင်းကျန်းသူဘက်ကတော့ အကျအဆုံးတွေ ရှိတယ်လို့ သိရတယ်။ လားရှိုးကိုလည်း အရှေ့ မြောက်ဘက်ကနေ လာတိုက်ဖို့ လုပ်နေတဲ့ ၂၀၀ လောက် ရှိတယ်။ သူတို့လည်း အကျအဆုံး များစွာနဲ့ ထွက်ပြေးသွားရတယ်။ ကွတ်ခိုင်မြို့ကို လာနှောက်ယှက်တဲ့ အဖွဲ့တွေကိုလည်း ပြန်တိုက်ထုတ်လိုက် တယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ပြောသည်။
သို့သော် လက်နက်ကိုင် အဖွဲ့များ၏ ရည်ရွယ်ချက်မှာ တပ်စခန်းများကို တိုက်ခိုက်ရန်ထက် ဆက်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန် ကြိုးစားနေခြင်း ဖြစ်၍ မြို့ ရွာများ၏ လုံခြုံရေးကို ဂရုစိုက်ရဦးမည် ဖြစ်ကြောင်း၊ ၎င်းတို့သည် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ဖြတ်တောက်ရန် ကြိုးစားနေသဖြင့် ယင်းလမ်းကြောင်းများကို ဂရုစိုက်ရန် လိုကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
“နယ်မြေတည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေး၊ လုံခြုံမှု ပြန်လည် ရရှိစေရေး အတွက် ကျနော်တို့ကတော့ ဆက်လက် ဆောင်ရွက်သွားရပါမယ်။ ဆောင်ရွက်မယ့် အစီအစဉ်တွေလည်း အစိုးရဘက်ကို တင်ပြထားပြီး ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် မနေ့က ညနေ ၅ နာရီခန့်တွင် လားရှိုး-သိန္ဒီ-ကွမ်လုံ လမ်းမကြီးပေါ်မှာရှိ တံတားတစင်း ဖောက်ခွဲ ဖျက်ဆီးခံရကြောင်း၊ ပြီးခဲ့သည့်ရက်များက ဂုတ်တွင်းတံတား၊ မန္တလေး-လားရှိုး-မူဆယ် လမ်းပေါ်ရှိ ၄၁ မိုင်တံတားနှင့် အခြားတံတား တစင်း စုစုပေါင်း ၃ စင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
“လားရှိုး-ကွတ်ခိုင်လမ်းမပေါ်မှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတွေနဲ့ ၃ ကြိမ် ထိတွေ့မှု ဖြစ်တယ်။ ပြီးရင် သိန်းနီ-ကွမ်လုံ လမ်းပေါ်မှာ တကြိမ်ဖြစ်တယ်။ ထိတွေ့ တိုက်ခိုက်မှုက ၂ ကြိမ်၊ ၃ ကြိမ်လောက် ရှိတယ်။ ထိခိုက်ကျဆုံးမှုတော့ မရှိသေးဘူး”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
သြဂုတ်လ ၁၅ ရက်က ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့ )၊ ရက္ခိုင် စစ်တပ် (AA) တို့ ပူးပေါင်းသည့် အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုးကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်များဘက်မှ ယခုလို လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်အောင် တံတားများ ဖျက်ဆီးနေခြင်းသည် တပ်မတော်ဘက်မှ စစ်ကူများ တက်မလာနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်သော် လည်း နယ်စပ်ကုန်သွယ်ရေးကို များစွာထိခိုက်လျက်ရှိ ကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည်သူ ဦးမောင်မောင်စိုးက ပြောသည်။
