နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့ တဲကုန်းရွာတွင် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ် တဦးကို ဆွေမျိုးတော်စပ်သည့် အမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း ပျဉ်းမနား မြို့မ ရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ် ၁၆ ရက်နေ့ ညပိုင်းက တရွာထဲနေ ဦးလေး နှစ်ဝမ်းကွဲ တော်စပ်သူဖြစ်သူ အသက် ၁၉ နှစ် အရွယ် ကျော်ကျော်ဦး ဆိုသူသည် ကလေးငယ်၏ နေအိမ်သို့ လာ၍ ဗီဒီယို ကြည့်ရန် လိုက်ခဲ့ဟု ပြောဆိုကာ ကလေးကို ငလိုက်ချောင်းဘက်သို့ ခေါ်သွားပြီး ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့အမေက ခေါင်းရွက်ရောင်းတဲ့ဈေးသည်၊ အဖေကလည်း မူးနေတာပေါ့။ တရွာတည်းနေတဲ့ ကျော်ကျော်ဦးက ဗီဒီယို ကြည့်ရအောင် ဆိုပြီး လာခေါ်တယ်။ သူ့အဖေကလည်း မူးနေတော့ ထည့်လွှတ်လိုက်တယ်။ သူတို့အိမ်ရဲ့ အနောက်ဖက် ငလိုက်ချောင်းဘေးပေါ့။ အိမ်နဲ့ ကိုက် ၁၀၀ လောက်ပဲ ဝေးမယ်။ ကလေးကို ခေါ်သွားတယ်။ ခေါ်ပြီး သားမယား အဖြစ်ပြုကျင့်တာ” ဟုပျဉ်းမနားမြို့မ ရဲစခန်းမှ ဒုရဲမှူး အောင်နိုင်ဦးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ပြစ်မှု ကျူးလွန်သူ အမျိုးသားမှာ လွယ်အိတ် အနီရောင် လွယ်ထားပြီး၊ ကလေးငယ်အား အဓမ္မ မပြုကျင့်မီ ည ၈ နာရီ အချိန် ကျော်တွင် အခြား အိမ်ထဲ သို့ ဝင်ရောက်ခဲ့ကြောင်း၊ သူစိမ်း ဝင်လာသည်ကို မြင်၍ အိမ်ရှင်အမျိုးသားက သူခိုးဖမ်းရန် သူ၏ ညီအစ်ကိုများကို ဖုန်းဆက် လှမ်း ခေါ်ကာ လူစုခွဲပြီး လိုက်ရှာရာမှ ငလိုက်ချောင်းတွင် ကလေးငယ် ၁ ဦး မိုးရေထဲ ရပ်နေသည်ကို စတင် မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။
သူခိုးဖမ်းရန် အတွက် လိုက်ရှာစဉ်မှာ ချောင်းဘေးတွင် မတ်တပ်ရပ်နေသည့် ကလေးငယ်အား တွေ့သဖြင့် မေးမြန်းရာ ကလေးငယ်က အဖေ၊ အမေ နာမည် ပြောပြ၍ သူ၏ ဦးလေးအိမ်တွင် အပ်ခဲ့ပြီး လွယ်အိတ် အနီနှင့်သူကို ဆက်ပြီး ရှာဖွေရာမှ ရွာထဲတွင် တွေ့သဖြင့် ကလေးကို ပြန်ခေါ်ခဲ့ကာ ထိုသူကို ပြခဲ့ကြောင်း အမှတ် ၁ ရဲစခန်းမှ စစ်ဆေးချက်များအရ သိရသည်။
“သူ့ကို မြင်တော့ သူပဲ၊ သူပဲ ပြောတဲ့ အခါကျတော့ ဒီကောင်က ခြောက်လှန့်တဲ့ပုံစံနဲ့ မျက်လုံး ပြူုးကြည့်လိုက်တာ။ ကလေးရဲ့ မိန်းမကိုယ်ကနေ သွေးတွေ ထွက်နေတာ မြင်တော့ သားမယား ပြုကျင့်ခံရတယ်ဆိုတာ သိသွားတာ” ဟု ဖြစ်စဉ် အသေးစိတ်ကို ဒုရဲမှူး အောင်နိုင်ဦးက ရှင်းပြသည်။
ထိုသို့ ကလေးကို ခြောက်လှန့်လိုက်သည့် အတွက် ကလေးငယ်မှ ကြောက်လန့်၍ စကားတခွန်းမှ မပြောတော့ကြောင်း၊ ည ၁၀ နာရီ အချိန်ကျော်တွင် စခန်းသို့ ကျူးလွန်သည့် တရားခံ၊ ပြုကျင့်ခံရသည့် ကလေးငယ် နှင့် မိဘများ ၊ အုပ်ချုပ်ရေးမှူးများ ရောက်လာပြီး အမှုဖွင့်ကာ ကုတင် ၁၀၀၀ ပြည့်သူ့ ဆေးရုံသို့ သွားရောက်ပြီး ကလေးနှင့် ကျူးလွန်သူ ၂ ယောက်စလုံးကို ဆေးစစ်ချက်ယူခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကလေးငယ်မှာ နေပြည်တော် ကုတင် ၁၀၀၀ မှ နေပြည်တော် ဥတ္တရသီရိ မြို့နယ်၊ သားဖွား၊ မီးယပ် ဆေးရုံတွင် ဆေးကုသမှု ခံလျက် ရှိကြောင်း သိရသည်။
အဓမ္မပြုကျင့်ခံရသည့် ကလေးငယ်၏ ဆွေးမျိုးတော်စပ်သူ အမျိုးသမီးတဦးက “ကလေးကို ဒီနေ့ ခွဲစိတ်မှု လုပ်ပါတယ်။ ကလေးကတော့ အခြေအနေ ကောင်းလာပါပြီ” ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
ကျူးလွန်ခံရသူ ကလေးငယ်၏ မိဘများမှာ ပျဉ်းမနားမြို့ ဒေသခံများ ဖြစ်ကြပြီး ကလေးတွင် မွေးချင်း ၆ ယောက် ရှိပြီး ခံရသူ ကလေးမှာ ၅ ယောက်မြောက် ဖြစ်သည်။
ပြစ်မှု ကျူးလွန်သူ အမျိုးသားအား ပျဉ်းမနား မြို့မ ရဲစခန်းတွင် ဖမ်းဆီးထားပြီး ၎င်းကို ပြစ်မှု ပုဒ်မ (ပ) ၅၂၆/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ / ၃၇၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံရှိ ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် တနေရာထဲတွင် ဝန်ဆောင်မှု ရရှိနိုင်သော ဌာန ( One Stop Crisis Center ( OSCC) For Gender Based Violence ) ကို ယခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ပြီး ရုပ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ ဖြစ်စေ၊ နှုတ်စကားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ အကြမ်းဖက် နှိပ်စက်ခံ နေရသူများ အတွက် တနေရာထဲတွင် ကူညီ ဖြေရှင်းပေးနိုင်သော စင်တာဖွင့်လှစ်ပြီး ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ငယ်မုဒိမ်း ကျူးလွန်သူများကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ကို အတည်ပြု ပြဌာန်းလိုက်ပြီး ဖြစ်သည့်အတွက် အသက် ၁၂ အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိမ်းမှု ကျူးလွန်သူများ အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက်ကျခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှု ရာခိုင်နှုန်းမှာ ၂၀၁၆ ခုနှစ်တွင် ၆၁ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလအထိ ၆၈ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ရာ နှစ်အလိုက် မုဒိမ်းမှု ဖြစ်ပွားမှု အရေအတွက် များပြားလာရာ သက်ငယ် မုဒိမ်းမှု ဖြစ်ပွားမှုမှာ မြင့်မားလာကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်သူက ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းက ကျင်းပသည့် ပြည်သူ့ လွှတ်တော်တွင် ပြောကြားဖူးသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ သက်ငယ်မုဒိမ်း ဖြစ်ပွားမှုတွင် ကျူးလွန်ခံရသူများအနက် ၂ နှစ်မှ ၅ နှစ် အကြား ကလေး သူငယ်များပင် ပါရှိပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်ကြား ကလေးသူငယ်များတွင် အများဆုံး ကျူးလွန်ခံရကြောင်းနှင့် ကျူးလွန်သူ အများစုမှာ အသက် ၁၉ နှစ်မှ အသက် ၅၀ နှစ်ကြား အများဆုံး ဖြစ်ကြောင်း၊ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များပင်လျှင် ကျူးလွန်မှု ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့်လည်း သက်ငယ် မုဒိမ်းမှုများအား စုံစမ်း စစ်ဆေးပြီး တရားရုံးများသို့ တရားစွဲဆို တင်ပို့ခဲ့ရာ ၂၀၁၆ ခုနှစ် တွင် ၉၆.၇၂ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ် ၉၇.၉၉ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလမှ ဧပြီလအထိ ၆၇.၁၇ ရာခိုင်နှုန်း တရားစွဲ တင်နိုင်ခဲ့ကြောင်း၊ သက်ငယ် မုဒိမ်းမှု ကျူးလွန်သူများအား ၂၀၁၆ ခုနှစ်တွင် ထောင်ဒဏ် ၂၀ နှစ်အထက် ၁၈ ဦး အမိန့်ချမှတ်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၂၅ ဦးအထိ အမိန့်ချမှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် သေဒဏ်တဦး ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
လိင်ကိစ္စကို ရှက်စရာ၊ ရွံ့စရာ၊ အကုသိုလ်လို့ ဆိုပေမယ့် လူ့သဘာဝအရ ဒါတွေရှိနေမှာပဲ
ကိုကို နဲ့ ညီညီလုပ်သည်ဟု ဗစ်တိုးရီးယားပြော