သတင်း

အသစ်ခန့် ဒုဝန်ကြီး အသက်အငယ်ဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့ဘဏ် စီးပွားရေးပညာရှင်နှင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ပညာရှင် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် သမ္မတရုံးက ကြာသပတေးနေ့တွင် ခန့်အပ်လိုက်သည်။

သူ၏ တာဝန်ဝတ္တရားများတွင် နိုင်ငံပိုင်လုပ်ငန်းများနှင့် စီးပွားရေးအရ တွက်ခြေကိုက်စေရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို မြင့်တင်ရေးလည်း ပါဝင်သည်။

အမေရိကန် တက္ကသိုလ်တခုမှ ပါရဂူဘွဲ့ ရရှိခဲ့သည့် အသက် ၄၁ နှစ်ရှိပြီဖြစ်သော ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရတွင် အသက်အငယ်ဆုံး ဝန်ကြီးဖြစ်လာသည်။

NLD အစိုးရ၏ အဖွဲ့ဝင် အများစုတွင် အသက်အကြီးဆုံး ၈၀ ရှိသူ အပါအဝင် အသက် ၇၀ ကျော်သူများ ပါဝင်နေသောကြောင့် ဆံဖြူ အစိုးရအဖွဲ့အဖြစ် လှောင်ပြောင် ခေါ်ဝေါ်ခံနေရသည်။

လုပ်ငန်း စွမ်းဆောင်မှုဆိုင်ရာ ပြဿနာများကြောင့် စက်မှုဝန်ကြီး ဦးခင်မောင်ချို ရာထူးမှ နုတ်ထွက် ပြီးနောက် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းကို စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်စေရန် သမ္မတရုံးက ဇူလိုင်လ နှောင်းပိုင်းတွင် ခန့်အပ်ခဲ့သည်။

ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေးဆိုင်ရာ အတိုင်ပင်ခံ လုပ်ငန်း ဖြစ်သော မြန်မာဖွံ့ဖြိုးတိုးတက်ရေးသိပ္ပံ (MDI) တွင် အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေပြီး စီးပွားရေးနှင့် သုတေသနဆိုင်ရာ လေ့လာမှု အများအပြား ပြုလုပ်ခဲ့သည်။ MDI သည် အစိုးရကို နည်းပညာနှင့် ညှိနှိုင်း ဆွေးနွေးမှု အကူအညီများ ပေးနေပြီး ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများ အကောင်အထည် ဖော်ရာတွင် ပညာပေးခြင်းနှင့် စွမ်းရည် တည်ဆောက်ပေးခြင်း များကိုလည်း ဆောင်ရွက်နေသည်။

ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရ၏ တိုးတက်မှု အကူအညီ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်လည်း ဖြစ်သည်။ ထိုအဖွဲ့တွင် ဝါရင့် ဒုတိယဝန်ကြီး အများအပြားပါဝင်ပြီး အဓိက တာဝန်မှာ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများကို နိုင်ငံအတွင်း ဖြန့်ဝေရာတွင် ထိရောက်မှုနှင့် ညှိနှိုင်းမှုကို ပိုမို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရေးနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး အများဆုံး ဖြစ်စေရန်ု လုပ်ဆောင်ရေး ဖြစ်သည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေး အတိုင်ပင်ခံဖြစ်သော ရှောင်တန်နဲလ်သည် ဒေါက်တာ မင်းရဲပိုင်ဟိန်းကို လူပုဂ္ဂိုလ်အရ ခင်မင်ရင်းနှီးပြီး သူ့ကို ထိုရာထူးတွင် ခန့်အပ်ခြင်းသည် “ပထမတန်းစား ဆုံးဖြတ်ချက်” ဖြစ်ကြောင်း ဖော်ပြသည်။

“ကိုမင်းဟာ ဘယ်နေရာမှာမဆို ကျနော်ကြုံဖူးတဲ့ ထိုးထွင်း သိမြင်မှု အမြင့်မားဆုံး စီးပွားရေးပညာရှင် တွေထဲက တယောက်ပဲ။ အရမ်းကို အရည်အချင်း ပြည့်ဝတယ်။ အံ့သြစရာ ကောင်းလောက်အောင် လေ့လာ ဖတ်ရှုပြီး အတွေ့အကြုံ မြင့်မားတယ်” ဟု ရှောင်တန်နဲလ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