“ရည်ရွယ်ချက်ကတော့ လားရှိုး ဖြစ်ကောင်းမှ ဖြစ်မယ်၊ ဒီထက် ကြီးမားတဲ့ ရည်ရွယ်ချက် ရှိကောင်း ရှိနိုင်ပါတယ်။ အဓိက လမ်းတံ တား ဖြစ်တောက်တာကတော့ စစ်ကူ ဖြတ်တောက်တာပါပဲ။ ဒီအခြေအနေတွေကို ပြန်တည်ငြိမ်ဖို့ဆိုရင် အလွယ်တကူ ပြောရရင်တော့ တွေ့ဆုံဆွေးနွေးရေးပဲ။ ဒါပေမယ့် မဖြစ်နိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။
ယခု ဖြစ်နေသည့် တိုက်ပွဲများတွင် တပ်မတော်သည် ဒေသခံပြည်သူများဆီမှ သတင်းအချက်အလက် ရရှိမှု နည်းပါးသဖြင့် ယခုလို အလစ်အငိုက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု သုံးသပ်မိကြောင်း၊ တိုက်ပွဲများတွင် မည်သည့်ဘက်မှ ကျဆုံးသည် ဖြစ်စေ နိုင်ငံနစ်နာကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါက်တာမျိုးညွှန့်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
“ဒါက ကျနော်တို့ နိုင်ငံသားတွေပါ။ ဘယ်ဘက်ကပဲ ကျဆုံး ကျဆုံး နိုင်ငံအတွက် နစ်နာပါတယ်။ ဒီလိုမျိုး မဖြစ်ရအောင် ပြည်သူ တွေကလည်း ဆောင်ရွက်ရမယ်။ ကျနော်တို့လည်း စွမ်းအားရှိ သလောက် ဆောင်ရွက်သွားမှာပါ”ဟု ဒေါက်တာ မျိုးညွှန့်က ပြော သည်။
ယခုတကြိမ် မြောက်ပိုင်း မဟာမိတ်များ၏ ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာ တက္ကသိုလ်ကို စတင်တိုက်ခိုက်ပြီး မြို့အဝင်ဂိတ်ရှိ မူးယစ်ဆေးဝါး ဖမ်းသည့် X-Rays စက်ကို ဖျက်ဆီးရန် ကြိုးပမ်းမှုမှာ ပြီးခဲ့သည့် ဇူလိုင်လက ရှမ်းပြည်နယ် ကွတ်ခိုင်မြို့ရှိ ကျေး ရွာ တချို့တွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်နေမှုကို တပ်မတော်က ဝင်ရောက် ရှင်းလင်းခြင်းကို ပြန်လည် တုံ့ပြန်ခြင်းဟု အစိုးရနှင့် တပ်မတော်တို့က ယုံကြည်နေသည်။
ထိုစဉ်က ရှမ်းပြည်နယ်ရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုတွင် မြန်မာ ကျပ်ငွေ ၁၆ ဘီလီယံကျော်ဖိုး မူးယစ်ဆေးဝါးများ၊ ရိုက်သည့် စက်များ၊ ဆက်စပ်ပစ္စည်းနှင့် လက်နက်များ ပါဝင်သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့များဘက်ကမူ ၎င်းတို့၏ တိုက်ခိုက်မှုမှာ မူးယစ်ဆေးဝါးကိစ္စကြောင့် တုံ့ပြန်ခြင်း မဟုတ်ကြောင်း မီဒီယာ များသို့ ထုတ်ဖော် ပြောဆိုထားပြီး ၎င်းတို့ဒေသတွင် တပ်မတော်က စစ်ရေးအရ ဖိအားပေး လာသဖြင့် စစ်မျက်နှာ ပြောင်းပြန် ဖြစ် အောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် တပ်မတော်မှ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသည့် ၆ လ အတွင်း စစ်တိုင်း ၅ ခုတွင် တပ်မ တော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု ၆၁ ကြိမ် ရှိခဲ့ရာ ထိတွေ့တိုက် ပွဲဖြစ်ပွားမှု အများဆုံး အဖွဲ့ သည် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ TNLA နှင့် ရှမ်းလက်နက် ကိုင်အဖွဲ့ (SSA) ဝမ်ဟိုင်းအဖွဲ့တို့ ဖြစ်ပြီး စုစုပေါင်း ၄၂ ကြိမ် ရှိခဲ့ကြောင်း သိရသည်။