အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်( NLD ) ပါတီမှ ဗဟိုသုတေသနဌာနမှူး ဦးမျိုးရန်နောင်သိန်းသည် ပါတီမှ ပေးအပ်ထားခြင်းမရှိသည့် လုပ်ငန်းများကိုဆောင်ရွက်သဖြင့် ပါတီတာဝန်များမှ ရပ်ဆိုင်း သည့် ပြစ်ဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က သတင်းထောက်များကို ပြော ကြားလိုက်သည်။
ယနေ့ နေပြည်တော် စည်ပင် ဧည့်ရိပ်သာတွင် ပြုလုပ်သည့် NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင်အဖွဲ့ ( CEC ) အစည်းအဝေး၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း မီဒီယာများကို ပြောသည်။
၎င်းက “ဦးမျိုးရန်နောင်သိန်းကို မိမိအားပေးအပ် ထားခြင်း မရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်ခြင်း အတွက် ပါတီစည်းကမ်း အရ အရေးယူပြီး ပါတီတာဝန်များက ရပ်ဆိုင်းတဲ့ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ် လိုက်ပါတယ်” ဟု သတင်းထောက်များကို ပြောသည်။
ထိုသို့ ပါတီ၏ ဆုံးဖြတ်ချက် အပေါ် ပါတီစည်းမျဉ်း၊ စည်းကမ်းများအရ အရေးယူမည်ဆိုပါကလည်း လက်ခံရန် အဆင့်သင့်ရှိကြောင်း၊ သို့သော် ပြုလုပ်ခဲ့သည့်အမှားမှာ စေတနာ အမှားသာ ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုမျိုး၊ လူမှုရေး ကိစ္စမျိုး၊ အာဏာအလွှဲသုံးစားခြင်း မဟုတ်သည့် အတွက် မိမိကိုယ် ကိုကိုယ် ဂုဏ်ယူကြောင်း၊နိုင်ငံ့အကျိုး၊ ပါတီ အကျိုးသာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမျိုးရန် နောင် သိန်းက ဆိုသည်။
“ပါတီဆိုတာ အဖွဲ့အစည်းတခုဖြစ်တယ်။ သူ့စည်းမျဉ်း၊ စည်းကမ်းကတော့ ရှိတာပဲ။ စေတနာအမှား ဖြစ်စေ၊ အမှားက အမှားပဲလို့ ယူဆပုံ ရပါတယ်။ ကျနော့် အနေနဲ့ ကျနော်မှားတယ်လို့ မယူဆဘူး။ ဒါပေမယ့် ပါတီဘက်က အရေးယူတာကို တော့ လက်ခံဖို့ အဆင်သင့်ပါဘဲ” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းအနေဖြင့် ပါတီဝင် ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ၊ နိုင်ငံသားတယောက် အနေဖြင့် ၂၀၂၀ ခုနှစ် တွင် NLD ပါတီ အောင်နိုင်ရေးမှာ အရေးကြီးသဖြင့် ပါတီ အောင်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသို့ ဆောင် ရွက်ရန် အတွက် နေရာ၊ ရာထူး မလိုအပ်ကြောင်း ဆက်ပြောသည်။
ဦးမျိုးရန်နောင်သိန်းက “ကျနော်က ကျနော်လုပ်သင့်လုပ်ထိုက်တာကို လုပ်တယ်လို့ မြင်တယ်။ ပါတီ ကတော့ ပါတီ စည်းမျဉ်း ၊ စည်း ကမ်း မှားလို့ အရေးယူတယ်လို့ မြင်တယ်” ဟုပြောသည်။
ဦးမျိုးရန်နောင်သိန်းကို ဇူလိုင်လ ၂၅ ရက်နေ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲကာလအတွင် ၎င်းအား ပါတီ၏ လုပ်ထုံး လုပ်နည်း ပုဒ်မ (၇/၁)အရ ယာယီရပ်ဆိုင်းခဲ့ပြီး ယနေ့ကျင်းပသည့် CEC အစည်းအဝေးတွင်ပါတီ တာဝန်များမှ တရားဝင် ရပ်စဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း NLD ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် မင်္ဂလာဒုံမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း နှင် ဒဂုံမြို့နယ် ဒေါက်တာသက်သက်ခိုင် တို့ ၂ ဦးကို ပါတီလုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းခဲ့သည်များလည်း ရှိခဲ့သည်။
ဆက်လက်၍ NLD ပါတီမှ တနသာၤရီတိုင်း ဒေသကြီး ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်စိုး၏ ပါတီမှ နှုတ်ထွက်စာ တင်သွင်း ထားခြင်းကိုလည်း ယနေ့ အစည်းအဝေးတွင် လက်ခံအတည်ပြု လိုက်ကြောင်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးအောင်စိုးသည် တနင်္သာရီတိုင်း ဒေသကြီး NLD ပါတီဥက္ကဌ ဖြစ်သလို သရက်ချောင်းမြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ်တဦး လည်းဖြစ်သည်။ ထို့အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ယင်းကိစ္စနှစ်ခုကိုဆုံးဖြတ်ချက်ချခဲ့သည့် အပြင် ပါတီ၏ပုံမှန်လုပ်ဆောင် ချက်များ၊ ပါတီဝင်များ ၏လစဉ်ကြေး ကိစ္စ၊ ပါတီ၏ရန်ပုံငွေခွဲဝေသုံးစွဲမှုကိစ္စ နှင့် သဘာဝပတ်ဝန်း ကျင်သင်တန်းများပေးရန်ကိစ္စ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဒေါက် တာ မျိုးညွှန့်က ဆိုသည်။