သူသည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးဇာတိ ဖြစ်ပြီး နယူးယောက်ပြည်နယ် ကွန်နဲ တက္ကသိုလ်မှ ဘွဲ့ရပြီးနောက်  လူမှုသိပ္ပံနှင့် နိုင်ငံရေး ဘောဂဗေဒ ပါရဂူဘွဲ့ကို ဝင်ကွန်ဆင် တက္ကသိုလ်မှ ရရှိခဲ့သည်။ သူ၏ တရားဝင် ကိုယ်ရေးအချက်အလက် များတွင် သူသည် တရုတ် (မန်ဒရင်း) ဘာသာာစကားကို ကောင်းစွာ ပြောဆိုနိုင်ကြောင်း ဖော်ပြထားသည်။

ဒေါက်မင်းရဲပိုင်ဟိန်းသည် ဝါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု ကန်ထရိုက် လုပ်ငန်းအတွက် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ရန်ကုန်အခြေစိုက် လူမှုလုပ်ငန်းများတွင်လည်း ပါဝင်ခဲ့သည်။ သူသည် ရန်ကုန် စီးပွားရေးတက္ကသိုလ်တွင် တွဲဖက် ကထိကအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

Alternative Development Inc. နှင့် International Development Enterprises တို့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း အများအပြားတွင်လည်း အလွတ်တန်း အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ဖူးသည်။

သူသည် မြန်မာနိုင်ငံရှိ စီးပွားရေး အတိုင်ပင်ခံ ပညာရှင်များ အကြားတွင် ကျော်ကြားသည်။ လူမှုကွန်ရက်တွင် ဖော်ပြသည့် ဓာတ်ပုံများတွင် ပြည်တွင်းပြည်ပမှ ကျော်ကြားသည့် စီးပွားရေး ပညာရှင်များနှင့်အတူ သူ့ကို ပြည်တွင်း ပြည်ပ စီးပွားရေးဆိုင်ရာ အခမ်းအနားများတွင် တွေ့မြင်ရသည်။

ဒေါက်တာ မင်းရဲပိုင်ဟိန်းသည် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်ဖြစ် တရုတ်နိုင်ငံ ကူမင်းတွင် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် (CMEC) ဆွေးနွေးပွဲသို့လည်း တက်ရောက်ခဲ့သည်။ CMEC သည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) အရ မြန်မာနိုင်ငံတွင် တည်ဆောက်မည့် အခြေခံ အဆောက်အအုံ စီမံကိန်း၏ အစိတ်အပိုင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ တိရစ္ဆာန်မွေးမြူရေး၊ သစ်တော၊ သတ္ထုတူးဖေါ်ရေး၊ ကျောက်ဖြူ အထူး စီးပွားရေးဇုန်၊ ခရီးသွားလုပ်ငန်း၊ ရထားလမ်းများ၊ နှစ်နိုင်ငံ ပူးပေါင်ဆောင်ရွက်မှု၊ CMEC နှင့် ပတ်သက်သော စီမံကိန်းများ၊ မြန်မာနိုင်ငံတွင် တရုတ်ဘဏ်များ ပါဝင်ပတ်သက်မှု၊ ရန်ကုန်မြို့သစ် စီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးကြသည်။

မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ကိုယ်စား ဒေါက်တာမင်းရဲပိုင်ဟိန်းက CMEC မဟာစီမံချက် (၂၀၁၉-၂၀၃၀) မူကြမ်းနှင့် ပဋိပက္ခ ထိခိုက်လွယ်မှု၊ ပထဝီနှင့် အခြားတိုးတက်မှု ဆိုင်ရာ အခက်အခဲများ စသည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့သည်။

ထို မဟာစီမံချက်သည် ပြည်သူလူထု၏ အမြင်နှင့် အာဘော်ကို အလေးထားသည်ဟု သူက ပြောကြောင်း တရုတ် မီဒီယာများက ဖော်ပြကြသည်။

(Nan Lwin ၏ Myanmar Appoints Ex-World Bank Economist Deputy Minister ကို ဘာသာပြန်ဆိုသည်။)

ဆက်စပ်ဖတ်ရှုရန် – မိမိတို့၏ လွတ်လပ်မှုကို မြှင့်တင်ရန် သင်၏ လွတ်လပ်မှုကို အသုံးပြုပါ

မြန်မာ တည်ငြိမ် အေးချမ်းရေး တရုတ် နှင့် ဂျပန် အခန်းကဏ္ဍ

သူရဦးရွှေမန်းရဲ့ နိုင်ငံရေး မျှော်လင့်ချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading